Healthy Life Ad
Life Style

ကိုယ်နဲ့ လိုက်ဖက်တဲ့ သင်္ကြန်မျက်မှန် ရွေးတပ်ရအောင် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အခုဆိုရင် အတာရေသဘင်ပွဲတော်ကြီး နီးကပ်လာပါပြီ။ သင်္ကြန်တွင်းမှာ ဘယ်လိုနွှဲပျော်မယ်ဆိုတာကိုလည်း စီစဉ်ပြီးလောက်ရောပေါ့။ မဟာသင်္ကြန်ကာလဟာ နွေရာသီအချိန်အခါသမယမှာ ကျရောက်တတ်တာကြောင့် ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်ကိုလည်း ခံရနိုင်ပါတယ်။ ဒါကြောင့် နေကာခရင်မ်၊ နေကာနိုင်တဲ့ ဆံပင်လိမ်းလိုးရှင်း စတာတွေလိမ်းခြယ်ဖို့ လိုအပ်နေတဲ့အပြင် မျက်ဝန်းတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် နေကာမျက်မှန်တစ်လက်လည်း မမေ့ပါနဲ့နော်။ နေကာမျက်မှန်တပ်ဆင်ရာမှာ နေလည်းကာ၊ စတိုင်လည်း ကျစေဖို့ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန်တွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။

သင့်မှာ အသည်းနှလုံးပုံ မျက်နှာရှိလျှင်
သွင်ပြင်လက္ခဏာ – အသည်းနှလုံးပုံ မျက်နှာပုံစံဆိုတာ၊ နဖူးကကျယ်ပြီး မေးရိုးကျဉ်းကာ ပါးရိုးခပ်မြင့်မြင့်၊ မေးစေ့က ကျဉ်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဘယ်လို သင်္ကြန်မျက်မှန်ကိုင်းတပ်သင့်သလဲ
ခပ်ပါးပါး ရိုးစင်းတဲ့ မျက်မှန်ဒီဇိုင်းတွေနဲ့ လိုက်ဖက်ပါတယ်။ သင့်မျက်ဝန်းတွေကို ဖုံးအုပ်ပြီး အနည်းငယ်ကျယ်ပြန့်တဲ့ မျက်မှန်ဝိုင်း ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံမျက်မှန်နဲ့ လိုက်ဖက်ပါတယ်။ အထူးသဖြင့် မျက်မှန်ကိုင်းရဲ့အပြင်နဲ့ အောက်ဘက်မှာ ထောင့်တွေရှိတဲ့ မျက်မှန်ကိုင်းမျိုးဟာ ခပ်ကျဉ်းကျဉ်း မေးရိုးတွေကို ကျယ်ပြန့်သွားစေတာကြောင့် ရွေးသင့်ပါတယ်။
ရှောင်ရန် – သင့်နားထင်နေရာကျော်တဲ့အထိ ပိုကြီးမားတဲ့ မျက်မှန်ကိုင်းတွေကို ရှောင်ပါ။ အဲဒီလို မျက်မှန်တွေက သင့်နဖူးကျယ်တာကိုရော၊ မေးရိုးကျဉ်းတာကိုပါ ပိုသိသာထင်ရှားစေလို့ပါ။

သင့်မှာ ဘဲဥပုံမျက်နှာရှိလျှင်
သွင်ပြင်လက္ခဏာ – ဘဲဥပုံစံမျက်နှာပိုင်ရှင်တွေက မျက်နှာအနေအထားအချိုးညီတယ်လို့ ဆိုရမှာပါ။ နဖူးနဲ့ မေးရိုးတွေက ကျဉ်းပြီး မေးစေ့က နဖူးထက်အနည်းငယ် ပိုကျဉ်းသလိုရှိကာ ပါးရိုးမြင့်မြင့်တွေရှိကြပါတယ်။
ဘယ်လို သင်္ကြန်မျက်မှန်ကိုင်းတပ်သင့်သလဲ
နူးညံ့ပျော့ပျောင်းတဲ့ ထောင့်မှန်စတုဂံ မျက်မှန်ကိုင်းဟာ ဘဲဥပုံမျက်နှာမျိုးနဲ့ လိုက်ဖက်ပါတယ်။ တကယ်တော့ ဘဲဥပုံမျက်နှာပိုင်ရှင်တွေက ဘယ်လိုမျက်မှန်ကိုင်းမျိုးနဲ့မဆို ကြည့်ကောင်းပါတယ်။
ရှောင်ရန် – ဘဲဥပုံမျက်နှာပိုင်ရှင်တွေက တခြား မျက်နှာပုံတွေထက်ပိုသေးငယ်တာကြောင့် အလွန်သေးလွန်း၊ အလွန်ကြီးလွန်း၊ ထောင့်ကျလွန်းတဲ့ သင်္ကြန်မျက်မှန်မျိုးကို ရှောင်သင့်ပါတယ်။

