Healthy Life Ad
Life Style

လိင်တူချစ်သူတို့ စိတ်ကျန်းမာရေး ကောင်းမွန်စေရန်

ဂေး၊ လိင်တူချစ်သူနဲ့ MSM အများစုမှာ စိတ်ကျန်းမာရေးပြဿနာဖြစ်နိုင်ခြေပိုများပေမယ့် သူတို့တွေက စိတ်ကျန်းမာရေးကောင်းမွန်အောင် ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ တခြားလူတွေလိုပဲ MSM အများစုဟာ စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ခွဲခြားဆက်ဆံခံရတာ၊ လူအများရဲ့ပြစ်တင်ရှုံ့ချ ခံရတာ စတဲ့ ဖိစီးမှုတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်စွမ်းရှိပါတယ်။ တကယ်တော့ လိင်တူချင်းချစ်ကြိုက်တာ၊ စုံမက်တာက စိတ်ပိုင်းဆိုင်ရာဝေဒနာမဟုတ်ပါဘူး။ လိင်တူချင်း ချစ်ကြိုက်တဲ့အတွက် ခွဲခြားဆက်ဆံခံရတာ၊ အသိုင်းအဝိုင်းကစွန့်ပစ်တာ စတဲ့အချက်တွေကြောင့်သာ သူတိုရဲ့ ကျန်းမာရေး၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအတွက် ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် လိင်တူချင်းစုံမက်သူတွေဆိုရင် ဒီလိုလူမှုအသိုင်းအဝိုင်းရဲ့ ဖိနှိပ်ချိုးနှိမ်မှုဒဏ်ကို ခံနိုင်ရည်လျော့နည်းတတ်ပါတယ်။ လေ့လာမှုတွေအရ တခြားအမျိုးသားတွေနဲ့ယှဉ်ရင် လိင်တူချစ်သူတွေမှာ စိတ်ဓာတ်ကျတာ၊ စိတ်ကြွလိုက်/ကျလိုက်ဖြစ်တာ၊ ပူပင်သောကများတာ အစရှိတဲ့ ဝေဒနာတွေအဖြစ်များတတ်တယ်လို့ သိရှိရပါတယ်။ လိင်တူချင်းနှစ်သက်သူတွေကို HIV လို လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါပိုးတွေ ရှိနေနိုင်တယ်ဆိုတဲ့ လူတွေရဲ့သံသယကြောင့်လည်း သူတို့ဟာ စိတ်ဖိစီးမှုများတတ်ပါသေးတယ်။

လိင်တူချစ်သူတို့ စိတ်ကျန်းမာရေး ကောင်းမွန်စေမည့် သော့ချက်များ

– မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစုဝင်တွေရဲ့ အားပေးထောက်ပံ့မှုရှိတာက လိင်တူချစ်သူတွေ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။

– လိင်တူချင်းနှစ်သက်သူတွေဟာ လူမှုအသိုင်းအဝိုင်း၊ ဘာသာရေးဆိုင်ရာနေရာတွေ၊ အားကစားပြိုင်ပွဲ အစရှိတဲ့နေရာတွေမှာ ပါဝင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။

– စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားနေရရင် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့တွေ့ဆုံပြီး နှစ်သိမ့်ဆွေးနွေးအကြံပြုမှုကို ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top