Healthy Life Ad
Health Tips

မုန်လာဥနီကို ဘာကြောင့် စားသင့်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးအတွက် သဘာဝအစားအစာတွေ စားဖို့ပြောတိုင်း မုန်လာဥနီကလည်း တစ်ခုအပါအဝင်ပါ။ မုန်လာဥနီက လူ့ခန္ဓာကိုယ်အတွက် ဘာကြောင့် အရေးပါရသလဲဆိုတာကို တိတိကျကျ သိရှိနားလည်သဘောပေါက်စေဖို့ ရေးသားလိုက်ရပါတယ်။

(၁) အသားအရေ တင်းရင်းလှပစေပါတယ်

မုန်လာဥနီထဲမှာပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်ထုတ်လုပ်အားကောင်းစေပြီး ကော်လာဂျင်ဟာ အသားအရေကို တင်းအားကောင်းစေတဲ့ ပရိုတင်းတစ်မျိူးဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်းမရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ဖြစ်စဉ်ကို လျော့ကျစေပါတယ်။

(၂) အာဟာရဓာတ် ပါဝင်မှုများပါတယ်

မုန်လာဥနီမှာ မရှိမဖြစ်အင်ဇိုင်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1၊ B2၊ B6၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘိုင်အိုတင်၊ ဖော့စ်ဖိုးရပ်စ်၊ ဆိုဒီယမ်၊ ဘိုင်အိုတင်၊ ပိုတက်စီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့လည်း အများအပြားပါဝင်နေပါတယ်။

(၃) နှလုံးရောဂါကို ကာကွယ်ပေးပါတယ်

မုန်လာဥနီကို ပုံမှန်စားသုံးပေးတာက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေတာကြောင့် နှလုံးနဲ့ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်ပါတယ်

မုန်လာဥနီထဲက ကာရိုတင်းနွိုက်ဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။

(၅) သွေးဖိအားကို ထိန်းနိုင်ပါတယ်

မုန်လာဥနီမှာပါတဲ့ Potash succinate ဆိုတဲ့အရာမှာ သွေးတိုးကျစေတဲ့ ဆေးဝါးအာနိသင်ရှိတာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။

(၆) အရေပြားပြဿနာတွေကို လျော့ကျစေပါတယ်

မုန်လာဥနီထဲက ဗီတာမင်အေဟာ အကောင်းဆုံး အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာကြောင့် ဖရီးရယ်ဒီကယ်တွေကြောင့် အိုမင်းတဲ့ဖြစ်စဉ်ကို လျော့ကျစေပါတယ်။ ဖရီးရယ်ဒီကယ်က ခန္ဓာကိုယ်ထဲမှာရှိနေရင် နှင်းခူ၊ အရေပြားရောင်ရမ်းတာ၊ အရေးကြောင်းထင်တာနဲ့ အရေပြားနီမြန်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၇) မျက်စိအားကောင်းစေပါတယ်

မုန်လာဥနီမှာပါတဲ့ကာရိုတင်းဟာ ခန္ဓာကိုယ်ထဲရောက်ချိန်မှာ ဗီတာမင်အေအဖြစ်ပြောင်းသွားပြီး ညဘက်မှာ မမြင်တာမျိုးမဖြစ်အောင် ကာကွယ်ပေးကာ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မက်ကူလာယိုယွင်းပျက်စီးတဲ့အန္တရာယ်ကို လျော့ကျစေပါတယ်။

(၈) ဝမ်းမှန်မှန်သွားစေပါတယ်

မုန်လာဥနီဖျော်ရည်ဟာ ဝမ်းချုပ်တဲ့ဝေဒနာကို သက်သာစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၉) ကင်ဆာကို ကာကွယ်နိုင်ပါတယ်

မုန်လာဥနီတွေထဲမှာပါတဲ့ ဘီတာကယ်ရိုတင်းဟာ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၁၀) ရင်သားကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်

မုန်လာဥနီကို အစိမ်းလိုက်စားတဲ့ အမျိုးသမီးတွေက မစားတဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ငါးဆ-ရှစ်ဆလောက် လျော့နည်းမှုရှိတာကို တွေ့ရပါတယ်။

အထူးသတိပေးချင်တာက-

မုန်လာဥနီကို အများအပြားစားတာက အသားအရေကို ယာယီအရောင်ဝါစေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မုန်လာဥနီကို အလွန်အကျွံ ပမာဏအများကြီး မစားသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top