Healthy Life Ad
Child

ကလေးများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊အထွေထွေရောဂါကုဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ။ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုပြုစုပေးသင့်ပါသလဲဆရာ။

ဖြေ ။ ။ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အဓိကတိုက်ကျွေးသင့်တာက ဓာတ်ဆားရည်ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ Unicef က အသိအမှတ်ပြုထားတဲ့ ဓာတ်ဆားကိုအညွှန်းအတိုင်း ရေနဲ့အချိုးကျကျဖျော်ပြီး ကလေးတွေသောက်နိုင်သလောက်တိုက်ပေးရပါမယ်။ ဒီနေရာမှာသတိထားရမယ့် အချက်တစ်ခုကကလေးကို သူသောက်နိုင်သလောက်ပဲ သောက်ခိုင်းသင့်ပါတယ်။

မိဘတွေက အစိုးရိမ်ကြီးဇွတ်အတင်းတိုက်ရင် ကလေးကဓာတ်ဆားရည်ကို ကြောက်သွားပြီးမသောက်တာမျိုး ဖြစ်တတ်လို့ပါ။ ပြီးတော့ သူ့အရွယ်အလိုက် စားသောက်နိုင်မယ့် အစားအသောက်တွေကို သေချာချက်ပြုတ် ကျွေးမွေးလို့ရပါတယ်။ ကလေးကိုကျွေးတဲ့အခါ မိဘကိုယ်တိုင်လည်းလက်တွေကို သေချာ ဆေးကြောပေးဖို့လိုပါတယ်။ သန့်ရှင်းတဲ့ ဇွန်းနဲ့ပန်းကန်တွေနဲ့ ကျွေးဖို့လည်းလိုပါတယ်။

မေး ။ ။ ကလေးဝမ်းသွားတဲ့အကြိမ်ရေများရင် ဘယ်လိုလုပ်သင့်ပါသလဲဆရာ။

ဖြေ ။ ။ ကလေးဝမ်းသွားတဲ့ အကြိမ်ရေများရင် အနီးဆုံးဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးသွားပြသင့်ပါတယ်။ ဝမ်းသွားတဲ့အခါ ပုံမှန်ဝမ်းအရောင်ဆိုရင် ပြဿနာမရှိပေမယ့် ဝမ်းအဖြူရောင် ဆန်ဆေးရေလိုမျိုးဆိုရင် ပြဿနာရှိပါတယ်။ အဲဒီလိုအခြေအနေမှာ အနီးဆုံးကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေ ကိုသွားပြဖို့ အရေးကြီးပါတယ်။

ကလေးက ရိုးရိုးဝမ်းလျှောတင်မဟုတ်ဘဲ အန်လည်းအန်တယ်၊ ဖျားလည်းဖျားတယ်၊ ဝမ်းလည်းလျှောတယ်ဆိုရင်တော့ နည်းနည်းပိုပြီးဂရုစိုက်ရမယ့် အနေအထား ဖြစ်သွားပါပြီ။

မေး ။ ။ တချို့ကလေးတွေက ဝမ်းသွားတာနဲ့အတူဗိုက်လည်းနာတယ်ဆိုရင် ဘာကိုသတိထားဖို့လိုပါသလဲဆရာ။

ဖြေ ။ ။ ဝမ်းလည်းသွားတယ်၊ ဗိုက်လည်းနာတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်လား၊ သန်ထိုးတာလားဆိုတာကို စဉ်းစားရမှာဖြစ်သလို တခြားဘာကြောင့် ဖြစ်တာလဲဆိုတာကိုလည်း ဆန်းစစ်သင့်ပါတယ်။ ဒီအနေအထားဆိုရင်တော့ အိမ်မှာကုလို့မရတော့ပါဘူး။ ဆေးရုံ၊ ဆေးခန်းပြရပါမယ်။

မေး ။ ။ ကလေးတွေဝမ်းလျှောနေချိန်မှာ ဘယ်လိုအစားအသောက်တွေကို မကျွေးသင့်ဘူးလဲ ဆရာ။

ဖြေ ။ ။ ကလေးတွေဝမ်းလျှောနေချိန်မှာ အထူးသဖြင့် နို့နဲ့ နို့ထွက်ပစ္စည်းကို မတိုက်ကျွေးသင့်ပါဘူး။ ပုံမှန်စွပ်ပြုတ်ရည်ကိုတိုက်သင့်ပါတယ်။ ပြီးတော့ယင်နား စာတွေကို ရှောင်သင့်ပါတယ်။

ကလေးဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ လိုအပ်တဲ့ဓာတ်ပြန်ဖြည့်နိုင်ဖို့ ဓာတ်ဆားရည်တိုက်ရပါမယ်၊ ရေကျက်အေးတိုက်ရပါမယ်၊ အစာကို သန့်သန့်ရှင်းရှင်းပြင်ဆင်ကျွေးရပါမယ်။ ပန်းသီးစိတ်လေးတွေကို သန့်သန့်ရှင်းရှင်းပြင်ဆင်ကျွေးလို့ရပါတယ်။

မေး ။ ။ ကလေးဝမ်းလျှောတဲ့ အကြိမ်ရေများလာရင်ဘယ်လို အချက်တွေကိုလိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ ။ ။ ကလေး ဝမ်းပျက်ဝမ်းလျှောတာက အကြိမ်ရေများလာပြီ၊ ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေလည်း ဖြစ်လာတယ်ဆိုရင် ဆေးရုံကိုအမြန်ဆုံးပြေးသင့်ပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ကလေးကဂနာမငြိမ်ဖြစ်မယ်၊ မျက်တွင်း ချိုင့်နေမယ်၊ ကိုယ်လက် မအီမသာဖြစ်နေမယ် . .အဲဒီလို လက္ခဏာတွေ တွေ့ရရင်ဆေးရုံ၊ ဆေးခန်း ပြေးသင့်နေပါပြီ။

ကလေးက ဝမ်းလျှောတယ်၊ အန်တယ်၊ ဖျားတယ်ဆိုရင် ဘက်တီးရီးယားပိုးကြောင့်လားဆိုတာ ဆန်းစစ်ဖို့ လိုတယ်။ အစာအဆိပ်သင့်တာကြောင့် လည်းဖြစ်တတ်တဲ့အတွက် ဗိုင်းရပ်စ်ကြောင့်လားဆို တာကိုလည်း ဆန်းစစ်ရပါမယ်။ ကလေးက ဖျားလည်းဖျားတယ်၊ ဝမ်းလည်းလျှောတယ်၊ အန်လည်း အန်တယ်၊ ဗိုက်လည်း ရစ်ပြီး နာတယ်ဆိုရင် ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။

မေး ။ ။ ကလေးအများကြီးရှိတဲ့မိသားစုမှာ ကလေးတစ်ယောက်ဝမ်းပျက်ရင် ဘယ်လိုဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။

ဖြေ ။ ။ အဲဒီအခါ တခြားကလေးတွေကိုလည်း အိမ်သာတက်ပြီးတိုင်း၊ တစ်ခုခုကိုင်ပြီးတိုင်း၊ အစာမစားခင် အချိန်တိုင်းဆပ်ပြာနဲ့လက်ကို သေချာဆေးကြောဖို့ မှာရပါမယ်။ ယင်နားစာတွေမစားဖို့ ပြောရပါမယ်။

မေး ။ ။ တချို့ကလေးတွေကမကြာခဏ ဝမ်းပျက်ဝမ်းလျှော တတ်ပါတယ်။ အဲဒီလို ကလေးတွေကိုမိဘတွေက နောင်ဝမ်းမပျက်အောင် ဘယ်လိုစောင့်ရှောက်ပေး သင့်ပါသလဲ ဆရာ။

ဖြေ ။ ။ အဲဒီလို မကြာခဏ ဝမ်းပျက်နေရင်တော့ နီးစပ်ရာဆရာဝန်ကို ပြသတိုင်ပင်သင့်နေပါပြီ။ အဲဒီအခါ ဖြစ်ရတဲ့အကြောင်းရင်း အခြေခံဇစ်မြစ်ကိုရှာရပါတော့မယ်။ အခြေခံအကြောင်းရင်း သိမှတိကျတဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ ကလေးဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ထပ်မံပေးချင်တဲ့အကြံပြုစကားရှိရင် ပြောပြပေးပါဦး ဆရာ။

ဖြေ ။ ။ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ အဓိက လိုက်နာသင့်တာက အစားအသောက်သန့်ရပါမယ်၊ လက်သန့်ရပါမယ်၊ တစ်ကိုယ်ရေသန့်ရှင်းရပါမယ်၊ ရေသန့်ရပါမယ်၊ အိမ်သာသန့်ရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top