Healthy Life Ad
Life Style

လိင်စိတ်အားပေး အစာနဲ့ ဆေးများ (Aphrodisiac)

ဒေါက်တာတင့်ဆွေ

သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္တာတွေ၊ ချစ်တာတွေ အသာထား၊ “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တစ်ညတာ စခန်းသွား” နေကြလို့ အချစ်ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine ချစ်သူများနေ့သမိုင်းဟာ မယုံရင်ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခုလည်း မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” ကဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။

ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာထောင်အရာရှိတစ်ဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္တာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက်ကလည်းမှန်၊ ယုံကြည်မှုကလည်း ပြင်းထန်တာမို့ ချစ်စရာကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစ်စောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လည်း အချစ်ရှိတယ်ပေါ့။”

Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လည်း ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိနတ်သမီး” Aphrodite ကနေလာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊အစားနဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ လိင်စိတ်အားပေးအစာနဲ့ ဆေးတွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ ကြံချိုကနေ ထုတ်တဲ့ဆေးရောင်းကောင်းလှတယ်။ ငှက်ပျောသီးနဲ့ ရေခဲမုန့်ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြကြော်ငြာတော့လည်း တစ်မျိုးပဲ။

ကနု-ကမာဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပနန်းတွင်းနဲ့အထက်တန်းလွှာအမျိုးသမီးကြီး-ငယ်ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာစားရင် ကနု-ကမာ ၅၀ အစိမ်းစားတယ်လို့ ပြောစမှတ်ရှိတယ်။ ဒီအစာက သွပ်ဓာတ်များတာမို့ သုက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ တက်စတိုစတီရုန်း ကျားဟော်မုန်းများစေတယ်။

အလယ်ခေတ်တုန်းက “အထင်တစ်ခု” ရှိခဲ့ တယ်။ ယောကျာ်းရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သားယောကျာ်းလေး မွေးစေသတဲ့။ ကနေ့ အထိယုံနေကြတာကတော့ အထီးကောင်တွေရဲ့ အစိ၊ (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ နွားထီးဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာအမေရိကမှာ တရားဝင်ရောင်းခွင့်ရှိတဲ့ ယောကျာ်းလိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီးသုံးနိုင်တယ်။ ချော့ကလက်လည်း စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ ှ Serotonin, Phenyl-ethylamine တွေဟာဦးနှောက်ထဲက သာယာမှုရတဲ့ နေရာတွေကို သက်ရောက်နိုင်လို့ sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် sex ကို အကျိုးသက်ရောက်တာ ရှာမတွေ့ဘူး။

(ကလပ်)ဆေးတွေလည်း နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှုရတယ်။ ကြွက်သားအနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင်(ကိုကိန်း)နဲ့(မက်သမ်ဖတမင်း)တို့လည်း ဒီလိုပဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ ဆေးခြောက်၊ ကိုကိန်းနဲ့ Ecstasy (MDMA) ဆေးဝါးတွေက ကျားဟော်မုန်း လျော့ စေလို့ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ အရက်မျိုးစုံနည်းနည်းဆိုရင် ဖြစ်စေနိုင်ပေမယ့် များ သွားလို့ကတော့တစ်ယောက်တည်း အိပ်ပျော်သွားမှာ သေချာတယ်။
Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာမနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်းမရှိဘူးလို့ ထောက်ပြတာရှိတယ်။ ရောင်းတော့ ကောင်းတယ်။ (စာတစ်ပုဒ် ရေးထားပါတယ်။)

သဘာဝ လိင်အားတိုး အစာနဲ့ဆေးလို့ နာမည်ပေးတာတွေလည်း မနည်းပါ။ သစ်ကြံပိုးခေါက်၊ တရုတ်နံနံကြီး၊ တရုတ်နံနံသေး၊ လေးညှင်းပွင့်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ နွယ်ချိုမြစ်၊ ဇာတိပ္ဖိုလ်အသီး-အခွံ-အပွင့်၊ မုန်ညင်း၊ ငရုတ်ကောင်း၊ ကုံကုမံ၊ သစ်ခွရည်။ နနွင်းထဲမှာပါတဲ့ Crocin ကိုလည်းကောင်းတယ်လို့ ဆိုပါတယ်။

အနံ့တွေကလည်း အားပေးပါသတဲ့။ နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တစ်မျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ် လို့ နာမည်ရနေတာ ရာစုနှစ် တစ်ခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇မျိုးပါ။ နောက်ပိုင်း Male musk deer သမင်ဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ ပန်းတွေလည်း ရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ ဘိန်းပန်း၊ နေကြာ၊ နှင်းဆီရိုင်း။
ဗီတာမင်ဘီအုပ်စု၊ သွပ်ဓာတ်၊ Kelp ပင်လယ် ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ်ရေညှိအသေး၊ လူတိုင်းစားတဲ့ဂျုံထဲမှာ မဟော်မုန်း အီစထိုဂျင်နဲ့ ဗီတာမင်အီးပါတယ်။
တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း)လို့လည်း ခေါ်တဲ့ ဆေးဖက်ဝင် သစ်မြစ်။ ဗမာတွေ မပူနဲ့ . . ကွမ်းရွက်၊ ကွမ်းသီးမှာလည်း ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်”လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္တိပြင်းပြင်းရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက်များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလိုဖြစ်စေတဲ့ သတ္တိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲဆိုပြီး Drug Safety Society က မေးခွန်းထုတ်နေတယ်။

စုံတွဲတွေ စားသုံးဖို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလည်း သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ ကညွတ်၊ ငှက်ပျောသီး၊ မှို၊ (ဒီသုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း(ဆု-ပ်)၊ သင်္ဘော သဖန်းသီး၊ (ဂျင်ဆင်း)၊ ကျောက်ပုဇွန်၊ ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါမဟုတ်)၊ Truffles ညိုမည်းမည်း မှိုတစ်မျိုး၊ နွားပျိုသားဟင်းစတာ-စတာတွေ ပါတယ်။

လိင်စိတ်အားပေးအစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကိုဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာ ကို ညာတာလား”လို့ မေးရင် မှန်လည်း မှန်တယ်။ မမှန်လည်း မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်း တစ်ခုမဟုတ်ပါလား။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top