Healthy Life Ad
Life Style

ကာမဂုဏ်ကျူးလွန်စော်ကားခံရခြင်းနှင့် စိတ်ကျန်းမာရေး. . . (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

အခုဆောင်းပါးမှာ ကလေးသူငယ်တွေ ကာမဂုဏ်ကျူးလွန်စော်ကားခံရရင် အရွယ်ရောက်လာတဲ့အခါမှာ ဖြစ်ပွားတတ်တဲ့ စိတ်ဝေဒနာတွေအကြောင်းကို ဆက်လက်ဖော်ပြပါမယ်။နိုင်ငံတိုင်းလိုလိုမှာ လိင်မတော်တရော် ပြုမူခြင်းခံရတဲ့ ကလေးသူငယ်အများအပြားရှိပါတယ်။ သြစတြေးလျနိုင်ငံမှာအရွယ်မရောက်သေးတဲ့ ကလေး သူငယ်တစ်သိန်းမှာ ၁၈၇ ယောက်ဟာ တစ်နှစ်အတွင်း လိင်ကျူးကျော်စော်ကားခြင်းခံရကြောင်း သိရပါတယ်။ အများအားဖြင့် အသက် ၁၀နှစ်မှ ၁၄ နှစ် အရွယ်မိန်းကလေးတွေဟာ ဓားစာခံဖြစ်ပါတယ်။

အဲဒီကလေးတွေ ကြီးပြင်းလာရင် ဘယ်လို စိတ်ဝေဒနာတွေ ခံစားကြရသလဲ
ကာမဂုဏ်ကျူးလွန်စော်ကားခံရတဲ့ ကလေးတွေထဲမှာ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ လက္ခဏာတွေကို တွေ့ရှိရ တယ်။ အရွယ်ရောက်သူတွေ လိင်စော်ကားခံရရင် ဖြစ်ပွားတတ်တဲ့ ဘေးဒုက္ခကြောင့် စိတ်ဖိစီးမှုဝေဒနာ (PTSD)၊ စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ကဲရောဂါနဲ့ အရက်စွဲ ဆေးစွဲရောဂါတွေ ဖြစ်ပါတယ်။

အဲဒီကလေးသူငယ်တွေ အရွယ်ရောက်လာရင် ပိုပြီး ဆိုးရွားပြင်းထန်တဲ့ စိတ်ဝေဒနာနှစ်မျိုး ဖြစ်ပွား တတ်တာလည်း တွေ့ရှိရတယ်။ ရောဂါနှစ်မျိုးကတော့ (က) အစာစားခြင်းချို့ယွင်းဝေဒနာ (Eating Disorder)နဲ့ (ခ) ငြိမ်သက်ခြင်းကင်းမဲ့ ကိုယ်ရည် ကိုယ်သွေးချို့ယွင်းဝေဒနာ (Borderline Personality Disorder)တို့ ဖြစ်ပါတယ်။ အများအားဖြင့် ‘ဘော်ဒါလိုင်းရောဂါ’လို့ အလွယ်တကူသုံးစွဲပါတယ်။

‘ကလေးသူငယ်တွေ လိင်ကျူးလွန်စော်ကားတာခံရရင် အရွယ်ရောက်လာတဲ့အခါ စိတ်ဒုက္ခအမျိုးမျိုး၊ လူမှု ပြဿနာအဖုံဖုံနဲ့ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေ လိင်ကျူးကျော်စော်ကားခြင်း မခံရအောင် ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။’

(က) အစာစားခြင်းချို့ယွင်းဝေဒနာ
ကလေးသူငယ်ဘဝမှာ လိင်စော်ကားတာ ခံရရင် မြီးကောင်ပေါက်အရွယ်ကစပြီး အစာစားခြင်းချို့ ယွင်းဝေဒနာတွေထဲမှာ “ဝတယ်ထင်လို့အစားအစာ ရှောင်လွန်းတဲ့ ရောဂါ”(Anorexia Nervosa)နဲ့ “အစားကျူးအန်ထုတ်ရောဂါ (Bulimia) တွေက အဖြစ်များပါတယ်။

