Healthy Life Ad
Life Style

အမျက်ဒေါသနှင့် စိတ်ဝေဒနာ. . . (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မလေးရှားနိုင်ငံ၊ အမျိုးသားတက္ကသိုလ် ဆေးသိပ္ပံကျောင်းရဲ့ မူဝါဒတစ်ခုကတော့ စိတ်ကျန်းမာ ရေးဆေးပညာကို မသင်မနေရ အဓိက ဘာသာရပ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီလို သင်ယူဖို့ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေကို အုပ်စုလိုက် စိတ်ကျန်းမာရေး ဆေးပညာဌာနမှာ တာဝန်ချ ထားပေးတယ်။ ရက်သတ္တပတ် ခြောက်ပတ်လုံး ကျောင်းသား ၂၅ ယောက်ခန့်ကို အချိန်ပြည့်တွဲဖက် ပေးထားတယ်။ ကထိကတစ်ဦးက ဆေးကျောင်းသား ၅ယောက်-၆ယောက်ခန့်ကို တာဝန်ယူသင်ကြားပေး ရတယ်။ အဲဒီအချိန်က စာရေးသူရဲ့ လက်အောက်မှာ ဆေးကျောင်းသား ခြောက်ယောက်ရှိတယ်။ အ တွင်းလူနာနဲ့ အပြင်လူနာတွေကို စာရေးသူ စစ်ဆေးကြည့်ရှုရင် သူတို့က နောက်က တစ်ကောက်ကောက် လိုက်ပါပြီး စာတွေ့၊ လက်တွေ့လေ့လာကြပါတယ်။

သတ်မှတ်ထားတဲ့အချိန်မှာ အုပ်စုလိုက်ဆွေး နွေးပွဲလည်း ရှိတယ်။ ဒီနေ့ “စိတ်လှုပ်ရှားတုန့်ပြန်ခြင်း”( Emotion)နဲ့ “စိတ်ခံစားမှုအခြေအနေ” (Mood)အကြောင်းကို ဆွေးနွေးကြပါတယ်။

ဆေးကျောင်းသားတစ်ဦးက မေးမြန်းတယ်။
“စိတ်လှုပ်ရှားတုန့်ပြန်ခြင်း”နဲ့ “စိတ်ခံစားမှု အခြေအနေ” ခြားနားတာကို နားမရှင်းဘူး ဆရာ။ အားလုံး စိတ်ခံစားမှုကို ပြောတာပဲ မဟုတ်ဘူးလား”
“စိတ်ခံစားမှုကို ဖော်ပြတာတော့ တူညီတယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေးဆေးပညာမှာ ခွဲခြားဖော်ပြပါတယ်။ စိတ်ခံစားတုန့်ပြန်မှုက အခြေအနေတစ်ခုခု၊ အဖြစ်အပျက်တစ်ခုခုကို တုန့်ပြန်တဲ့အခါ ပေါ်ပေါက်လာတဲ့ စိတ်ခံစားမှုကိုဖော်ပြတာပါ။ ဒါကြောင့် စိတ်လှုပ်ရှားတုန့်ပြန်မှုဖြစ်ပေါ်ဖို့၊ မိမိအတွေးထဲမှာ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် လှုံ့ဆော်မှုတစ်ခုခုရှိဖို့ လိုတယ်။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုက ကြာကြာမခံဘူး။ အချိန်အနည်းငယ်အတွင်း အရှိန်ကျသွား တတ်ပါတယ်။ “စိတ်ခံစားမှုအခြေအနေ”က လုံ လောက်တဲ့အကြောင်းရင်းမရှိဘဲ တအုံနွေးနွေးခံ စားနေရတဲ့ စိတ်ခံစားမှုဖြစ်ပါတယ်။ တာရှည်ခံစား နေရတဲ့ စိတ်အခြေအနေဖြစ်တယ်။
ဓာတ်ဆီလောင်းလိုက်လို့ထတောက်လာတဲ့ မီးညွန့်က “စိတ်လှုပ်ရှားတုန့်ပြန်မှု”နဲ့ တူတယ်။ ပြာဖုံးနေတဲ့ မီးသွေးမီးကိုတော့ “စိတ်ခံစားမှုအခြေအနေ” လို့ ပြောလို့ ရပါတယ်”

ဒေါသစိတ်ဆိုတာ အန္တရာယ်တစ်ခုခုကို တုန့်ပြန်တဲ့ စိတ်ခံစားမှုဖြစ်တယ်။ စိတ်ထဲမှာဖြစ်ဖြစ် ခန္ဓာ ကိုယ်မှာဖြစ်ဖြစ် ‘နာကျင်ခြင်း’ကို ခံစားရရင် တုန့်ပြန်တဲ့ စိတ်ခံစားမှုဖြစ်တယ်။ စိတ်ရောဂါတစ်ခုခု ခံစားနေရသူရဲ့စိတ်ထဲမှာ အန္တရာယ်တွေကို မြင်ယောင်နေတာရှိမယ်။ စိတ်ထဲမှာ အခံရခက်အောင် နာကျင်နေတာလည်း ရှိနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဝေဒနာကို ဒေါသနဲ့ ပြန်လည်တုန့်ပြန်နေတတ် ပါတယ်. . .

