Healthy Life Ad
Child

အသက်နှစ်နှစ်အရွယ် ကလေးများ အာဟာရချို့တဲ့ခြင်း

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

ဆရာမ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် တချို့ကလေးတွေက အများအားဖြင့် အသက်နှစ်နှစ် ကျော်လောက်မှာ အစာမစားတာတွေ ဖြစ်လာတာ တွေ့ရပါတယ်။ အစာမစားတော့ တဖြည်းဖြည်း ပိန်လာပြီး ကြာလာတဲ့အခါ ရောဂါတွေဝင်လာပါတယ်။ တကယ်တော့ ကလေးတွေဟာ တစ်နေ့ကိုအစာစားကြိမ် ရှစ်ကြိမ်လောက် ရှိရပါတယ်။ အဲဒါကို မစားဘဲ နေတဲ့အတွက် ကလေးက အာဟာရမပြည့်ဝတာ တွေဖြစ်လာတာပါ။ ဒီတော့ မနက်အိပ်ရာထရင် နို့ တစ်ခွက် လောက် အရင်ဆုံးချော့ပြီး တိုက်ပေးသင့်ပါတယ်။ အများကြီးမဟုတ်တောင် နည်းနည်းချင်းစီ သူ စားနိုင်သလောက် တိုက်ပေးရပါမယ်။ နောက်ဆုံး ဘာမှမရှိဘူးဆိုရင်တောင် နွားနို့နဲ့ပဲစကျွေးလို့ ရပါတယ်။ တခြားဟာဆိုရင်လည်း ထမင်းကို ဆီလေးဆမ်းပြီး အသားဖတ်တွေနဲ့ နယ်ပြီးကျွေးလိုက်တာမျိုး၊ ပဲပြုတ်နဲ့ ရောကျွေးတာမျိုး ပြုလုပ်ပြီး ကျွေးနိုင်ပါတယ်။
ဆရာမတို့ နိုင်ငံမှာ ဗီတာမင်ဒီဓာတ ်ချို့တဲ့ပြီး အရိုးပျော့ရောဂါ ဖြစ်တာတော့ နည်းနည်းရှားပါတယ်။ ဘာလို့လဲဆိုတော့ ဆရာမတို့ နိုင်ငံက နေပူတဲ့နိုင်ငံဖြစ်ပြီး နေရောင်ခြည်နဲ့လည်း အမြဲလိုလို ထိတွေ့နေရလို့ပါ။ မိဘတွေကလည်း မနက်စောစော လမ်းထလျှောက်တဲ့အခါမျိုးဖြစ်ဖြစ်၊ ဈေးသွားတဲ့ အခါဖြစ်ဖြစ် ကလေးတွေကို ခေါ်သွားတတ်ပါတယ်။ အဲဒီမှာ ကလေးတွေက နေရောင်ခြည်နဲ့ ထိတွေ့ကြရပါတယ်။ နောက်ပြီး ကလေးတွေကို မိဘတွေက ငါးသေးသေးလေး တွေတော့ကျွေးကြပါတယ်။ ကိုယ်မစားပေမယ့်လည်း ကလေးတွေကို ကျွေးတာမျိုးတော့ရှိပါတယ်။ ငါးသလဲထိုးလိုမျိုး ငါးသေးသေးလေးတွေကို ကြော်ကျွေးတာမျိုးပြုလုပ်ကြပါတယ်။
ချမ်းသာတဲ့မိသားစုက ကလေးတွေ ဗီတာမင်ဓာတ်တွေ ချို့တဲ့တာတွေ့ဖူးပါတယ်။ ဒီလို ကလေးတွေကျတော့ အဓိကက မစားကြလို့ပါ။ အစားမစားတာ မှ တော်တော်လေးကို စားဖို့ကြောက်ကြပါတယ်။ ကလေးတွေက ချေးများတယ်၊ အိမ်မှာတော့ အပြည့်အစုံ ရှိပေမယ့် ဟိုဟာလည်း မစားချင်ဘူး၊ ဒီဟာလည်း မစားချင်ဘူးဆိုပြီး ဂျီကျတာမျိုး ရှိပါတယ်။ ဒါကကလေးရဲ့ ဗီဇကြောင့်လို့ ပြောလို့ရပါတယ်။ ကလေးတွေ အဲလိုဖြစ်နေရင် ကိုယ်က စိတ်ရှည်ဖို့လိုအပ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စနစ်တကျလေး ကျွေးပေးရပါမယ်။ အဲလိုမဟုတ်ဘဲနဲ့ စိတ်ရှည်ရှည် မကျွေးဖြစ်ဘူး၊ ကိုယ်က အလုပ်ရှုပ်နေတဲ့အခါဖြစ်လို့ သတိထားပြီး မကျွေးဖြစ်လိုက်တာမျိုး ဖြစ်နေရင်တော့ ကလေးတွေ အာဟာရချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ ကလေးက အရွက်မကြိုက်လို့ အရွက်နဲ့ပတ်သက်တာ လုံးဝမကျွေးတော့ဘဲ အသားများများ ကျွေးတာမျိုး စတဲ့ အပြုအမူတွေက ကလေးကို အဝလွန်တဲ့ရောဂါ ဖြစ်စေနိုင်ပါတယ်။ ပရိုတင်းဓာတ်ပြည့်ဝနေပေမယ့် ဟင်းသီးဟင်းရွက် မစားတဲ့အတွက် တခြားဗီတာမင် နဲ့ သတ္တုဓာတ်တွေလျော့နည်းနေတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို စိတ်ရှည်ရှည်ထားပြီး ဂရုတစိုက်နဲ့ အာဟာရစုံလင်အောင် မိဘတွေအနေနဲ့ လိုက်နာသင့်ပါတယ်။

