Healthy Life Ad
Life Style

ဘီယာနဲ့ ဝီစကီ ရောသောက်ချင်တယ် ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ရိုစီက ၉တန်းအထိ အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူဖြစ်ခဲ့တယ်။ ၁၀တန်းမှာတော့ ရိုစီဟာ သူငယ်ချင်းအသစ်တွေပါရလာခဲ့ပြီး ပေါင်းသင်းတဲ့ မိန်းကလေးသူငယ်ချင်းတွေထဲက နှစ်ယောက်က အရက်နဲ့ စီးကရက်သောက်တတ်သလို စိတ်ကြွဆေးကိုပါ သုံးတတ်တယ်။ အဲဒီသူငယ်ချင်းနှစ်ယောက်က အတန်းချိန်နားတိုင်း ဆရာ၊ ဆရာမအလစ်မှာ ဆေးလိပ်ခိုးသောက်ကြတယ်။

“နင်လည်း စမ်းသောက်ကြည့်ပါလား”

ပထမတော့ ရိုစီငြင်းပေမယ့် တစ်ခါ-နှစ်ခါမကဆွယ်တော့ ရိုစီစိတ်ယိုင်လာတယ်။

“ဆရာမသိရင် ဆူလိမ့်မယ်၊ ပြဿနာဖြစ်မှာကြောက်တယ်”ဆိုပြီး အစပိုင်းမှာ ရိုစီစိုးရိမ်နေပေမယ့် “ဆရာမလည်း မသိပါဘူးဟယ်၊ နင်သောက်ကြည့်မလား”ဆိုပြီး အတန်တန်ပြောလာတယ်။ ရိုစီ စိတ်ညစ်တဲ့ရက်တွေမှာ “နင်စိတ်ညစ်ရင် ဆေးလိပ်သောက်ကြည့်လိုက်၊ စိတ်ညစ်တာပြေသွားလိမ့်မယ်”လို့ သူငယ်ချင်းတွေက ပြောလာတဲ့အခါ စမ်းပြီးသောက်ကြည့်လိုက်တယ်။ အဲဒီကစပြီး ရိုစီဟာ အတန်းထဲက သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဆေးလိပ်တွေကို မကြာခဏ ခိုးသောက်ဖြစ်ခဲ့တော့တယ်။

သူငယ်ချင်းနှစ်ယောက်က ‘နင် ငါတို့နဲ့လိုက်ခဲ့. . နင့်ကို ပညာအသစ်တွေ သင်ပေးမယ်’ဆိုပြီး ရိုစီကိုခေါ်တယ်။ အစမ်းစာမေးပွဲဖြေပြီးလို့ ပေါ့ပါးနေတဲ့ ရိုစီက လိုက်သွားတယ်။ အဲဒီနေရာက ဘီယာဆိုင်ဖြစ်နေခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်က ဘီယာခွက်တွေတိုက်လိုက်၊ သောက်လိုက်လုပ်ရင်း ရိုစီကိုပါ သောက်ကြည့်ဆိုပြီး တိုက်တွန်းတယ်။ ရိုစီလည်း စမ်းသောက်ရင်း . . .

ပထမအစမ်းစာမေးပွဲဖြေပြီးတဲ့ရက်မှာ အဲဒီသူငယ်ချင်းနှစ်ယောက်က “နင်ငါတို့နဲ့လိုက်ခဲ့. . နင့်ကို ပညာအသစ်တွေ သင်ပေးမယ်”ဆိုပြီး ရိုစီကိုခေါ်တယ်။ အစမ်းစာမေးပွဲဖြေပြီးလို့ ပေါ့ပါးနေတဲ့ ရိုစီက လိုက်သွားတယ်။ အဲဒီနေရာက ဘီယာဆိုင်ဖြစ်နေခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်က ဘီယာခွက်တွေတိုက်လိုက်၊ သောက်လိုက်လုပ်ရင်း ရိုစီကိုပါသောက်ကြည့်ဆိုပြီး တိုက်တွန်းတယ်။ ရိုစီလည်း စမ်းသောက်ရင်း ဘီယာတစ်ဘူးကုန်ရော . . ခေါင်းထဲမှာ နောက်ကျိကျိ ခံစားလာရတယ်။ အစပိုင်းတော့ “ငါဘီယာမကြိုက်ဘူး၊ ခေါင်းထဲနောက်တောက်တောက်နဲ့”လို့ ရိုစီကဆိုပေမယ့် အဲဒီသူငယ်ချင်းတွေနဲ့တွဲပြီး သွားလာရတာကို ရိုစီပျော်တယ်။ သူတို့လုပ်သလို လိုက်လုပ်ဖြစ်နေခဲ့တယ်။

