Healthy Life Ad
Health Tips

အဝါရောင်မုန်ညင်းစားရင် ဘယ်လိုကျန်းမာရေး ကောင်းကျိုးရနိုင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မုန်ညင်းမှာအဖြူရောင်၊ အညိုရောင်နဲ့ အမည်းရောင်ဆိုပြီး သုံးမျိုးရှိတဲ့အနက် အဖြူရောင်မုန်ညင်းက အဝါရောင်သမ်းတာကြောင့် အဝါရောင်မုန်ညင်းလို့ခေါ်ကြပါတယ်။ အဝါရောင်မုန်ညင်းမှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အိုမီဂါ ၆ ဖက်တီးအက်စစ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဇင့်(သွပ်)ဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ် စတဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် အဝါရောင်မုန်ညင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရေးသားလိုက်ရပါတယ်။

– အစာအိမ်အူလမ်းကြောင်း ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်

မုန်ညင်းစေ့မှာ ဖိုင်တိုနျူးထရီးရန့်ဒြပ်ပေါင်းတွေပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးပြီး တခြားဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားမှုမဖြစ်အောင် တားဆီးပေးနိုင်တယ်လို့ လေ့လာမှုအမျိုးမျိုးက ဆိုထားပါတယ်။

– ရူမတွိုက် အဆစ်ရောင်ရမ်းနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်

မုန်ညင်းစေ့မှာ ဆီလီနီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုများတာကြောင့် ရူမတွိုက်အဆစ်ရောင်ရမ်းနာ ဖြစ်နိုင်ခြေကိုလျော့ကျစေပြီး ပန်းနာရင်ကျပ်ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါက မုန်ညင်းမှာ ရောင်ရမ်းမှုတားအာနိသင်ရှိတာကြောင့်ပါ။ မုန်ညင်းစေ့မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သွေးတိုးကိုလျော့ကျစေနိုင်ပါတယ်။

– ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို လျော့ကျစေပါတယ်

အဝါရောင်မုန်ညင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကာ သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲ မှုဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

– အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်

အဝါရောင်မုန်ညင်းမှာပါဝင်တဲ့ ရောင်ရမ်းမှုတားဒြပ်ပေါင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတချို့ကဆိုပါတယ်။

– ပိုးသတ်အာနိသင်ရှိပါတယ်

မုန်ညင်းစေ့မှာ အင်တီအောက်ဆီးဒင့်ပမာဏ များများပါဝင်ပြီး ဖန်းဂတ်စ်ပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့အပြင် ပိုးသတ်အာနိသင်ကြောင့် ခန္ဓာကိုယ်ဝေဒနာတွေကို သက်သာစေပါတယ်။

– ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်းမွန်စေပါတယ်

မုန်ညင်းစေ့မှာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးစေတဲ့အစွမ်းရှိပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိရုံသာမက အစာခြေဖျက်မှုဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူတွေ အဓိကရွေးချယ်သင့်တဲ့ အစာဖြစ်ပါတယ်။

– ကယ်လိုရီနည်းတဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနိုင်ပါတယ်

အဝါရောင်မုန်ညင်းက ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် မုန်ညင်းချဉ်အဖြစ်ပြုလုပ်ကာ ရှမ်းခေါက်ဆွဲလို ရှမ်းအစားအစာတွေနဲ့ တွဲဖက်စားသင့်ပါတယ်။ ဒါဆိုရင် ကယ်လိုရီပါဝင်မှုလျော့နည်းပါတယ်။

– မရှိမဖြစ်အာဟာရဓာတ်တွေကို သိုလှောင်ထားပါတယ်

အဝါရောင်မုန်ညင်းမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်နဲ့ဇင့်(သွပ်)ဓာတ်တို့ များစွာပါဝင်ပါတယ်။ ဒီလို အရေးကြီးတဲ့ အာဟာရဓာတ် အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။

မုန်ညင်းကို အချဉ်တည်ရာမှာ ဆား (ဆိုဒီယမ်) အများကြီးမပါစေဖို့ သတိပြုသင့်ပါတယ်။ မုန်ညင်းစေ့ကို တခြားကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးတို့လိုပဲ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top