Healthy Life Ad
Health Tips

ဘူးသီးစားရင် ဘယ်လိုကျန်းမာရေး ကောင်းကျိုးရှိသလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်ထဲမှာ အတွေ့ရများပြီး အိမ်ရှင်မတွေ ဟင်းချိုချက်လေ့ရှိတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက်သောက်သုံးကြသလို ဘူးသီးကိုပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကြော်ကတော့ မြန်မာလူမျိုး အများစုကြိုက်တဲ့ သရေစာလည်းဖြစ်ပါတယ်။

– အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက် ညီစေပါတယ်
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာမင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများပါတယ်။ ဒါကြောင့် အသည်းကို သန့်စင်စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

– ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါကို သက်သာစေပြီး ဘူးသီးအရည်ကတော့ ဆံပင်ဖြူတာကို လျော့ကျစေတယ်လို့ ဆိုကြပါတယ်။

– နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးစားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

– အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်
ဘူးသီးဟာ အယ်လ်ကာလိုင်းဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာတို့ကို သက်သာစေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။

– စိတ်စွဲလွန်ဝေဒနာကိုသက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားပေးတဲ့အ တွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ် တဲ့စိတ်စွဲလွန်ဝေဒနာ(OCD)ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရဘူးသီးမှာ စိတ်စွဲလွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

– ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စားတဲ့အခါ ၁၂ ကယ်လိုရီ ရရှိပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာတစ်မျိုးအဖြစ် အသိအမှတ်ပြုပါတယ်။

– အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

– မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာနဲ့ လိပ်ခေါင်း စတာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအများစုကို တွန်းလှန်ပေးနိုင်ပါတယ်။

– သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
ဘူးသီးမှာပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက်တွေက သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top