ဒီလိုနဲ့ စာတော်တဲ့ရိုစီက ၁၀ တန်းစာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာမှမပါဘဲ သာမန်အောင်ရုံပဲ အောင်ခဲ့တယ်။ ၁၀တန်းအောင်ပြီးချိန်မှာ ရိုစီဟာ မိဘတွေကွယ်ရာမှာ လစ်ရင်လစ်သလို၊ ကြုံရင်ကြုံသလို ဆေးလိပ်သောက်တတ်သလို ဘီယာကိုလည်း ခုံခုံမင်မင် သောက်တတ်တဲ့သူ ဖြစ်သွားခဲ့တော့တယ်။ တက္ကသိုလ်တက်တဲ့ ပထမနှစ်မှာလည်း ရိုစီနဲ့ပေါင်းတဲ့ သူငယ်ချင်းတွေက ရိုစီလိုပဲ အရက်၊ ဆေးလိပ်သောက်တတ်တဲ့အပြင် ကွမ်းကိုပါစားတတ်သူတွေ ဖြစ်နေပြန်တယ်။ အစပိုင်းမှာ ကွမ်းကို ဆေးမပါတဲ့ အဆိမ့်လေးတွေ စားခိုင်းတယ်။

“နင်က တစ်ခါမှကွမ်းမစားဘူးလို့ အဆိမ့်ကျွေးတာ၊ ငါတို့ကတော့ ဒီလိုကွမ်းအဆိမ့်မစားဘူး။ ဆေးနဲ့မှစားတာ၊ အဆိမ့်စားတာက အင်မတန်နုတဲ့သူတွေမှ စားတာဟ”လို့ ရိုစီကိုပြောတော့ နောက်ပိုင်းမှာ ရိုစီဟာ သူငယ်ချင်းတွေစားသလို 92၊ Signal စတဲ့ ဆေးတွေပါတဲ့ ကွမ်းယာကို စားလာတော့တယ်။ တဖြည်းဖြည်းနဲ့ ရိုစီဟာ ကွမ်းယာ၊ ဆေးလိပ်ကို ပုံမှန်သုံးစွဲလာတဲ့အပြင် ဘီယာကိုလည်း ကြုံရင်ကြုံသလို သောက်တတ်တဲ့အဆင့် ဖြစ်လာတော့တယ်။

တက္ကသိုလ် တတိယနှစ်ကျောင်းပြီးချိန်မှာ ရိုစီဟာ ဘီယာသုံး-လေးဘူးကို မမူးတမ်းသောက်နိုင်တဲ့အဆင့် ဖြစ်လာတော့တယ်။

ဘွဲ့ရပြီးချိန် ကုမ္ပဏီတစ်ခုမှာ ရိုစီက အလုပ်ဝင်တော့လည်း အလုပ်ဆင်းတာနဲ့ ဘီယာဆိုင်ဝင်ထိုင်ပြီး သောက်တဲ့အကျင့် ဖြစ်လာခဲ့တယ်။ အလုပ်ထဲက မိတ်ဆွေတွေနဲ့အတူ ဘီယာဆိုင်ထိုင်ရင် တစ်ခါသောက် ၁၀ ဘူးအဆင့်အထိ ဖြစ်လာတော့တယ်။ အဲဒီအဆင့်ရောက်တော့ ရိုစီက ဘီယာမသောက်ဘဲ နေကြည့်လိုက်တယ်။ အဲဒီအခါ ခြေထောက်ကို လူတစ်ယောက်က လာဆွဲတာ၊ လက်ကို လာဆွဲတာတွေ ခံရတယ်။ အဲဒီလို လာဆွဲတာမခံရအောင် ဘီယာပြန်သောက်ရတယ်။ ဘီယာသောက်မှသာ လက်နဲ့ ခြေထောက်ဆွဲတာကို မခံရတော့ဘူး။ အဲဒီလို ပြန်သောက်ရင်း၊ သောက်ရင်းနဲ့ ဘီယာကို တစ်ခါသောက် ၁၀ ဘူးအထက်သောက်မှ နေသာထိုင်သာရှိလာပြန်တော့တယ်။