“စိတ်လှုပ်ရှားတုန့်ပြန်မှုနဲ့ စိတ်ခံစားမှုအခြေ အနေအမျိုးပေါင်း ဘယ်လောက်ရှိသလဲ ဆရာ”
“ပြည်သူလူထုထဲမှာ ပြောဆို သုံးစွဲနေတဲ့ ဝေါဟာရကို လေ့လာကြည့်ရင် စိတ်ခံစားမှုအမျိုးမျိုးရှိတာကို တွေ့ရမယ်။ စိတ်လှုပ်ရှားတုန့်ပြန်မှုနဲ့ စိတ်ခံစားမှုအခြေအနေကို ဖော်ပြတဲ့ အသုံးအနှုန်း ၁၃၀ ကျော်ရှိတယ်လို့ အင်္ဂလိပ်ဘာသာစကားကို လေ့လာသူတစ်ဦးက ပြောဖူးတယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေး ဆေးပညာမှာတော့ စိုးရိမ်စိတ်၊ ကြောက်စိတ်၊ ပျော်ရွှင်စိတ်၊ ညစ်ညူးစိတ်နဲ့ ဒေါသစိတ် ချို့ယွင်းတဲ့ ရောဂါတွေကို ဦးစားပေးလေ့လာပါတယ်။ မနာလိုဝန်တိုစိတ် (Jealousy)လွန်ကဲတာကို စိတ်ရောဂါ တစ်မျိုးအဖြစ်သတ်မှတ်ထားတာလည်း ရှိပါတယ်”

“ကျွန်မ ဖတ်နေတဲ့ စိတ်ကျန်းမာရေးဆေး ပညာမှတ်စုစာအုပ်ထဲမှာ စိုးရိမ်သောကလွန်ကဲရောဂါ၊ ကြောက်စိတ်လွန်ကဲရောဂါ၊ ပျော်ရွှင်မြူးကြွမှုလွန်ကဲရောဂါနဲ့ စိတ်ကျရောဂါအကြောင်း တွေ့ရပါတယ်။ ဒေါသလွန်ကဲရောဂါဆိုတာ မတွေ့ရဘူး။ ဒေါသလွန်ကဲတာကို ရောဂါတစ်ခုလို့ သတ်မှတ်ထားတာရှိသ လားဆရာ”
“ရှိပါတယ်။ “ပြတ်တောင်း ပြတ်တောင်း အမျက်ဒေါသလွန်ကဲရောဂါ(Intermittent Explo­sive Disorder)လို့ ခေါ်ပါတယ်။ အရွယ်ရောက်သူ တစ်ရာမှာ ၅ ယောက်က ၇ ယောက်အထိ ဖြစ်ပွားနှုန်းရှိပါတယ်။ ဒါပေမဲ့ လူထုထဲမှာ ဒီဝေဒနာကို ရောဂါလို့ မယူဆကြဘူး။ ဒေါသကြီးတတ်သူလို့ပဲ ယူဆပြီး ကုသမှုခံယူဖို့ မကြိုးစားကြပါဘူး။ ဆေးပညာ စာအုပ်တွေမှာလည်း အကျယ်တဝင့် မရေးသားကြဘူး။

နောက်တစ်ချက်ရှိသေးတယ်။ ဒေါသကြီးတဲ့ လူကိုဘေးပတ်ဝန်းကျင်က သနားကြင်နာမှာမဟုတ်ဘူး။ ဆွေမျိုးသားချင်းတွေက ဆေးကုသခံယူဖို့ ဖျောင်းဖျမှာမဟုတ်ဘူး။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ “ပြတ်တောင်း ပြတ်တောင်း ဒေါသလွန်ကဲ ရောဂါ”ရှိသူကို သိပ်ပြီး တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ အမျက်ဒေါသဟာ ဟင်းခတ်ငပိနဲ့ တူတယ်။ ဟင်းအိုးတိုင်းထဲမှာ ငပိပါပေမယ့် ငပိချက်ဟင်းသက် သက်ကတော့ ရှားသလိုပဲ။ စိတ်ရောဂါတိုင်းလိုလိုမှာ အမျက်ဒေါသကြီးတဲ့ လက္ခဏာတွေကို တွေ့ရှိရတယ်”

