Healthy Life Ad
Life Style

သေနတ်နဲ့ အပစ်ခံရမှာ ကြောက်တယ် . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ပျော်ရာမှာမနေ၊ တော်ရာမှာနေဆိုတဲ့အတိုင်း ကိုသက်ခိုင်ဟာ မိသားစုနဲ့ခွဲခွာပြီး ရုရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။ အေးမြတဲ့အရပ်ဒေသမှာ ကိုသက်ခိုင်တစ်ယောက် ဗော်ကာအရက်ကို စွဲလန်းစပြုလာခဲ့တယ်။ အစပိုင်းမှာ ဗော်ကာပုလင်းကို နှစ်ပက်လောက် သောက်ခဲ့ပေမယ့် တဖြည်းဖြည်း တစ်ခါသောက်ရင် ပုလင်းတစ်ဝက်လောက် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းကျတော့ တစ်ပုလင်းလောက် သောက်လိုက်ရမှ နေသာထိုင်သာရှိတော့တယ်။ သူအလုပ်လုပ်တာ လေး-ငါးနှစ်လောက်ရှိလာတာနဲ့ အရက်သောက်တာကလည်း လေး-ငါးနှစ်လောက်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ကိုသက်ခိုင်တစ်ယောက် မိသားစုနဲ့ပြန်ဆုံဆည်းဖို့ မြန်မာနိုင်ငံကို အပြီးပြန်လာခဲ့တော့တယ်။

ကိုသက်ခိုင် မြန်မာနိုင်ငံကို ရောက်ရောက်ချင်းမှာပဲ လေဆိပ်မှာ ရှေ့နေဦးကိုနီကိုသေနတ်နဲ့တေ့ပြီး အပစ်ခံရတဲ့သတင်းကို တုန်လှုပ်ခြောက် ခြားဖွယ်ကြားလိုက်ရတယ်။ အဲဒီသတင်းကို သိချင်စိတ်နဲ့ ဖေ့စ်ဘွတ်ခ်သတင်းတွေလိုက်ပြီး ရှာဖတ်တယ်။ ဖတ်ရင်းဖတ်ရင်း ကိုသက်ခိုင်စိတ်ထဲမှာ . . .

ကိုသက်ခိုင် မြန်မာနိုင်ငံကို ရောက်ရောက်ချင်းမှာပဲ လေဆိပ်မှာ ရှေ့နေဦးကိုနီကိုသေနတ်နဲ့တေ့ပြီး အပစ်ခံရတဲ့သတင်းကို တုန်လှုပ်ခြောက်ခြားဖွယ် ကြားလိုက်ရတယ်။ အဲဒီသတင်းကို သိချင်စိတ်နဲ့ ဖေ့စ်ဘွတ်ခ်သတင်းတွေလိုက်ပြီး ရှာဖတ်တယ်။ ဖတ်ရင်းဖတ်ရင်း ကိုသက်ခိုင်စိတ်ထဲမှာ “ဦးကိုနီကို ကြည်လင်းသတ်သလိုမျိုး ငါ့ကိုလည်း ဒီလိုမျိုးအကြမ်းဖက်သမားတွေ အသတ်ခံရတော့မှာပဲ”လို့ ထင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း သူ့စိတ်တွေမလုံခြုံတော့ဘူး၊ အိမ်မှာနေရင် အိမ်ရှေ့မှာ အကြမ်းဖက်သမားတွေ သူ့ကိုလုပ်ကြံဖို့ ချောင်းမြောင်းနေကြတယ်လို့ သူထင်တယ်။ အပြင်သွားရင် ကျီးကြည့်ကြောင်ကြည့် ကြည့်တယ်။ “အလို . .ငါ့ဘဝက မလုံခြုံတော့ပါလား။ မဟုတ်ဘူး . . ငါတစ်ယောက်တည်း မလုံခြုံတာမှ မဟုတ်ဘဲ၊ ငါ့မိန်းမနဲ့ ကလေးတွေ . . ပြီးတော့ သပ်သပ်နေတဲ့ အမေနဲ့ အဖေ . . သူတို့ကိုလည်း အကြမ်းဖက်သမားတွေက ဒုက္ခပေးဖို့ အလစ်ချောင်းနေတာပါလား. . ဘုရားရေ . .ငါဘာလုပ်ရမလဲ”

နေ့နေ့ညည မအိပ်နိုင်၊ မစားနိုင်ဖြစ်လာတဲ့ ကိုသက်ခိုင်ဟာ ပါးစပ်ကနေ “သေနတ်နဲ့ အပစ်ခံရတော့မယ်၊ သေနတ်နဲ့ အပစ်ခံရမှာ ကြောက်တယ် . . ကြောက်တယ် . .စိတ်မချဘူး” ဆိုပြီး တတွင်တွင် အော်ဟစ်နေတော့ သူ့မိန်းမက စိတ်ပူလာပါတော့တယ်။ ဒါနဲ့ ကိုသက်ခိုင်ကို ဆရာ့ဆီခေါ်လာခဲ့ပါတယ်။

