Healthy Life Ad
Q & A

နို့ဆီက ကျန်းမာရေးနဲ့ ညီညွတ်သလား

မေး. အိမ်မှာ မနက်တိုင်းကော်ဖီဖျော်ရင် နို့ဆီ၊ သကြားနဲ့ ကော်ဖီမှုန့်ထည့်ပြီး ဖျော်ပါတယ်။ ကလေးတွေကလည်း နို့ဆီကို ခဏခဏယူစားလွန်းလို့ ဖွက်ထားရပါတယ်။ ကျွန်မသိချင်တာက နို့ဆီက ကျန်းမာရေးနဲ့ ညီညွတ်ပါသလားရှင့်။
မခိုင်၊ မင်္ဂလာဒုံ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. နို့ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာထဲမှာ မပါဝင်ပါဘူး။ နို့ဆီလုပ်မယ်ဆိုရင် စားအုံးဆီတွေ ပမာဏအများကြီးနဲ့ လုပ်ရပါတယ်။ ကလေးတွေကငယ်တုန်းမှာ နို့ဆီတွေကိုကြိုက်တော့ လျက်ကြတယ်၊ ပေါင်မုန့်နဲ့နို့ဆီ ဆမ်းစားကြပါတယ်၊ ချိုတာကိုး။ တကယ်တော့ နို့ဆီက ကယ်လိုရီသာများပြီး အာဟာရတန်ဖိုးက မပါဝင်ပါဘူး။ အဲဒီတော့ နို့ဆီကို ရှောင်စေချင်ပါတယ်။ ကောင်းတာက နို့ဆီနဲ့ ကော်ဖီဖျော်မယ့်အစား ကော်ဖီမှုန့်ရယ်၊ နွားနို့ရယ်၊ သကြားနည်းနည်းရယ်ထည့်ပြီး ဖျော်သင့်ပါတယ်။ နို့မှုန့်တွေကလည်း နို့မှုန့်အစစ် (Milk Powder) ဆိုရင်တော့ မဆိုးပါဘူး။

ဓာတုပစ္စည်းပါတဲ့ နို့မှုန့်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ Coffee Mate မှာလည်း ဓာတုပစ္စည်းပါဝင်တဲ့အတွက် အကောင်းဆုံးကတော့ နွားနို့နဲ့ဖျော်သောက်တာပါပဲ။ သောက်ချင်လွန်းရင် တစ်ပတ်မှာတစ်ရက်လောက်ပဲ နို့ဆီနဲ့ဖျော်သောက်ပြီး ကျန်တဲ့ရက်တွေမှာ နွားနို့နဲ့ကော်ဖီ ဖျော်သောက်သင့်ပါတယ်။ ကော်ဖီကို သုံးခွက်နဲ့ အထက်သောက်ရင် အရိုးတွေကနေ ကယ်လ်ဆီယမ် စုပ်ယူနှုန်းကျသွားပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကော်ဖီကိုနှစ်ခွက်ပဲ သောက်စေချင်ပါတယ်။ ကော်ဖီများများသောက်တဲ့သူက အရိုးကျိုးနိုင်ခြေ ပိုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top