– ဝတယ်ထင်လို့ အစားအစာ ရှောင်လွန်းတဲ့ ရောဂါအကြောင်းကို အနည်းငယ် ပြောပြပါမယ်။ ဒီရောဂါမှာ ဝေဒနာရှင်ဟာ မိမိဝလွန်းမှာကို အလွန်အမင်းကြောက်စိတ်ဝင်နေတယ်။ လူက အရိုးနဲ့အရေသာ ကျန်သလို ပိန်လွန်းနေပေမယ့် မိမိကိုယ်ကိုယ် ဝလွန်းနေသေးတယ်လို့ ယုံကြည်နေတတ်တယ်။ မိမိကိုယ်ခန္ဓာပုံသဏ္ဍာန်နဲ့ အရွယ်အစားကိုမနှစ်ခြိုက်တဲ့ စိတ်ရှိနေတယ်။ အမြင်မှားနေတယ်။ ဒါကြောင့် ပိန်သထက်ပိန်အောင် လုပ်နေမယ်။ အစားရှောင်မယ်၊ မတန်တဆကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်မယ်။ နည်းနည်းလေး ပိုပြီး စားမိရင် အန်ထုတ်မယ်။ ဝမ်းပျက်အောင် ဝမ်းနုတ်ဆေးစားမယ်။ ကြာလာတော့ ခန္ဓာကိုယ်ကျန်းမာရေး ပျက်ပြားလာတယ်။ အသက်အန္တရာယ် ဖြစ်စေတဲ့ ရောဂါအမျိုးမျိုး စွဲကပ်ခံစားလာရတယ်။

– အစားကျူးအန်ထုတ်ရောဂါခံစားရတဲ့ ဝေဒနာရှင်တွေထဲမှာ ၄၀မှ ၆၀ ရာခိုင်နှုန်းကျော်ဟာ ငယ်စဉ်ကလိင်စော်ကားခံရတဲ့ ရာဇဝင်ရှိကြောင်း တွေ့ရတယ်။ ဒီဝေဒနာမှာ ကာယကံရှင်က အစားအစာကို မကြာခဏ ပြတ်တောင်းပြတ်တောင်း မထိန်းနိုင်၊ မသိမ်းနိုင် အလွန်အမင်း စားသောက်မယ်။ အဲဒီလို စားသောက်ပြီးရင် မိမိကိုယ်ကိုယ် အပြစ်မြင်လာတယ်။ ရှက်စိတ်ဝင်လာတယ်။ ဝဖြိုးလာမှာ ကြောက်လာတယ်။ စိတ်ထဲမှာ သာယာမှု မရှိတော့ဘူး။ အဲဒီစိတ်တွေကိုပြေပျောက်စေဖို့ လက်ညှိုးထိုး အန်ထုတ်မယ်။ ဝမ်းပျက်အောင် ဝမ်းနုတ်ဆေး စားမယ်၊ မတန်တဆ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်မယ်။ မကြာမီ ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးရတာတွေ ရှိပါတယ်။အစာစားခြင်းချို့ယွင်းရောဂါရှိသူတွေထဲမှာ နှစ်စဉ်သေဆုံးနှုန်း ၆ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အဲဒီဝေဒနာရှင်တွေထဲမှာ ၂၀ ရာခိုင်နှုန်းဟာ တစ်ချိန်ချိန်မှာ မိမိကိုယ်ကိုယ်သတ် သေသွားတတ်ကြပါတယ်။