“ဘာကြောင့်လဲ ဆရာ”
“ဒေါသစိတ်ဆိုတာ အန္တရာယ်တစ်ခုခုကို တုန့် ပြန်တဲ့ စိတ်ခံစားမှုဖြစ်တယ်။ စိတ်ထဲမှာဖြစ်ဖြစ် ခန္ဓာ ကိုယ်မှာဖြစ်ဖြစ် “နာကျင်ခြင်း”ကို ခံစားရရင် တုန့်ပြန်တဲ့ စိတ်ခံစားမှုဖြစ်တယ်။ စိတ်ရောဂါတစ်ခုခု ခံ စားနေရသူရဲ့စိတ်ထဲမှာအန္တရာယ်တွေကို မြင်ယောင်နေတာရှိမယ်။ စိတ်ထဲမှာ အခံရခက်အောင် နာကျင် နေတာလည်း ရှိနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဝေဒနာကို ဒေါသနဲ့ ပြန်လည်တုန့်ပြန်နေတတ်ပါတယ်”

“ဒေါသကြီးတဲ့ လက္ခဏာကို ဘယ်စိတ်ရောဂါ တွေမှာတွေ့ရှိရသလဲ ဆရာ”
_ _ _

“အမျက်ဒေါသကြီးမားတဲ့ လက္ခဏာ ပူးတွဲပါ ရှိတဲ့ စိတ်ရောဂါတွေကို ပြောပြမယ်။ ကလေးလူငယ်တွေမှာ ဖြစ်ပွားတဲ့ “ကလန်ကဆန်အာခံရောဂါ” (Oppositional Defiant Disorder)နဲ့ “လမ်းသရဲအပြုအမူရောဂါ”( Conduct Disorder)တွေမှာ ဒေါသစိတ်လွန်ကဲတဲ့ လက္ခဏာကို တွေ့ရှိရတယ်။ လှုပ်ရှားမှုလွန်ကဲ-အာရုံစိုက်မှုချို့ယွင်း(ADHD)ကို ကလေးလူငယ်နဲ့ အရွယ်ရောက်သူတွေမှာ တွေ့ ရှိရတယ်။ အဲဒီရောဂါရဲ့ လက္ခဏာတစ်ခုကတော့ စိတ်တိုလွယ်တာ၊ စိတ်ဆိုးလွယ်တာ ဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ စိတ်<ကရောဂါ၊ စိုးရိမ်သောကလွန်ကဲ ရောဂါနဲ့ ဘေးဒုက္ခကြောင့် စိတ်ဖိစီးမှုဝေဒနာ (PTSD)ရှိသူတွေမှာလည်း ဒေါသစိတ်က တွဲဖက် ပါရှိနေတတ်တယ်။ စိတ္တဇရောဂါ (Psychosis) ရှိရင် အမျက်ဒေါသကြီးပြီး အကြမ်းဖက်တတ်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးချို့ယွင်းဝေဒနာရှိသူတွေမှာလည်း ဒေါသကြီးတာကို တွေ့ရမယ်။ ဥပမာ လူမှု ဆန့်ကျင်ကိုယ်ရည်ကိုယ်သွေးချို့ယွင်းသူ (Anti-social Personality Disorder)ဟာ သူတစ်ပါးကို အကြမ်းဖက်ဖို့ ဝန်မလေးဘူး။ စိတ်လှုပ်ရှားမှုလွန်ကဲ လွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူ (Borderline Personality Disorder)ဟာ စိတ်မကျေနပ်ရင် အမျက်ဒေါသထွက် အကြမ်းဖက်တတ်တယ်။ မနာလိုစိတ်၊ သံသယစိတ်လွန်ကဲတဲ့ ကိုယ်ရည်ကိုယ်သွေး (Paranoid Personality Disorder) ရှိရင် လူတွေ အပေါ်မှာ ရန်ငြိုးထားတတ်တယ်။ အကြမ်းဖက် တိုက်ခိုက်မယ်၊ ဦးနှောက်ဒဏ်ရာရပြီးရင် ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲလာတတ်တယ်၊ စိတ်လှုပ်ရှား လွယ်လာမယ်၊ ဆင်ခြင်စဉ်းစားမှု နည်းပါးပြီး တဇွတ်ထိုးပြုမူလာမယ်၊ ဒေါသပေါက်ကွဲလွယ်မယ်၊ အကြမ်းဖက်တဲ့ အပြုအမူတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အရက်မူးရင်၊ စိတ်ကြွမူးယစ်ဆေးမူးရင်၊ ကို ကိန်းဆေးမူးရင် အမျက်ဒေါသထွက်ပြီး အကြမ်းဖက် တတ်ပါတယ်။

“ပြတ်တောင်း ပြတ်တောင်း အမျက်ဒေါသလွန်ကဲရောဂါကြောင့် အကြမ်းဖက်ရင် ဆရာ ပြောခဲ့ တဲ့ စိတ်ရောဂါတွေနဲ့ ကွာခြားမှု ရှိသလား”
“ကွာခြားမှုရှိပါတယ်။ ပြတ်တောင်း ပြတ် တောင်း အမျက်ဒေါသလွန်ကဲရောဂါရှိသူဟာ စိတ် တိုတတ်သူသာ မဟုတ်ဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်ရောဂါခံစားနေရသူလည်း မဟုတ်၊ ဒီရောဂါမှာ ထူးခြားတဲ့လက္ခဏာတွေ ရှိပါတယ်”

-ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top