ကိုသက်ခိုင်ကို ဆေးရုံတင်ပြီး သွေး၊ ဝမ်း၊ ဆီး စတဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဓာတ်ခွဲခန်းအဖြေအရ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေက အတော်လေးထိခိုက်နေတယ်၊ အရက် အလွန်အကျွံသောက်သုံးခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရပါတယ်။ သူနဲ့စကားပြောကြည့်လိုက်တော့ သူ့ကိုသေနတ်နဲ့ လိုက်ချောင်းနေတဲ့သူတွေအများကြီး . .ရှေ့နေဦးကိုနီကို လုပ်ကြံသလို သူ့ကိုလည်းလုပ်ကြံမယ့် အကြမ်းဖက်သမားတွေရှိတယ်၊ သူတင်မက သူ့မိသားစုနဲ့ သူ့မိဘတွေပါ မလုံခြုံတော့ဘူးလို့ သူက ကြောက်လန့်တကြား တတွင်တွင်ပြောနေပါတော့တယ်။

ကိုသက်ခိုင်ကို ဆေးရုံမှာတင်ထားရင်းနဲ့ လိုအပ်တဲ့ အကြောဆေးနဲ့ စိတ်ရောဂါကုဆေးတွေ ပေးနေတုန်းမှာပဲ ဆေးရုံကနေ ထွက်ပြေးဖို့ နှစ်ခါ-သုံးခါ ကြိုးစားခဲ့ပါတယ်။

ဘာကြောင့် ထွက်ပြေးဖို့ ကြိုးစားတာလဲဆိုတော့

“ကျွန်တော့်ကိုလုပ်ကြံဖို့ ကြိုးစားသူတွေ အောက်မှာရောက်နေပြီ။ အဆောက်အအုံရဲ့ ဘယ်ဘက်အခြမ်းမှာ ကျွန်တော့်ကို သတ်မယ့်သူတွေလာနေပြီ ဆရာ . .ဒါကြောင့် ဆေးရုံညာဘက်ခြမ်းကို ပြေးတာပါ”လို့ ကိုသက်ခိုင်က တုန်လှုပ်နေတဲ့ဟန်နဲ့ ကယောင်ခြောက်ခြားပြောပါတယ်။

“ဆေးရုံမှာ လုံခြုံရေးတွေ အပြည့်ချထားပါတယ်။ ခင်ဗျားကိုအန္တရာယ်ပြုမယ့်သူတွေ ဝင်လာလို့မရပါဘူး”လို့ အမျိုးမျိုးချော့မော့ပြီး လိုအပ်တဲ့ဆေးဝါးတွေ ထိုးပေးရပါတယ်။

“ကျွန်တော့်အမေ အဖေအိမ်နဲ့ မိန်းမအိမ်မှာတော့ မလုံခြုံလောက်ဘူး ဆရာ၊ သူတို့ကို ရန်ပြုမယ့်သူတွေ ရှိနေတယ်။ ဒါကြောင့် သူတို့ကိုကာကွယ်ဖို့ ကျွန်တော်သွားမှဖြစ်မယ်”ဆိုပြီး တောင်းဆိုနေတာကြောင့် မိသားစုဝင်တွေနဲ့ မိဘတွေ လုံလုံခြုံခြုံရှိနေတယ်ဆိုတဲ့အကြောင်း၊ လိုအပ်တဲ့ အစောင့်အရှောက်တွေရအောင် ရဲစခန်းကို အကူအညီတောင်းထားတယ်ဆိုတဲ့အကြောင်း ဖျောင်းဖျပေးရပါတယ်။ လိုအပ်တဲ့ ဆေးတွေကိုလည်း သေချာပြန်ညှိပြီး ပေးရတယ်။

တကယ်တော့ ကိုသက်ခိုင်ဟာ အရက်အလွန်အကျွံသောက်ရာကနေ ယုံမှားလွန်စိတ်တွေနဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ ရနေတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ သုံးစွဲတာလည်းရှိတော့ ဖေ့စ်ဘွတ်ခ်ထဲက သတင်းတွေနဲ့ အကြောင်းအရာတွေက သူ့ကို တော်တော်လေး လွှမ်းမိုးနေတဲ့အတွက် သူ့ကိုရန်ပြုမယ့်သူတွေ၊ အနှောင့်အယှက်ပေးမယ့်သူတွေ၊ အကြမ်းဖက်မယ့်သူတွေရှိနေတယ်လို့ ယုံမှားနေတာဖြစ်ပါတယ်။

ဆေးရုံမှာ ငါးရက်လောက် လိုအပ်တဲ့ကုသမှုတွေကို စနစ်တကျပေးခဲ့တဲ့အခါ သူ့ကို သေနတ်နဲ့ ပစ်မယ့်သူတွေရှိတယ်ဆိုပြီး ယုံမှားလွန်တဲ့စိတ်၊ သူ့မိသားစုနဲ့ မိဘတွေကို အကြမ်းဖက်ဒုက္ခပေးမှာ စိုးတယ်ဆိုတဲ့ ယုံမှားလွန်စိတ်တွေ မရှိတော့တဲ့အပြင် ကောင်းကောင်းအိပ်နိုင်၊ စားနိုင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုသက်ခိုင်ရဲ့ သတိနဲ့အသိက ပုံမှန်နီးပါးပြန်ဖြစ်လာတာကို တွေ့ရတဲ့အတွက် ထိုးဆေးအစား လိုအပ်တဲ့ စားဆေးတွေကို ပြောင်းပေးထားရင်း ဆေးရုံမှာ နောက်ထပ်နှစ်ရက်လောက် နားပြီးရင်တော့ ဆင်းလို့ရပါလိမ့်မယ်လို့ ပြောထားရပါတယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းတဲ့အခါမှာ အရက်ကို လုံးဝပြန်မသောက်ဖို့နဲ့ ဆေးရုံကိုလည်း တစ်ပတ်တစ်ခါ ပုံမှန်လာပြဖို့ မှာထားရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top