Healthy Life Ad
Life Style

တစ်ပါးသူအပေါ် ကောင်းခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများ

၊ လရိပ်မေ ၊

ဘဝမှာ ဘယ်လိုအဆင်မပြေမှုမျိုးကိုပဲ ကြုံကြုံ၊ သူတစ်ပါးအပေါ် ကောင်းတဲ့သူတွေက တခြားသူတွေထက် ပိုပြီး ပျော်ရွှင်နေတတ်ပါတယ်။ တစ်ပါးသူကို ကူညီတဲ့အတွက် ကမ္ဘာကြီးကို လှပစေရုံသာမက ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း သိသိသာသာကောင်းမွန်စေတာကို တွေ့ရှိရပါတယ်။

အိမ်နီးနားချင်းအတွက် ဈေးဝယ်ပေးခြင်း
လတ်တလောလေ့လာမှုတစ်ရပ်အရ နေ့တစ်နေ့မှာ ကောင်းတဲ့ အလုပ်သုံးခုကို လုပ်ဆောင်တဲ့သူတွေကို မေးမြန်းကြည့်တဲ့အခါ စိတ်ဓာတ်ကျတဲ့ လက္ခဏာ ၉၄ ရာခိုင်နှုန်းခန့် သိသိသာသာလျော့ပါးမှု ရှိတာကို တွေ့ရှိရပါတယ်။ သူတို့ လုပ်လေ့ရှိတဲ့ ကောင်းမွန်တဲ့ အလုပ်တွေက လူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေပါပဲ။ အိမ်နီးနားချင်းအတွက် ဈေးဝယ်ပေးတာ၊ သူငယ်ချင်းအတွက် ကော်ဖီဖျော်ပေးတာ၊ ကလေးထိန်းပေးတာစတဲ့ ကြင်နာတဲ့ အပြုအမူတွေဖြစ်ပြီး ဒါတွေကို လုပ်ဆောင်လေ့ရှိသူတွေက အကောင်းမြင်အတွေးအခေါ်တွေရှိကြပြီး အဆိုးမြင်တဲ့ အတွေးအခေါ်တွေကို တွန်းလှန်နိုင်စွမ်းရှိတဲ့အတွက် စိတ်ပျော်ရွှင်ကျေနပ်မှုရှိတာကို တွေ့ ရပါတယ်။

လူမှုရေးအလုပ်ကို ရွေးချယ်ခြင်း
ပုံမှန် စေတနာ့ဝန်ထမ်းလုပ်တဲ့အတွက် သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ကော်နီမဲလွန်တက္ကသိုလ် လေ့လာမှုအသစ်တစ်ခုအရသိရပါတယ်။ ဒါ့အပြင် တစ်ပတ်မှာ နှစ် နာရီကြာစေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ဆောင်တဲ့သူတွေအနေနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂၂ ရာ ခိုင်နှုန်းလျော့နည်းမှု ရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ လူမှုရေးအလုပ်တွေကို လုပ်ဆောင်တာကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကြည်နူးမှုကို ရရှိစေတာကြောင့် ဖြစ်ပါတယ်။

သူတစ်ပါးကို နှုတ်ဆက်ခြင်း
တခြားသူတွေ(ဥပမာ သူစိမ်းတွေ ဖြစ်ရင်တောင်)နဲ့ မျက်လုံးချင်းဆုံကြည့်ရမှာတောင် စိုးရွံ့ ရှောင်လွဲနေသူတွေဟာ အထီးကျန်ဝေဒနာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့နည်းတာတို့ကို ခံစားရ တတ်တယ်လို့ ပါဒူးတက္ကသိုလ်လေ့လာသူတွေက ဆိုပါတယ်။ လူဆိုတာ သဘာဝအားဖြင့် ပေါင်းသင်း ဆက်ဆံရေးသတ္တဝါတွေဖြစ်တဲ့အတွက် အခြေခံကျတဲ့ လူသားတွေနဲ့ ထိတွေ့ဆက်သွယ်မှု လိုအပ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အသိအမှတ်ပြုတာကို လက်ခံရရှိတဲ့သူတွေအနေနဲ့ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ကျန်းမာရေး ကောင်းမွန်မှု ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်မိတ်ဆွေသူငယ်ချင်းတွေကို စာတိုမက်ဆေ့ချ်ပို့တာ၊ မိဘထံ ဖုန်းခေါ်တာနဲ့ လမ်းမှာဆုံတဲ့သူတွေကို ပြုံးပြတာတို့ လုပ်ဆောင်ပါ။ သူတို့ဆီက တုံ့ပြန်မေတ္တာကို ရရှိတဲ့ အခါ သင့်အနေနဲ့ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်ရပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top