သင့်မှာ လေးထောင့်ကျသော မျက်နှာပုံရှိလျှင်
သွင်ပြင်လက္ခဏာ – လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေဟာ နဖူး၊ မေးရိုးနဲ့ မေးစေ့တွေက အကျယ် ညီနေတတ်ပါတယ်။ အထူးသဖြင့် မေးရိုးတွေက ပေါ်လွင်ထင်ရှားပြီး ထောင့်ကျနေတတ်ပါတယ်။
ဘယ်လို သင်္ကြန်မျက်မှန်ကိုင်းတပ်သင့်သလဲ
မေးရိုးတွေကို ပျော့ပျောင်းနူးညံ့သွားစေမယ့် သေးငယ်တဲ့ ဘဲဥပုံစံ မျက်မှန်ကိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ အနားကိုင်းက တစ်ဝက်ပဲပါတဲ့ မျက်မှန်ကိုင်းမျိုးကလည်း လေးထောင့်ကျတဲ့ မျက်နှာပြင်ကို နူးညံ့သွားစေပါတယ်။ ဝိုင်းတဲ့ မျက်မှန်ကိုင်းကလည်း အဆင်ပြေပါတယ်။ လေးထောင့်ကျတဲ့ မျက်နှာအတွက် ထောင့်ခြောက်ထောင့်လောက်ပါတဲ့ မျက်မှန်ကို တပ်ဆင်ရင် မျက်နှာကိုရှည်သလိုထင်ရစေပြီး လေးထောင့်ကျတာကို မသိသာစေတော့ပါဘူး။
ရှောင်ရန် – လေးထောင့်ကျလွန်း၊ တြိဂံပုံဆန်လွန်း၊ ကြီးလွန်းတဲ့ မျက်မှန်ကိုင်းတွေကို ရှောင်ပါ။ ဒီလို သင်္ကြန်မျက်မှန်ကိုင်းတွေက သင့်မျက်နှာရဲ့ လေးထောင့်ကျတဲ့ အသွင်အပြင်ကို ပိုမိုသိသာစေလို့ပါ။

သင့်မှာ ဝိုင်းသော မျက်နှာရှိလျှင်
သွင်ပြင်လက္ခဏာ – မေးရိုးက ဝိုင်းပြီး မေးစေ့ထက် နဖူးကအနည်းငယ်ပိုကျယ်သလို ရှိပါတယ်။
ဘယ်လို သင်္ကြန်မျက်မှန်ကိုင်းတပ်သင့်သလဲ
ဝိုင်းတဲ့ မျက်နှာပိုင်ရှင်တွေက ထောင့်ကျတဲ့ မျက်မှန်ကိုင်းနဲ့ ထောင့်မှန်စတုဂံပုံမျက်မှန်ကိုင်းတွေကို တပ်ဆင်ပေးရင် ကြည့်မိတဲ့သူတိုင်းက သင့်မျက်လုံးတွေဆီကိုပဲ အကြည့်ရောက်စေတာကြောင့် မျက်နှာကျလုံးဝိုင်းမှုက မသိသာတော့ပါဘူး။
ရှောင်ရန်– ဝိုင်းတဲ့ မျက်မှန်ပုံစံတွေက ဝိုင်းတဲ့ မျက်မှန်ကိုင်းတွေကို ရှောင်ရပါမယ်။ ဝိုင်းတဲ့ မျက်မှန်ကိုင်းတွေက မျက်နှာလုံးဝိုင်းမှုကို ပိုသိသာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top