Healthy Life Ad
Health Tips

အပူဒဏ်ခံရပါက ရှေးဦးသူနာပြုစုနည်းများ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ပြင်းထန်တဲ့ အပူဒဏ်ခံရသူတွေက အပူဒဏ် သင့်ဝေဒနာတွေ ခံရနိုင်ပါတယ်။ အပူဒဏ်ခံရတဲ့အတွက် အပူရှပ်ပြီး သတိလစ်တာ၊ အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းချည့်နဲ့တာ၊ အပူဒဏ်ကြောင့် မေ့လဲတာ၊ အပူဒဏ်ကြောင့် ကြွက်တက်တာ၊ အပူဒဏ်ကြောင့် နီမြန်းတာစတဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အလုပ်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ လယ်သမားတွေနဲ့ အပြင်ထွက် အလုပ်လုပ်နေရသူတွေက အပူဒဏ်ခံရနိုင်ခြေများပါတယ်။ အထူးသဖြင့် အဝလွန်သူတွေ၊ အသက် ၆၅ နှစ်ကျော်သူတွေဟာ ပြင်းထန်တဲ့ အပူရှိန်ကြောင့် သွေးတိုးတာနဲ့ နှလုံးရောဂါဒဏ်ခံရနိုင်တာကို သတိပြုဆင်ခြင်စေ လိုပါတယ်။ ဒါကြောင့် အပူဒဏ်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ရှိသလဲ၊ ပိုဆိုးမသွားစေဖို့နဲ့ အမြန်ဆုံး သက်သာရာရစေဖို့ ဘယ်လိုရှေးဦးပြုစုသင့်သလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) အပူလျှပ်ပြီး သတိလစ်ခြင်း (Heat Stroke)

အပူလျှပ်ပြီး သတိလစ်တာက အပြင်းထန်ဆုံး အပူကြောင့်ဖြစ်တဲ့ ဝေဒနာပါ။ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းချုပ်နိုင်တော့ဘဲ ကိုယ်အပူချိန် မြင့်တက်လာကာ ချွေးထွက်တဲ့ လုပ်ငန်းဆောင်တာ ကျဆင်းသွားပါတယ်၊ နောက်ဆုံးမှာ ခန္ဓာကိုယ်က မအေးတော့ဘဲ ကိုယ်အပူချိန်က ၁၀၆ ဒီဂရီဖာရင်ဟိုက်အထိ အချိန် ၁၀-၁၅ မိနစ်အတွင်း မြင့်တက်လာပါတော့တယ်။ ဒီအချိန်မှာ အရေးပေါ်ကုသမှု မပေးနိုင်ရင် အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

အပူလျှပ်ပြီး သတိလစ်တဲ့အခါ-

အရေပြားပူပြီး ခြောက်သွေ့နေတတ်ပါတယ်၊ ချွေးခြောက်နေတတ်ပါတယ်၊

ကယောင်ကတမ်းဖြစ်နိုင်ပါတယ်၊

ချမ်းတုန်နေပါတယ်၊

ခေါင်းထိုးကိုက်တတ်ပါတယ်၊

ကိုယ်အပူချိန် မြင့်တက်နေပါတယ်၊

စကားပြောရင် မပီဘဲ ဝါးနေတတ်ပါတယ်

သတိလွတ်ပြီး ခေါင်းမူးနေတတ်ပါတယ်

ရှေးဦးသူနာပြုစုနည်းများ

အရေးပေါ် လူနာတင်ယာဉ်ခေါ်ပါ။

အေးမြတဲ့ အရိပ်အာဝါသရှိတဲ့နေရာကို ပြောင်းပါ၊ (လူနာက မလုပ်နိုင်ရင် ဘေးက လူက ရွှေ့ပေးပါ)

အဝတ်အစားတွေကို ရေစွတ်ပြီး ရေပတ်တိုက်ပြီး အေးသွားအောင် လုပ်ပေးပါ၊

ပန်ကာလေဒါမှမဟုတ် အဲကွန်းနဲ့အေးမြအောင် လုပ်ပေးပါ။

(၂) အပူကြောင့် အားအင်ကုန်ခမ်းချည့်နဲ့ခြင်း (Heat Exhaustion)

ချွေးအလွန်အမင်းထွက်တဲ့အခါ ခန္ဓာကိုယ်ကနေ ရေနဲ့ ဆားဓာတ် အလွန်အမင်းဆုံးရှုံးမှုကို တုန့်ပြန်ရာက အားအင်ကုန်ခမ်းချည့်နဲ့တတ်ပါတယ်။အသက်ကြီးသူတွေ၊ သွေးတိုးသူတွေနဲ့ အပူထဲ အလုပ်လုပ်ရသူတွေ အဖြစ်များပါတယ်။

