Healthy Life Ad
International

မီးမြှိုက်ကုထုံးအပါအဝင် တရုတ်ရိုးရာ ကုထုံးများနှင့် ကိုယ်အလေးချိန်ကျရန် ကြိုးစားနေသည့် ၁၁ နှစ်အရွယ်ကလေးငယ်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ ဟာဗင်မြို့မှ အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဟန်ဟာ အသက် ၃ နှစ်သားကတည်းက Prader-Willi syndrome ရောဂါရှိနေ ကြောင်းသိရှိခဲ့ပါတယ်။ ဒါက ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါမျိုးဖြစ်ပြီး အလွန်အမင်း အစာစားတာ၊ သင်ယူရခက်ခဲတာနဲ့ ကြီးထွားမှုပုံစံမမှန်တာတို့ ဖြစ်တတ်ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ၉၄ ပေါင်ရှိခဲ့ပြီး ကိုယ်အလေးချိန် ဒလဟောတက်လာခဲ့သလို သင်ယူနိုင်စွမ်းလည်း ခက်ခဲလာခဲ့ပါတယ်။

အဝလွန်တာနဲ့ ဆက်စပ်ပြီး သွေးတိုးတာ၊ အသည်းအဆီဖုံးတာနဲ့ အဆစ်အမျက်ကိုက်ခဲတာတို့ ဖြစ်ပေါ်လာပါတယ်။၂၀၁၆ မတ်လမှာ လီဟန်ဟာ အရပ် ၅ ပေရှိလာသလို ကိုယ်အလေးချိန် ၃၆၈ပေါင် ရှိလာခဲ့ပါတယ်။ မိဘတွေက ကိုယ်ကာယ လေ့ကျင့်ခန်းတွေနဲ့ ကိုယ်အလေးချိန်လျော့အောင် ကြိုးစား ခိုင်းပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ အစာအိမ်လမ်း ကြောင်းလွှဲတဲ့ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကိုယ်အလေးချိန် ၃၁၅ ပေါင်သို့ ကျဆင်းသွားခဲ့ပေမယ့် မကြာခင်မှာ ပေါင် ၃၃၀ အထိပြန်တက်လာခဲ့ပါတယ်။

အခုအခါမှာတော့ လီဟန်က အဝလွန်သူတွေကို အထူးကုသပေးတဲ့ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေပါတယ်။ ဒီဆေးရုံက စုပ်ခွက်ကုထုံး၊ မီးမြိုက် ကုထုံးနဲ့ အပ်စိုက်ကုထုံးတို့လို တရုတ်ရိုးရာကုထုံးတွေနဲ့ ကုသပေးတာဖြစ်ပါတယ်။

မီးမြိုက်ကုထုံးက လူနာရဲ့အရေပြားပေါ်မှာ ရေစိုအဝတ်တင်ကာ အဲဒီအပေါ်မှာ မီးမြိုက်ထားတဲ့ အရက်စွပ်ထားတဲ့ အဝတ်ကိုတင် ကုသပေးတာဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ဆိုပါတယ်။ စုပ်ခွက်ကုထုံးက ကြွက်သား နာကျင်တာသက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်လို့ သိရပါတယ်။ အပ်စိုက်ကုထုံးကတော့ ခေါင်းကိုက်တာနဲ့ နာကျင်တာတို့ကို သက်သာစေတယ်လို့ဆိုပါတယ်။ လီဟန်က လွန်ခဲ့တဲ့နှစ်လကတည်းက ဒီကုထုံးတွေနဲ့ ကုသမှုခံယူခဲ့ပြီး အခုအခါ ကိုယ်အလေးချိန် ၃၄ ပေါင်ကျဆင်းသွားပြီလို့ သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top