Healthy Life Ad
Life Style

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) Urinary Tract Infection (1)

ဒေါက်တာတင့်ဆွေ

မေး. ကျွန်မ အသက် ၃၇ အိမ်ထောင်ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက လင်ယောကျာ်းပွေရှုပ်လို့ပါလားရှင့် သိပါရစေ။ ကျွန်မဆီးလမ်းကြောင်း ပိုးဝင်ပါတယ်။ ဆီးထဲက သွေးတွေလည်းသွားပါတယ်။ သွေးဖတ်လေးတွေလည်း ပါပါတယ်။ အောင့်လည်း အောင့်ပါတယ်။

ဖြေ. ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ်နဲ့ ဆီးသွားပြွန် တစ်နေရာရာမှာ ရောဂါပိုးဝင်တာခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်းလက္ခဏာများ = ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏ သွားချင်စိတ်ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ ဆီးထဲသွေးလည်း ပါတတ်တယ်။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ = ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင်မယ်။ ဆီးစစ်မှ ပိုး(ပြည်-ဆဲလ်)တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလည်းရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလည်း ဆေးကုရမယ်။

တိတ်တိတ်လေး နောက်ဆက်တွဲဖြစ်စေနိုင်တာတွေရှိတယ်။ ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တစ်ဖက်တည်းဖြစ်ဖြစ်၊ နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။ ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။ အစကတည်းက ကျောက်ကပ်သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။ ရှားရှားပါးပါး ပိုးကသွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ = အူတွေထဲမှာနဲ့ မျိုးပွားလမ်းကြောင်းထဲမှာ ဗက်တီးရီးယားတွေရှိနေကြတယ်။ တကယ်တော့ ဆီးဆိုတာ မကောင်းပေမယ့် ကျန်းမာနေရင် ပိုးတွေရှိမနေပါ။ E. coli ပိုးကနေ ဖြစ်တာများတယ်။ အမှတ်မထင်ရောက်လာတယ်လို့ ပြောရမယ်။ ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေ = (ကလာမိုင်ဒီယား)၊ (ဂနိုရီးယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊

ဖြစ်နိုင်ခြေများသူတွေ = အမျိုးသမီးတွေ၊ လိင်ဆက်ဆံမှုဖြစ်နေသူအမျိုးသမီးတွေ၊ ရေ-အရည် သောက်နည်းသူတွေ၊ ရေစိမ်ပြီး ခဏခဏချိုးသူများ၊ ဆီးသွားချင်ပေမယ့် မသွားသေးဘဲ အောင့်ထားသူများ၊ ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ဆရာဝန်ပြဖို့မလွဲမသွေလိုသူတွေ= ကိုယ်ဝန်ဆောင်၊ အသက်ကြီးသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်ရောဂါရှိထားသူ၊ ခုခံအားမကောင်းသူ။

ရောဂါသေချာအောင်လုပ်ခြင်း = ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား)တွေ ပါနေ-မနေ စစ်မယ်။ ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလည်း ရေတွက်မယ်။ (ဗက်တီးရီးယား) အမျိုးအစားလည်း ခွဲဖို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်ခြင်းနှင့် ဆီးချို = ပိုအဖြစ်များတယ်။ ခုခံအားလည်း နည်းနေတာရယ်၊ သကြားဓာတ်ကြောင့် ပိုးတွေ ပိုပြီးပွားလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။ ဆီးအိမ်သွားအာရုံကြောလည်း သိပ်မကောင်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်။

ယောကျာ်းတွေ ဆီးအောင့်ခြင်း အဖြစ်နည်းတယ်။ ဖြစ်ရင် ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေနိုင်တယ်။ ဥပမာ-ကျောက်ကပ်ကျောက်၊ ဆီးအကျိတ်ကြီးနေခြင်း၊ လိင်ကတစ်ဆင့်ကူးစက်ရောဂါ။ မင်္ဂလာဦးဆီးအောင့်ခြင်း အဖြစ်များတယ်။ လိင်ဆက်ဆံမှုကြောင့် ဗက်တီးရီးယားတွေကို နေရာပြောင်းပို့ပေးသလို ဖြစ်စေတယ်။ တကယ်တော့ မင်္ဂလာဦးမှာသာဖြစ်တာမဟုတ်ပါ။

ယောကျာ်းတွေ ဆီးအောင့်ခြင်း အဖြစ်နည်းတယ်။ ဖြစ်ရင် ကျန်းမာရေးအခြေအနေတစ်ခုခု ရှိနေနိုင်တယ်။ ဥပမာ-ကျောက်ကပ်ကျောက်၊ ဆီးအကျိတ်ကြီးနေခြင်း၊ လိင်ကတစ်ဆင့် ကူးစက်ရောဂါ။ မင်္ဂလာဦးဆီးအောင့်ခြင်း အဖြစ်များတယ်။ လိင်ဆက်ဆံမှုကြောင့် ဗက်တီးရီးယားတွေကို နေရာပြောင်းပို့ပေးသလို ဖြစ်စေတယ်။ တကယ်တော့ မင်္ဂလာဦးမှာသာဖြစ်တာမဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှုစပြုသူတွေလည်း ဖြစ်သလို ကလေးအမေဖြစ်ပြီးမှလည်းဖြစ်တယ်။ ကိုယ်ဝန်တားဖို့သုံးရတဲ့ သားအိမ်ဝအဖုံး သုံးသူတွေလည်း ဖြစ်နိုင်တယ်။

