Healthy Life Ad
Life Style

မျက်ဝန်းလှလှ ကြည်လင်တောက်ပရလေအောင်(၂)

၊ လရိပ်မေ ၊

လူတစ်ယောက်ရဲ့ အသက်အရွယ်ကိုသိချင်ရင် သူ့မျက်ဝန်းတွေကို ကြည့်လိုက်ပါဆိုတဲ့ စကားရှိပါတယ်။ မျက်ဝန်းလှလှမှာ အရေးကြောင်းထင်တာ၊ မျက်ကွင်းညိုတာတွေဖြစ်ရင် ရုပ်ရင့်သလိုထင်ရစေတာကြောင့် မျက်ဝန်းလှလှ ကြည်လင်တောက်ပနေအောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုတာကလည်း လှချင်တဲ့သူတွေအတွက် စိတ်ညစ်စရာပြဿနာပါပဲ။ မျက်ကွင်းညိုတာက အဖြစ်လည်းများလှပါတယ်။ အိပ်ရေးပျက်တာ၊ ပင်ပန်းတာနဲ့ ကျန်းမာရေးမကောင်းတာတွေကြောင့် မျက်ကွင်းညိုတာက အဖြစ်များပါတယ်။ မျက်ကွင်းညိုတဲ့အခါ ကိုယ်ရဲ့အလှအပအပေါ် ယုံကြည်မှု နည်းသွားတတ်သလို ကိုယ့်ကိုယ်ကိုယ်လည်းရှိ ရင်းစွဲအသက်ထက် ပိုကြီးနေတယ်လို့ ထင်တတ်ကြပါတယ်။ မျက်ဝန်းအောက် အသားအရေကပါးလာပြီး ခြောက်သွေ့တာကြောင့် မျက်ကွင်းညိုတာက သိသာထင်ရှားရတာဖြစ်ပါတယ်။

မျက်ကွင်းညိုတာက ကော်ဖီသောက်တာများလို့၊ အိပ်ရေးပျက်လို့၊ ပင်ပန်းနွမ်းနယ်လို့၊ သွေးအားနည်းလို့ စသဖြင့်လည်း ကျွမ်းကျင်သူတွေက ပြောထားတာတွေရှိပါတယ်။ မျက်ကွင်းညိုစေတဲ့ တခြားအချက်တွေကတော့ အလုပ်ချိန်ကြာကြာလုပ်ရတာ၊ နှာခေါင်းမြှေးပိုးဝင်တာ၊ ရာသီလာစဉ်အတောအတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ကိုယ်ဝန်ဆောင်တာနဲ့ သွေးဆုံးတာစတဲ့ အချက်တွေကြောင့်ဖြစ်တတ်ပြီး အသားအရေက ဖျော့တော့ကာ သွေးကြောတွေက ပိုပြီးသိသာထင်ရှားနေတတ်ပါတယ်။ ဒါတွေအပြင် ဆေးဝါးကုသမှုတချို့ကြောင့်လည်း သွေးကြောတွေကျယ်လာပြီး မျက်ဝန်းအောက်မှာရှိတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိမှုများကာ မျက်ကွင်းညိုရတတ်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ

မျက်ကွင်းညိုတာကို သင့်အနေနဲ့ အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။

– သင်က ညဘက်မှာ ညဉ့်နက်တဲ့အထိ အပြင်မှာလည်တတ်သူလား၊ ဒါမှမဟုတ် အလုပ်ကနေ နောက်ကျမှ ပြန်လာရသူလား။ ဒီလိုဖြစ်နေရင် တတ်နိုင်သမျှ အိမ်ကိုစောစောပြန်ရောက်အောင် ကြိုးစားပြီး စောစော အိပ်ရာဝင်သင့်ပါတယ်။

– သင်က နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရသူဖြစ်နေရင် နေရောင်ခြည်နဲ့ထိတွေ့မှုကြောင့် အသားအရေ (အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား)ကနေ ရောင်ခြယ်ပစ္စည်းထုတ်လုပ်မှုများပြီး ညိုမည်းစေပါတယ်။

– ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ စားတာနဲ့ မရှိမဖြစ်အာဟာရဓာတ်တွေ ချို့တဲ့တာတွေကလည်း မျက်ဝန်းအောက်က အရေပြားကို အရောင်ပြောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

– မျက်ကွင်းညိုစေတဲ့ တချို့အချက်တွေကိုတော့ သင့်အနေနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်ရဲ့ဆွေမျိုးသားချင်းတွေ၊ မိဘတွေက မျက်ကွင်းညိုပြီး မျက်ဝန်းအောက်က အရေပြားပါးနေရင် ဒါမှမဟုတ် ယားယံတာလို ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အခြေအနေရှိရင်သင့်မှာလည်း မျက်ကွင်းညိုနိုင်ခြေရှိပါတယ်။

– နောက်တစ်ချက်အနေနဲ့ အသက်အရွယ်ကြီးတာကလည်း မျက်ကွင်းညိုနိုင်ခြေကို များစေပါတယ်။ အသက်ကြီးလာလေလေ၊ မျက်ဝန်းအောက်အရေပြားက ခြောက်သွေ့လာပြီး အရေးကြောင်း ထင်လွယ်လာလေလေပါပဲ။

မျက်ကွင်းညိုခြင်းမဖြစ်စေရန် ကာကွယ်နည်းများ

(၁) တစ်နေ့မှာ အိပ်ချိန် ခုနစ်နာရီ၊ ရှစ်နာရီ လောက်ရတဲ့အထိအိပ်ပါ။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်မျှတနေစေဖို့ အချိန်မှန်မှန် အိပ်ရာဝင်သင့်ပါတယ်။

(၂) အာလူးသီးအစိမ်း ဒါမှမဟုတ် ပန်းသီးအစိမ်းကို ပါးပါးလှီးပြီး တစ်ရက်ခြားတစ်ကြိမ် အချိန် ၁၅မိနစ်ခန့် မျက်ဝန်းတစ်ဝိုက်မှာကပ်ပေးပါ။ မျက်ဝန်းကို အပန်းပြေစေပြီး မျက်စိညောင်းတာကို သက်သာစေပါတယ်။

(၃) လက်ဖက်အိတ်ခပ်နွေးနွေး ဒါမှမဟုတ် ခပ်အေးအေးကို မျက်ဝန်းအောက်မှာ ၁၀မိနစ်ခန့် တင်ထားပေးပါ။

(၄) အေးနေတဲ့ သခွားသီးအရည်ထဲကို ဝါဂွမ်းစနှစ်ပြီး မျက်လုံးပေါ်မှာ အချိန် ၁၅မိနစ်ခန့်ကပ်ပေးပါ။

(၅) မအိပ်ခင်မှာ ဗာဒံစေ့ဆီလိမ်းပြီး မျက်ဝန်းကိုနှိပ်ပေးပါ။

(၆) မျက်ဝန်းတစ်ဝိုက်အရေပြားကို ဗီတာမင်အီးနဲ့ ဗီတာမင်ကေပါတဲ့ အဆီလိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top