Healthy Life Ad
Life Style

နွေကာလအဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှောခြင်း အကြောင်း လူအများ သိလိုသော အမေးအဖြေများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုလို နွေကာလမှာ အစာအဆိပ်သင့်တာနဲ့အတူ ဝမ်းပျက်ဝမ်းလျှောတာကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ပတ်သက်ပြီး လူ အများသိလိုကြတဲ့ အမေးအဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။

– ဘယ်လိုအခြေအနေကို ဝမ်းပျက်ဝမ်းလျှောတယ်လို့ ခေါ်ပါသလဲ။
ဝမ်းပျော့ပျော့သွားတဲ့အကြိမ်ရေက အချိန် ၂၄နာရီအတွင်းမှာ လေးကြိမ်နဲ့ အထက်ဖြစ်တာကို ဝမ်းပျက်ဝမ်းလျှောတယ်လို့ အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာက ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ရှိပေမယ့်ဖြစ်လာရင်တော့ တော်တော်စိတ်ဖိစီးမှုများ ရတတ်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်မိနစ်ကြာတိုင်း ကလေးခုနစ်ဦးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးနေပါတယ်။ အဓိကအားဖြင့်တော့ ရေနဲ့ အာဟာရဓာတ်ချို့တဲ့တာကြောင့်ပါ။

– ဘာကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ရပါသလဲ
ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယား ပိုး/ဗိုင်းရပ်စ်ပိုးကူးစက်ခံရတာနဲ့ အစာအဆိပ်သင့်တာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဆိုရင် လူတစ်ဦးကနေတစ်ဦးကို ကူးစက်တာကြောင့်အဖြစ်များပါတယ်။ ဒါကြောင့် အိမ်သာတက်ပြီးတဲ့အခါ၊ အစာမစားခင်စတဲ့အချိန်တွေမှာ လက်ကိုဆပ်ပြာနဲ့ရေသုံးပြီး စင်ကြယ်အောင် ဆေး ကြောပေးဖို့အရေးကြီးတာပါ။ အစာအဆိပ်သင့်တာကြောင့် ဝမ်းလျှောတာမျိုးမဖြစ်အောင်တော့ ကိုယ် စားသောက်တဲ့ အစားအသောက်တွေကို သန့်ရှင်းလတ်ဆတ်မှုရှိမှသာ စားသောက်သင့်ပါတယ်။

– ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ရင် ဘယ်လိုလက္ခ ဏာရပ်တွေကို ခံစားရတတ်ပါသလဲ
ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ရင် ရေလိုဝမ်းအရည်တွေမကြာခဏသွားတာ၊ အစာစားချင်စိတ်မရှိတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ဖျားတာ၊ ရေဓာတ်ခန်းခြောက်တာ . . စတဲ့ လက္ခဏာတွေကိုပါခံစားရတတ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာက သုံးပတ်ကျော်တဲ့အထိဖြစ်နေရင် ဒါကို နာတာရှည်ဝမ်းပျက်ဝမ်းလျှောတာလို့ ခေါ်ပါတယ်။

– ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်တဲ့အခါ ဘယ်လိုအခြေအနေတွေက စိုးရိမ်ရပါသလဲ
ဝမ်းထဲသွေးပါတာ၊ ဝမ်းထဲပြည်ပါတာ၊ အန်တာကြောင့် အရည်နဲ့ရေကို ကောင်းကောင်းမသောက်နိုင်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ မူးဝေနေတာ၊ မွေးကင်းစကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ၊ အသက်ကြီးလွန်းတဲ့သူတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ စတဲ့ အခြေအနေတွေဟာ စိုးရိမ်ရတဲ့အခြေအနေတွေပဲ ဖြစ်ပါတယ်။

– ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ရင် အိမ်မှာ ဘယ်လိုကုသသင့်ပါသလဲ

– ပူနွေးတဲ့ စွပ်ပြုတ်ဒါမှမဟုတ် ဆားပါတဲ့ မုန့်ကို စားပေးပါ။

– တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ပါ။

– နွားနို့ပါဝင်တဲ့ အစားအသောက်တွေကို ဝမ်း ပျက်ဝမ်းလျှောပြီး နှစ်ရက်ကြာတဲ့အထိ မစားသောက်ပါနဲ့။

– ဓာတ်ဆားရည်သောက်ပါ။

– ဘယ်အချိန်မှာ ဆေးကုသဖို့ လိုအပ်ပါသလဲ
ဝမ်းပျက်တာက ခရီးသွားလာရင်းဖြစ်တာဆိုရင်၊ အရေးကြီးတဲ့မင်္ဂလာဆောင်၊ မွေးနေ့စတဲ့ အခမ်းအနားတွေမှာ ကိုယ်ကမပါမဖြစ်အရေးပါနေရင်၊ နိုင်ငံရပ်ခြားခရီးလို မဖြစ်မနေသွားရမယ့် အရေးကြီးတဲ့ ခရီးမျိုးသွားစရာရှိနေရင်၊ ဝမ်းပျက်ဝမ်းလျှောတာက အချိန်တစ်ပတ်၊ နှစ်ပတ်ထက်ပိုပြီး ကြာနေရင် ဆေးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။

– ဝမ်းပျက်ဝမ်းလျှောခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ

(၁) လက်ကို မကြာခဏဆေးကြောပါ။ လက်ကို မဆေးရသေးဘဲအစာကို လက်နဲ့ကိုင်တွယ်ပြီး မစားပါနဲ့။

(၂) ကလေးတွေကိုပါးစပ်ထဲဘာပစ္စည်းမှ မထည့်ဖို့ သေချာသွန်သင်ထားပါ။

(၃) ခရီးသွားလာတဲ့အခါမှာ အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာရည်ကို ဆောင်ထားပါ။ လက်ညစ်ပတ်နေတယ်လို့ ထင်တဲ့အခါတိုင်း အဲဒီဆပ်ပြာရည်နဲ့ ဆေးကြောပေးပါ။

(၄) သန့်ရှင်းလတ်ဆတ်ပြီး ပူနွေးတဲ့ အစားအစာတွေကို စားသုံးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top