ရောဂါလက္ခဏာများ

ချွေးထွက်များတတ်ပါတယ်၊

အလွန်အမင်း အားနည်းတတ်ပါတယ်၊ နုံးချည့် ညောင်းညာတတ်ပါတယ်၊

မူးဝေတတ်ပါတယ်၊ သတိလက်လွတ်ဖြစ်တတ် ပါတယ်၊

ပျို့ချင်အန်ချင်စိတ်ပေါ်တတ်ပါတယ်၊

အရေပြားက စေးထန်းထန်းဖြစ်နေတတ်ပါတယ်၊

အသားအရောင် ဖျော့တော့နေတတ်ပါတယ်၊

ကိုယ်အပူချိန် အနည်းငယ် မြင့်တက်နေတတ်ပါတယ်၊

ကြွက်တက်တတ်ပါတယ်၊

အသက်ရှူမြန်နိုင်ပါတယ်။

ရှေးဦးသူနာပြုစုနည်းများ

အပူကြောင့်အားအင်ကုန်ခမ်းတဲ့အခါ-

အရိပ်ရပြီး အေးမြတဲ့နေရာ ဒါမှမဟုတ် အဲကွန်းခန်းထဲမှာ လူနာကို အနားယူခိုင်းပါ။

ရေများများတိုက်ပါ ဒါမှမဟုတ် အေးမြတဲ့ အယ်လ်ကိုဟောမပါတဲ့ အရည်တိုက်ပါ၊

ရေပတ်တိုက်ပေးပါ။

(၃) အပူဒဏ်ကြောင့် မေ့လဲခြင်း (Heat Syncope)

နေပူထဲကြာကြာရပ်ရတဲ့အခါ ဒါမှမဟုတ်ထိုင် နေရာက ရုတ်တရက် ထလိုက်တဲ့အခါ အပူဒဏ်ကြောင့် မေ့လဲနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာနဲ့ တွဲဖြစ်တတ်တဲ့ အခြေအနေပါ။

ရောဂါလက္ခဏာများ

ခေါင်းကိုက်တတ်ပါတယ်၊

ခေါင်းမူးတတ်ပါတယ်၊

သတိလစ်ချင်သလို ဖြစ်တတ်ပါတယ်။

ရှေးဦးသူနာပြုစုနည်းများ

အပူဒဏ်ကြောင့် မေ့လဲချင်သလိုလို စဖြစ်တာနဲ့ အေးမြတဲ့နေရာမှာ ထိုင်ပါ ဒါမှမဟုတ် လှဲနေပါ။

ရေ၊ အားကစားအချိုရည်နဲ့ သစ်သီးဖျော်ရည်ကို ဖြည်းဖြည်းချင်းသောက်ပေးပါ။

(၄) အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat Cramps)

ပြင်းထန်တဲ့လှုပ်ရှားမှု လုပ်ရာက ချွေးထွက်များတဲ့အခါ ကြွက်တက်တဲ့ ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ ကြွက်သားတွေထဲမှာ ဆားဓာတ်နည်းရာက နာကျင်တဲ့ ကြွက်တက်ဝေဒနာရတတ်ပါတယ်။

ရောဂါလက္ခဏာများ

ဝမ်းဗိုက်၊ လက်မောင်းနဲ့ ခြေသလုံးတွေမှာ ကြွက်သားတောင့်တင်းနာကျင်တတ်ပါတယ်၊ ဆန့်ငင်ဆန့်ငင်ဖြစ်တတ်ပါတယ်။

ရှေးဦးသူနာပြုစုနည်းများ

လှုပ်ရှားမှုအားလုံးရပ်ပြီး အေးမြတဲ့ နေရာမှာ ထိုင်ပါ။

အားကစားအချိုရည်သောက်ပါ။

ဒီလိုဖြစ်ပြီး နာရီပိုင်းအတွင်း ပြင်းထန်တဲ့ လှုပ်ရှားမှုကို ပြန်မလုပ်ပါနဲ့။

နှလုံးရောဂါရှိရင်၊ ဆိုဒီယမ်နည်းတဲ့ အစာတွေ စားနေရင် တစ်နာရီအတွင်း ကြွက်တက်တာ မသက်သာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၅) အပူကြောင့် နီမြန်းခြင်း (Heat Rash)

ပူပြင်းစိုစွတ်တဲ့ ရာသီဥတုအတွင်း ပြင်းပြင်းထန်ထန် ချွေးထွက်ပြီး အပူဒဏ်ကြောင့် နီမြန်းမှု ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာများ

အရေပြားမှာ သေးငယ်တဲ့ အရည်ကြည်ဖု ဒါမှမဟုတ် ဝက်ခြံနီဖုလို ဖြစ်တတ်ပါတယ်။

လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ၊ ရင်သားနဲ့တံတောင်ဆစ်အကွေးနေရာတွေမှာ အရည်ကြည်ဖုတွေ အဖြစ်များပါတယ်။

ရှေးဦးသူနာပြုစုနည်းများ

အေးမြပြီး စိုထိုင်းဆနည်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ပါ။

အရည်ကြည်ဖုပေါက်တဲ့ အရေပြားနေရာတွေကို ခြောက်သွေ့အောင် ထားပါ။

ပေါင်ဒါမှုန့် လိမ်းပေးပြီး ယားယံမှုသက်သာအောင် လုပ်ဆောင်ပါ။

Ref; cdc

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top