ဆီးလမ်းပိုးဝင်ခြင်းနှင့်ကိုယ်ဝန် = ကျောက်ကပ်အထိ ပိုးဝင်တာဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့် လည်းဖြစ်နိုင်တယ်။ ကြီးလာတဲ့သားအိမ်က ဆီးလမ်းကိုဖိနေလို့ ဆီးကိုအောင့်ထား၊ အောင်းထားသလို ဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်ခြင်းနှင့် သွေးဆုံးခြင်း = သွေးဆုံးချိန်မှာ အီစထိုဂျင်ဟော်မုန်းနည်းလာတယ်။ ဆီးအိမ်နဲ့ ဗဂျိုင်းနားကို ပိုးဝင်လွယ်စေမယ်။ အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကယောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကယောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဖို့မမေ့ရပါ။

ဆေးရုံလူနာ = ရောဂါတစ်ခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက်ဖြစ်နိုင်တယ်။

ကလေးငယ်လေးတွေ = မပြောတတ်လို့ ဒါတွေဖြစ်နေရင်သတိပြုပါ။ ဘာလို့မှန်းမသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့မကောင်းဖြစ်မယ်၊ အစားပျက်မယ်၊ အန်မယ်၊ အမူအယာတစ်မျိုးဖြစ်မယ်။ အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်းပိုးဝင်တယ်။ အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။ တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက်ရှိနေနိုင်တယ်။ ရေအိမ်သွားနည်းသင်ထားပေးပါ။

ဘယ်လိုကုမလဲ = ပဋိဇီဝဆေးနဲ့ ပျောက်တယ်။ ရေ-အရည်များများသောက်ပါ။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ ကျောက်ကပ်ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။ ပြန်ပြန်ဖြစ်နေရင် ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတစ်ကြိမ်သောက်ပါ။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်းပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းကြောင်းရောဂါဆေးများ

Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝရောင်ခြင်း = Erythromycin 250-500 mg QID, Doxycycline 100 mg BD or Azithromycin 500 mg OD

ကျောက်ကပ်ပြွန်ရက်တိုရောင်ခြင်း = Ciprofloxacin 400 mg IVBD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV x 21 days ထိုးဆေး။

Ciprofloxacin 500-750 mg တစ်နေ့ ၂ ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Ofloxacin 200-300-400 mg တစ်နေ့ ၂ကြိမ်၊ ၂၁ရက်၊ ဒါမှမဟုတ် Trimethoprim-Sulpfamethoxazole 160/800 mg တစ်နေ့ ၂ ကြိမ်၊ ၂၁ ရက်။

ရက်တို ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊ Cephalexin 250-500 mg QID Orally x 1-3 days တစ်နေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ် Ciprofloxacin 250-500 mg BD x 1-3 days တစ်နေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ် Nitrofurantoin 100 mg BD-QID PC x 7 days တစ်နေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ် Ofloxacin 200 mg BD x 1-3 days တစ်နေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ တစ်နေ့ ၂ ကြိမ်၊ ၁-၃ လ၊ Trimethoprim-Sulfamethoxazole 160/800 mg stat ၁ ကြိမ်ထဲ။

နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊ = Ciprofloxacin 250-500 mg တစ်နေ့ ၂ ကြိမ်၊ ၁-၃ လ၊ ဒါမှမဟုတ် Ofloxacin 200-400 mg တစ်နေ့ ၂ ကြိမ်၊ ၁-၃ လ၊ တစ်နေ့ ၂ ကြိမ်၊ ၁-၃ လ၊ Trimethoprim-Sulfamethoxazole 160/800 mg တစ်နေ့ ၂ ကြိမ်၊ ၁-၃ လ၊

ဆီးလမ်းပြွန်အဝရောင်ခြင်း = Cefixime 400 mg တစ်ကြိမ်တည်း။ Ciprofloxacin 500 mg တစ်ကြိမ်တည်း။ Ceftriaxone 250 mg IM တစ်ကြိမ်တည်း။

Acute Interstitial Nephritis (Penicillins, Cephalosproins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol and Infections) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ = Methylprednisolone 0.5-1 Gm/ day x 1-4 days or Prednisolone 60 mg/day ၁-၂ ပတ်ပေးပါ။

Acute Glomerulonephritis = စတီးရွိုက် ဆေးအဆများများပေးပါ။

ဘယ်လိုကာကွယ်မလဲ= ရေများများသောက်ပါ၊ လိင်ကိစ္စမတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊ သန့်ရှင်းရေးလုပ်ရာမှာ လက်ကိုရှေ့ကနေ နောက်ဘက်ဆီသာ တစ်လမ်းသွားလုပ်ပါ၊ မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။ ရေချိုးရင် ကြွေကန်ထဲစိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလိုကျနေတဲ့ ရေချိုးနည်းလုပ်ပါ။ ခရင်ဘယ်ရီသီးကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာကောင်းတယ်၊ ဖြစ်နေတာကိုတော့ ပျောက်အောင်မစွမ်းဆောင်နိုင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top