(ခ) ဘော်ဒါလိုင်းရောဂါ (ငြိမ်သက်ခြင်းကင်း ဝေးတဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းဝေဒနာ)
ဒီဝေဒနာက လူထုထဲမှာ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ဖြစ်ပွားနိုင်ကြောင်း သိရှိရတယ်။ ကလေးသူငယ်ဘဝမှာ လိင်ကျူးလွန်စော်ကားတာ ခံရသူ ၁၂ရာခိုင်နှုန်းဟာ အရွယ်ရောက်လာတဲ့အခါ ဘော်ဒါလိုင်းရောဂါရရှိလာနိုင်တယ်။ လိင်စော်ကားခံရတာလည်း ရှိ၊ ရိုက်နှက် ညှင်းဆဲခံရတာလည်းရှိရင် ဘော်ဒါလိုင်းရောဂါဖြစ်နှုန်းက ၂၉ ရာခိုင်နှုန်းရှိပါတယ်။ ဘော်ဒါလိုင်းရောဂါရှိသူတွေရဲ့ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းမှာ ငယ်စဉ်က လိင်ကျူးလွန်စော်ကားခံရတဲ့ ရာဇဝင်ရှိပါတယ်။ အကြိမ်ကြိမ် လိင်ကျူးလွန် စော်ကားခံရတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရရင် ရောဂါပိုမိုဆိုးရွားတတ်ပါတယ်။

ဘော်ဒါလိုင်းရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ
ဘော်ဒါလိုင်းရောဂါရှင်တွေရဲ့စိတ်ထဲမှာ အစဉ်အမြဲ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရသလို ဘဝင်မကျဖြစ်နေတတ်တယ်။ စိတ်အပြောင်းအလဲက မြန်လွန်းတယ်။ စိတ်တိုလိုက်၊ စိတ်ညစ်လိုက်၊ ကြည်ကြည်သာသာဖြစ်လာလိုက်၊ အငြင်းပွားရန်လုပ်လိုက်၊ စိတ်ခံစားမှုမရှိသလို နေပြလိုက် စတဲ့ စိတ်ဂနာမငြိမ်တဲ့ အပြုအမူတွေကို တွေ့ရှိရမယ်။

အသေးအဖွဲပြဿနာကို ပုံကြီးချဲ့ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ရှိတယ်။ တက်သလို၊ နတ်ပူးသလို ဖြစ်လာတတ်တယ်။ ဗြုန်းကနဲ့ အကြမ်းဖက်မယ်။ မိမိကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်မယ်။

ဘော်ဒါလိုင်းရောဂါရှိသူတွေဟာ တစ်ဦးဦးကို မှီခိုတွယ်တာနေရမှ စိတ်ထဲမှာ လုံခြုံမှုရှိတယ်။ ဒါပေမဲ့ သူတို့မှီခိုတွယ်တာနေရသူကို အပြစ်တင်ရန်လုပ်လေ့ရှိတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး မပြေလည်ဘူး။ အပေါင်းအသင်းမမြဲဘူး။

ဘော်ဒါလိုင်းရောဂါရှင်တွေဟာ အရာရာမှာ တဇွတ်ထိုး ပြုမူလုပ်ကိုင်လေ့ ရှိတယ်။ အရက်သောက်ရင် မူးအောင်သောက်မယ်။ တွေ့ရာ မူးယစ်ဆေးကို အတိုင်းအဆမရှိ သုံးစွဲမယ်။ မထိန်းနိုင်၊ မသိမ်းနိုင် လောင်းကစားလုပ်မယ်။ အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုတွေကို မရှောင်ဘူး။ ဒါကြောင့် သူတို့ရဲ့ဘဝမှာ ပြဿနာမျိုးစုံနဲ့ အမှန်တကယ်တွေ့ ကြုံဆုံဆည်းနေကြရပါတယ်။

ဒီတော့ ဘယ်လို ဖြစ်လာသလဲ၊ မကြာခဏ စိတ်ကျရောဂါ ခံစားရတယ်။ ဘော်ဒါလိုင်းရောဂါရှိသူ တွေထဲမှာ ၇၀ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတဲ့ ရာဇဝင်ရှိတယ်။ ၁၀ ရာခိုင်နှုန်းကတော့ မိမိကိုယ်ကိုယ်အန္တရာယ်ပြုလို့ အသက်ဆုံးပါးကြရတယ်။ လူထုအတွင်း မိမိကိုယ်ကိုယ် သတ်သေတဲ့နှုန်းထက် အဆပေါင်း ၅၀ ပိုမိုတာကို တွေ့ရှိရပါတယ်။
_ _ _

