Healthy Life Ad
Life Style

မျက်ဝန်းလှလှ ကြည်လင်တောက်ပရလေအောင်(၁)

၊ လရိပ်မေ ၊

လူတစ်ယောက်ရဲ့ အသက်အရွယ်ကိုသိချင်ရင် သူ့မျက်ဝန်းတွေကို ကြည့်လိုက်ပါဆိုတဲ့ စကားရှိပါတယ်။ မျက်ဝန်းလှလှမှာ အရေးကြောင်းထင်တာ၊ မျက်ကွင်းညိုတာတွေဖြစ်ရင် ရုပ်ရင့်သလိုထင်ရစေတာကြောင့် မျက်ဝန်းလှလှ ကြည်လင်တောက်ပနေအောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

မျက်ဝန်းတစ်ဝိုက်တွင် အရေးကြောင်းပါးပါးထင်ခြင်း

အသက်ကြီးလာတဲ့အခါမှာ မျက်ဝန်းတစ်ဝိုက်ရှိ အသားအရေက ဘာကြောင့် အရေးကြောင်းထင်လွယ်ရသလဲဆိုတော့ အဲဒီအရေပြားက တခြားနေရာက အရေပြားတွေထက်ပိုပါးပြီး ပိုခြောက်သွေ့လွယ်တာကြောင့်ပါ။ ဒါကြောင့် မျက်ဝန်းအရေပြားက အဆီဓာတ်ဆုံးရှုံးပြီး အသက်ငယ်စဉ်ကလို အသစ်ပြန်ဖြစ်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက်က အရေပြားဟာကော်လာဂျင်နဲ့ အီလက်စတင်အမျှင် ဓာတ်လျော့နည်းသွားပါတော့တယ်။ ကော်လာဂျင်တွေ အားနည်းလာတာက အရေပြားကို တင်းရင်းနိုင်စွမ်းနည်းလာစေပြီး အရေပြားခြောက်သွေ့ကာ အရေးကြောင်း ထင်တာနဲ့တွန့်တာတွေ ဖြစ်လာပါတော့တယ်။

ဘယ်လိုကုသနိုင်သလဲ

– နေရောင်ခြည်နဲ့ အလွန်အကျွံမထိမိစေဖို့ အရင်ဆုံးသတိထားရမှာဖြစ်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိတာက အသားအရေအတွက် အကြီးမားဆုံး ထိခိုက်မှုတစ်ရပ်ပါပဲ။ နေဒဏ်ကို စခံရတဲ့အခိုက်မှာ မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ အရေးကြောင်းပါးပါးတွေနဲ့ အတွန့်ရာတွေဟာ အရေးကြောင်းနက်နက်ကြီးတွေအဖြစ် ပြောင်းသွားပါတယ်။

– မျက်ဝန်းတစ်ဝိုက်အပါအဝင် အသားအရေကို ထိခိုက်မှုဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ညစ်ညမ်းမှုပါပဲ။ သိသာမြင်သာအောင် ဥပမာပေးရမယ်ဆိုရင် ကျေးလက်ဒေသမှာ နေတဲ့သူအများစုက မြို့ပြမှာနေတဲ့သူအများစုထက် အသားအရေက ပိုချောမွေ့တတ်ပါတယ်။ လေထု၊ ရေထုညစ်ညမ်းမှုက မြို့ပြမှာက ကျေးလက်ဒေသမှာထက် ပိုများနေတာကြောင့်ပါပဲ။

– အရွယ်မတိုင်ခင်အိုမင်းစေတဲ့ အချက်တစ်ခုအနေနဲ့ Lifestyle လို့ခေါ်တဲ့ဘဝနေထိုင် စားသောက်တဲ့ ပုံစံကိုလည်း မေ့လျော့ထားလို့မရပါဘူး။ ဘယ်လောက်ပဲနုပျိုချင်ပါတယ်ပြောပြော . . ဆေးလိပ်သောက်မယ်၊ အရက်ကို အလွန်အမင်းသောက်မယ်၊ မကြာခဏ မျက်မှောင်ကြုတ်တာ၊ မျက်စောင်းထိုးတာတွေလုပ်မယ်၊ တစ်ချိန်လုံးရယ်နေမယ်ဆိုရင် မျက်ဝန်းအောက်မှာ အရေးကြောင်းပါးပါးလေးတွေ ထင်နေနိုင်ပါတယ်။

မျက်ဝန်းတစ်ဝိုက်အရေးကြောင်းထင်ခြင်း မဖြစ်စေရန် ကာကွယ်နည်းများ

(၁) နေရောင်ခြည်ဒဏ်ကာကွယ်ပါ
အပြင်သွားတဲ့အခါမှာ နေကာမျက်မှန်တပ်ပါ။ မဟုတ်ရင်နေရောင်ခြည်ကြောင့် သင့်အနေနဲ့ မျက်မှောင်တွန့်တာတွေလုပ်မိပြီး မျက်ဝန်းအောက်မှာ အရေးကြောင်းထင်လာနိုင်ပါတယ်။

(၂) ဆေးလိပ်မသောက်သင့်
ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းတဲ့အပြင် အသားအရေကို ညစ်နွမ်းကာ အရေးကြောင်းထင်လွယ်စေပါတယ်။

(၃) တစ်နေ့ သုံးကြိမ်လောက် သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်ကို အရေပြားပေါ်လိမ်းပါ။

(၄) အိပ်ရာမဝင်ခင်မှာ မျက်ဝန်းအောက်ကို ကြက်ဆူဆီလိမ်းပေးပြီး နံနက်ခင်းမှာ ရေနဲ့သန့်စင်လိုက်ပါ။

(၅) နာနတ်သီးအစိမ်းရဲ့ အူတိုင်နဲ့ အရေပြားပေါ်လိမ်းပေးပါ။ ၁၀မိနစ်လောက်ကြာမှ ရေအေးနဲ့ ဆေးကြောပေးပါ။

(၆) စပျစ်သီးကို ထက်ဝက်ဝက်ပြီး မျက်ဝန်းအောက်က အရေပြားတွေပေါ်ကို လိမ်းပေးပါ။ ၁၀မိနစ် လောက်ကြာမှ ရေအေးနဲ့ဆေးပေးပါ။

(၇) မျက်ဝန်းတစ်ဝိုက်ကို ကြက်ဥအကာ၊ ဘဲဥအကာနဲ့ လိမ်းပေးပါ။ မိနစ် ၂၀-၃၀ လောက်ကြာမှ ရေနဲ့ဆေးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top