Healthy Life Ad
Life Style

ရိုးမြေကျ ပျော်ရွှင်စွာ ပေါင်းဖက်ခွင့်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာလောကပေါ်မှာ သူချစ်ကိုယ်ချစ် အပြန်အလှန်တန်ဖိုးထားတဲ့ ချစ်သူတစ်ဦးနဲ့ ဆုံတွေ့ခွင့်ရတယ်ဆိုတာ ရေစက်ပါမှပါ. . အဲဒီအထဲက ချစ်သူနဲ့ ပေါင်းဖက်ခွင့်ရတယ်ဆိုတာက ပိုပြီးထူးကဲတဲ့ ရေစက်ပဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက်စလုံး ပျော်ရွှင်ချမ်းမြေ့စွာ ရိုးမြေကျပေါင်းသင်းရတဲ့ အိမ်ထောင်ရေးမျိုးကတော့ ဘဝရဲ့ ကံကောင်းခြင်းလက်ဆောင်လို့ ဆိုရမှာပါပဲ . . ။ ဒီကံကောင်းမှုရခဲ့တဲ့ ကျွန်မအဘွားအကြောင်း ပြန်သတိရမိပါတယ်။
_ _ _
အဘွားက ဖြူဖြူသေးသေးလေး . . အဘိုးကအဘွားကိုမျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် သားသမီးမြေးမြစ်တွေရတဲ့အထိချစ်တုန်း . .
“အဘိုးတို့ ဘယ်လို တွေ့ခဲ့ကြတာလဲ”
မြေးတွေက မေးရင် အဘိုးက အားရပါးရပြောပြတတ်သလောက် အဘွားက မျက်စောင်းထိုးလေ့ရှိတယ်။ ရွာမှာ အဘိုးတို့အဖေက လယ်တွေ၊ယာတွေ ပိုင်ပြီး အဘွားကတော့ အဘိုးတို့ လယ်တွေထဲမှာ ကောက်စိုက်ရသတဲ့။ အဘိုးက အဘွားကို မြင်မြင်ချင်းချစ်ပြီး လှည်းတင်ခိုးပြေးတယ်လို့ ဆိုတယ်။
“အဘိုးက မင်းတို့ အဘွားကို ပွေ့ချီလိုက်တော့ သူကလည်း ခါးကိုခပ်တင်းတင်း ဖက်ထားတာဟေ့၊ မလွှတ်ဘူးဟ”အဲဒီလို တဟားဟားရယ်ပြောတိုင်း အဘွားက မျက်စောင်းတခဲခဲ . . နူးညံ့တဲ့ အဘွားက ဘယ်တော့မှ ယောကျာ်းကို ကြမ်းကြမ်းတမ်းတမ်း မပြောဘူး။

အဘိုးဟာ အိမ်ပြန်ရောက်တာနဲ့ အဘွားကို လိုက်ရှာတတ်တာ၊ အဘွား အပြင်ထွက်တာနဲ့ ဘယ်တော့ ပြန်လာမလဲလို့ တမျှော်မျှော် . .အဘွားပြင်ပေးတဲ့ ထမင်းဟင်းနဲ့သာ မြိန်တတ်သူ . .ရှာရသမျှ ငွေကို အဘွားလက်ထဲ တစ်ပြားမကျန် အပ်တတ်သူ၊ အဘွားစီမံသမျှ နာခံတတ်သူ . . ဘာကြောင့် ဒီလောက်အထိ မိန်းမကို ချစ်ခင်မြတ်နိုးရသလဲ။

အကြောင်းရင်းကိုတော့ အဘွားဆီမှာ သွားတွေ့ပါတယ်။
အဘွားက နူးညံ့ပြီး စိတ်သဘောထားကောင်းသူ၊ ကျွန်မတို့ သူ့ဆီသွားလည်ရင် ထမင်းဟင်းအမြဲ အဆင်သင့် ခူးခပ်ကျွေးတတ်သူ(အဘွားရဲ့အကောင်းဆုံးဟင်းလျာတွေက ဆိတ်သားထောင်း၊ အမဲသားထောင်း၊ ဆီးဖြူသီးထောင်း စတဲ့အထုအထောင်းလေးတွေ)၊ သူ့ဘေးနားသွားထိုင်လိုက်ရင် ခေါင်းက ဆံပင်တွေထဲထိုးဖွပြီး သန်းရှာပေးတတ်သူ (သန်းတွေ့တာ၊ မတွေ့တာထက် ဇိမ်ကျတော့ ကျွန်မတို့က အဘွားဘေးကို အရင်ရောက်အောင်အလုအယက် ပြေးတတ်မြဲ)၊ ဘယ်သူနဲ့မဆို သူတစ်ပါးကို ဦးစားပေးတတ်သူ(အိမ်နီးနားချင်းနဲ့ အသား ၅၀ သားစီ ဝယ်ရင် “ကြိုက်တာယူပါ” ဆိုပြီး ရွေးချယ်ခွင့်ပေးသူ)၊ တစ်နေ့လုံး ခင်ပွန်းနဲ့သားသမီး ဝေယျာဝစ္စကိုသာလုပ်ပေးတတ်တဲ့ အဘွားဟာ ခင်ပွန်းဆုံးချိန်မှာ ဘေးနားမှာအိပ်ရင်း မိုးမလင်းသေးလို့ သားသမီးတွေကိုမပြောဘဲ ၄-၅-၆ နာရီမက တစ်ယောက်တည်း မျိုသိပ်နေသူ(အဘိုး အသက်ရှူရပ်သွားတုန်းက ဘာဖြစ်လို့မပြောတာလဲလို့ မေးလိုက်ရင် “အိမ် သားတွေအိပ်ရေးပျက်မှာစိုးလို့”လို့ ဖြေတတ်တယ်)

အဘိုးက ဆိုးသွမ်းတဲ့ သားတွေအပေါ် စိတ်တိုင်းမကျတာရှိခဲ့ပေမယ့် အဘွားနဲ့ ပတ်သက်လို့ တော့ ဘဝမှာကျေနပ်နှစ်သိမ့်သွားခဲ့တယ်။ ဒီလို ရိုးမြေကျပျော်ရွှင်စွာ ပေါင်းဖက်ခွင့်ရဖို့ဆိုတာ အဘိုးတစ်ယောက်တည်း ချစ်ခင်ရုံနဲ့မပြီးဘူးဆိုတာကျွန်မ နားလည်သဘောပေါက်မိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top