ကလေးသူငယ်တွေ လိင်ကျူးလွန်စော်ကား တာခံရရင် အရွယ်ရောက်လာတဲ့အခါ စိတ်ဒုက္ခအမျိုးမျိုး၊ လူမှုပြဿနာအဖုံဖုံနဲ့ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေ လိင်ကျူးကျော် စော်ကားခြင်း မခံရအောင် ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

ဘယ်လို ဆောင်ရွက်နိုင်သလဲ
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုပ်နည်းလုပ်ဟန်မတူ ကြပေမယ့် ယေဘုယျအားဖြင့် အခန်းကဏ္ဍလေးမျိုး ခွဲခြားထားတာ တွေ့ရှိရတယ်။

(က) လိင်ကျူးကျော်စော်ကားတာနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း။ ဥပမာ စာသင်ကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး ဟောပြောပွဲတွေ၊ ရပ်ကွက်အစည်းအဝေးတွေ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေမှာ ပညာပေးအစီအစဉ်တွေ ထည့်သွင်းပေးနိုင်ပါတယ်။ ကလေးသူငယ်တွေကို လိင်ကျူးကျော် စော်ကားတာနဲ့ ပတ်သက်ရင် လုံးဝလက်မခံသင့်တဲ့ အယူအဆက ပြည်သူလူထုထဲမှာ ပျံ့နှံ့နေဖို့ လိုအပ်ပါတယ်။

(ခ) ကလေးသူငယ်တွေကို လိင်ကျူးကျော် စော်ကားနိုင်တဲ့ အခြေအနေတွေ လျော့နည်းအောင် စီမံဆောင်ရွက်နိုင်ပါတယ်။ ဥပမာ- လိင်ကျူးကျော် စော်ကားဖို့ အခြေအနေရှိတဲ့ ပတ်ဝန်းကျင်မှာ နေ ထိုင်ရတဲ့ကလေးသူငယ်တွေကိုကာကွယ်မှုပေးခြင်း၊ လိင်ကျူးကျော်စော်ကားမှုရှိရင် တိုင်တန်းအရေးယူ နိုင်အောင် လမ်းဖွင့်ပေးခြင်း၊ ကလေးသူငယ်တွေနဲ့ ထိတွေ့ဆက်ဆံရမယ့် အလုပ်အကိုင် (ဥပမာ ကျောင်းဆရာ၊ ကလေးထိန်းလုပ်သား၊ အားကစားနည်းပြ၊ ကျန်းမာရေးဝန်ထမ်း)ကို မခန့်ထားခင် အ လုပ်လျှောက်သူရဲ့ ရာဇဝင်ကို ရဲက စစ်ဆေးခြင်း။

(ဂ) လိင်ကျူးကျော်စော်ကားသူကို ထိထိရောက်ရောက် အရေးယူတဲ့ ဥပဒေတွေ ပြဌာန်းပါတယ်။ ဥပမာ မပေးမနေရ ထောင်ဒဏ်အပြည့်အပြစ် ဒဏ်ချမှတ်ခြင်း၊ အကျဉ်းထောင်ထဲမှာ နေစဉ် လိင်ဖောက်ပြန်တဲ့ အပြုအမူလျော့နည်းအောင် ကုသမှု ခံယူရခြင်း။ ကတိဖြင့် ထောင်မှလွှတ်ပြီးရင် ရပ်ကွက်ထဲမှာ ဥပဒေနဲ့ ကြီးကြပ်မှု ဆက်လက်ခံယူရခြင်း။

(ဃ) လိင်ကျူးကျော်စော်ကားတာ ခံရတဲ့ ကလေးသူငယ်တွေ ကုသမှု ရရှိနိုင်အောင် သီးသန့်အစီအစဉ်တွေကို ဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့ ပြုစုပျိုးထောင်ပံ့ပိုးမှုတွေ ပြည့်စုံအောင် စီမံပေးပါတယ်။ လိင်ကျူးကျော်စော်ကားတာ ခံရတဲ့ ကလေး သူငယ်တွေကို ကူညီစောင့်ရှောက်တဲ့ ပရဟိတ စေ တနာ့ဝန်ထမ်းအဖွဲ့အစည်းတွေလည်း ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top