ဘီယာသောက်ဖော် သူငယ်ချင်းတွေက “နင် ဘီယာ ၁၀ဘူးကျော်သောက်တာက များလွန်းတယ်၊ ငါတို့ ဘီယာချည်းမဟုတ်ဘဲ ဝီစကီလေး ဘာလေး ရောသောက်ရအောင်”ဆိုတော့ ရိုစီလည်း ခြေထောက်နဲ့ လက်အဆွဲခံရတာ သက်သာအောင် ဘီယာနဲ့ဝီစကီရောပြီး သောက်ကြည့်ပြန်တယ်။ အဲဒီအချိန်မှာ ရိုစီကိုကြည့်ပြီး မိဘတွေက ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ မိဘတွေက အရက်မသောက်ရဘူး၊ ဘီယာမသောက်ရဘူးဆိုပြီး ချုပ်ခြယ်လာတဲ့အခါမှာ ရိုစီဟာ ဘယ်လိုမှမနေနိုင်တော့ဘဲ စိတ်ဆိုးပြီး အိမ်ကနေထွက်ပြေးပါတယ်။

သူငယ်ချင်းတစ်ယောက်နဲ့အတူ ဘီယာဆိုင်ထိုင်ပြီး ဘီယာထဲ ဝီစကီရောသောက်ပါတယ်။ မူးလာမှအိမ်ပြန်လာပြီး အိပ်တဲ့အခါ မိဘတွေက “ဒီအတိုင်းထားလို့ ဘယ်နည်းနဲ့မှမဖြစ်တော့ဘူး၊ သမီးမိန်းကလေးမွေးထားပြီးတော့ အရက်သောက်ရတယ်လို့ . . . မိုးလင်းမိုးချုပ် အရက်သောက်နေပြီး ကုမ္ပဏီကိုမသွားဘဲ ပျက်ကွက်နေတာလည်းကြာပြီ၊ ကုမ္ပဏီကလည်း နေမကောင်းလို့လားဆိုပြီး လှမ်းမေးနေတာကြာပြီ။ ဆေးရုံခေါ်သွားမှဖြစ်တော့မယ်”ဆိုပြီး ဆေးရုံကို ဇွတ်အတင်းခေါ်လာပါတော့တယ်။

ဆေးရုံရောက်တော့ “သမီးအခြေအနေ ဘယ်လိုလဲ”လို့ မေးတဲ့အခါ-

“သမီးက ဘီယာသောက်ချင်ပါတယ် ဆရာ၊ ဘီယာမှ ရိုးရိုးမဟုတ်ဘူး၊ ဝီစကီ တစ်ပက်-နှစ်ပက်လောက်ရောပြီး သောက်ချင်နေတာ”လို့ ပြန်ဖြေပါတယ်။ မိဘတွေက “အဲဒါသာကြည့်ပါတော့ ဆရာရယ်၊ ဘီယာတင်မကဘူး၊ ဆေးလိပ်နဲ့ ကွမ်းကလည်းစွဲနေတယ် . . အဲဒါတွေကိုဖြတ်နိုင်ဖို့ လိုအပ်သလိုကုပေးပါဆရာ”လို့ တောင်းဆိုလာတာနဲ့ ဆေးရုံတင်ပြီး ရိုစီစွဲလမ်းနေတဲ့ အရက်၊ ကွမ်းနဲ့ ဆေးလိပ်ပြတ်ဖို့လိုအပ်တဲ့ ကုသမှုတွေ ပေးနေရပါတော့တယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top