ကလေးတွေက အသက်တစ်နှစ်ကျော်လာပြီ ဆိုရင် သူတို့ရဲ့ အစာစားတဲ့ အလေ့အကျင့် ( Eating Habit) ဟာ စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန် ဖြစ်နေသင့်ပါပြီ။ ဒါကြောင့် ကလေးတွေရဲ့ အလေ့အကျင့်လေးတွေကောင်းအောင် မိဘတွေအနေနဲ့ ဂရုတစိုက်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မူကြိုကျောင်းသွားတဲ့အရွယ်တွေဆိုလည်း မူကြိုကျောင်း ရောက်တဲ့အခါ ကျောင်းကဆရာမတွေအနေနဲ့လည်း ကလေးတွေ အာဟာရပြည့်ဝအောင် စနစ်တကျ ကျွေးမွေး စောင့်ရှောက် ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ – ထမင်းတစ်ခုတည်းစားတာ၊ ကြက်သားတစ်မျိုး တည်းစားတာမျိုး မဟုတ်ဘဲ အသီးအရွက်လေး လည်းပါအောင်၊ နို့လည်းပါအောင် နည်းနည်းချင်းစီ စနစ်တကျ ကျွေးပေးသင့်ပါတယ်။ အိမ်ကနေ မိဘ တွေမလုပ်ပေးနိုင်ရင်တောင် ကျောင်းကနေ့လယ် ဘက်တွေမှာ နွားနို့တစ်ခွက်လောက်တိုက်တာမျိုး ဆောင်ရွက်သင့်ပါတယ်။
ကလေးတွေအတွက် မိဘတွေက ထိတွေ့မှု အရှိဆုံးသူတွေဖြစ်တာကြောင့် ကလေးတွေကို မိဘက စနစ်တကျ သေသေချာချာ ကျွေးပေးဖို့ လိုအပ်ပါတယ်။ အာဟာရနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေလည်း အမြဲလိုလို ပြုလုပ်ပေးနေပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ ဗဟုသုတရှိအောင် ဒီလိုဟောပြောပွဲတွေကို များများတက်ပေးဖို့လည်း လိုအပ်ပါတယ်။ မိဘတွေသာ ကောင်းကောင်းမွန်မွန် အသိပညာဗဟုသုတတွေရှိမယ်ဆိုရင် ကလေးတွေက အာဟာရ မပြည့်ဝတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာဆို မိခင်တွေက အလုပ်လုပ်နေကြတာ အများကြီး တွေ့ရပါတယ်။ အပြင်မှာ အလုပ်လုပ်တဲ့အတွက် ကလေးတွေကို အိမ်မှာရှိတဲ့သူနဲ့ ထားရပါတယ်။ အဲလို ကလေးတွေကို ထားခဲ့တဲ့အခါ ကလေးတွေကို စနစ်တကျ စောင့်ရှောက်ပေးမယ့် သူတွေကိုလည်း သေချာသင်ပေးထားဖို့ လိုပါတယ်။ ကလေးတွေကိုဆာမှ ကျွေးတာထက် ပုံမှန်အစာစားရမယ့်အချိန် သတ်သတ်မှတ်မှတ်ထားပြီး ကျွေးသင့်ပါတယ်။ ကလေးတွေကို ပေးဆော့ထားတယ်၊ သူတို့ ဆာမှ လာစားမယ်ဆိုတာမျိုး မဟုတ်ဘဲ မနက်ခင်းဆိုရင် အိပ်ရာထတာနဲ့ တစ်ခါကျွေးမယ်၊ နောက်ပြီး (Late Breakfast) တစ်ခါထပ်ကျွေးမယ်၊ ပြီးရင် နေ့လယ်စာ ကျွေးမယ်၊ နေ့လယ်နှစ်နာရီလောက် တစ်ခါ အဆာပြေစား မုန့်ကျွေးမယ် ဒီလို တစ်ရက်ကို ရှစ်ကြိမ်မဟုတ်ရင်တောင် အနည်းဆုံးခြောက်ကြိမ် လောက်တောင် ပုံမှန်ကျွေးသင့်ပါတယ်။ ကျွေးတဲ့အခါမှာလည်း အမျိုးအစား စုံစုံလင်လင်လေး ဖြစ် အောင် ကျွေးမွေးနိုင်ရင် အကောင်းဆုံးပါပဲ။ အသီးအရွက်လည်း ပါရမယ်၊ ထမင်းပါရမယ်၊ နွားနို့ပါရမယ် စတာတွေ အမျိုးအစား စုံစုံကျွေးနိုင်ရင်တော့ ကလေးက အာဟာရချို့တဲ့တယ်ဆိုတာ လုံးဝဖြစ်လာမှာ မဟုတ်ပါဘူးလို့ ဆရာမက အကြံပြုချင် ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်

Most Popular

Healthy Life Ad
To Top