Healthy Life Ad
Life Style

ဖြူစင်စွာ ဖြတ်သန်းသင့်သည့် Valentine’s Day

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

Valentine’s Day နေ့မှာ ဘယ်သူနဲ့အတူ ဖြတ်သန်းမှာလဲလို့ ချစ်သူရှိတဲ့အပျိုမလေးတစ်ယောက်ကို မေးလိုက်ရင် “ချစ်သူနဲ့အတူ ဖြတ်သန်းမှာပေါ့” ဆိုတဲ့ အဖြေကိုပဲပေးပါလိမ့်မယ်။ မှန်ပါတယ် . . ငယ်ရွယ်ပျိုမြစ်နုနယ်ဆဲအရွယ်မှာ ချစ်သူရည်းစားထားတာ အပြစ်မဟုတ်သလို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ချစ်သူပေးတဲ့ အရုပ်၊ ပန်းစည်း၊ ချောကလက်၊ အမှတ်တရလက်ဆောင်ကတ် စတာတွေလေးကိုလက်ခံကာ ချစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားတာကလည်း ကြည်နူးစရာ အမှတ်တရကောင်းတစ်ခုကို ဖန်တီးတာပါပဲ။ ဒါပေမဲ့ Valentine’s Day နေ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ မကြုံလာရစေဖို့အတွက် ဖြူစင်ပျော်ရွှင်စွာဖြတ်သန်း ကြပါလို့ အကြံပြုချင်ပါတယ်။

– ချောကလက် စားပါ
အထူးသဖြင့် ကိုကိုးပါတဲ့ ချောကလက်ဟာ သင့်နှလုံး၊ သင့်ကျန်းမာရေးနဲ့ စိတ်ခွန်အားကို တက်ကြွစေပြီး အာရုံစူးစိုက်မှုကို သိသိသာသာ ကောင်းမွန်စေပါတယ်။ နေ့တိုင်း ကိုကိုး ၂၀ဝ မီလီဂရမ် မှီဝဲရင် နှလုံးအကျိုးပြု ဖလေဗိုးနွိုက်တွေကို ရရှိစေပါတယ်။ ဖလေဗိုးနွိုက်က စိတ်ခံစားချက်ကို ကောင်းမွန်စေရုံသာမက သွေးကြောကျန်းမာရေးကို ကောင်းစေကာ နှလုံးကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် သင့်ချစ်သူကို ကျန်းမာစေလိုရင် Valentine’s Day နေ့မှာသာမက တခြားဆုံတွေ့ချိန်တွေမှာလည်း ချောကလက်ကျွေးပါ။

– ချစ်သူနှင့်အတူ သီချင်း ဆိုပါ၊ သီချင်း နားဆင်ပါ
တေးဂီတရဲ့စိတ်အေးချမ်းတည်ငြိမ်စေတဲ့ အစွမ်းက အားကောင်းလှပါတယ်။ သီချင်းဆိုတာကြောင့် သွေးတိုးကျဆေးသောက်သလိုမျိုး သွေးဖိအားကို ထိန်းပေးတယ်လို့ သိရပါတယ်။ အဆစ်ရောင်နာ ပြုစုစောင့်ရှောက်မှုဆိုင်ရာဂျာနယ်မှာ ဖော်ပြထားချက်အရ သွေးတိုးနေတဲ့အတွက် ခွဲစိတ်မှုမလုပ်နိုင်တဲ့ လူနာအမျိုးသမီးတစ်ဦးဟာ သီချင်းဆိုတာကြောင့် သွေးဖိအား ပုံမှန်ပြန်ဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ချစ်သူကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိစေလိုတယ်ဆိုရင် အတူတူ သီချင်းဆိုပါ ဒါမှမဟုတ် တေးသီချင်း နားထောင်ပါ။ သီချင်းဟာ စိတ်ဓာတ်ကိုတက်ကြွစေပြီး နာကျင်မှုကို လျော့ကျစေကာ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။

– ချစ်ခင်ကြင်နာပါ
ကြင်နာပြီး ညှာတာတဲ့ အပြုအမူနဲ့ သင့်ချစ်သူကို အံ့အားသင့်အောင် လုပ်ပါ။ ဆိုလိုတာက ကြီးကျယ်တဲ့ အရာမဟုတ်ပေမယ့် သင့်ချစ်သူ လုပ်စေချင်တဲ့အရာကို လိုက်လျောပေးတာမျိုးပါ။ Valentine’s Day နေ့မှာ ဆေးလိပ်ဖြတ်တာမျိုးက သင့်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက သင့်ချစ်သူရဲ့ ဆန္ဒကို ချစ်ခင်ကြင်နာမှုနဲ့ လိုက်လျောပေးရာ ရောက်ပါတယ်။ ကြင်နာမှုကြောင့် သင်ရော သင့်ချစ်သူပါ စိတ်ခံစားမှုကောင်းမွန်တဲ့ အောက်ဆီတိုစင် အထွက်တိုးပြီး သွေးတိုးကျနေပါလိမ့်မယ်။

– မျက်ရည်ကျသည်အထိ ရယ်မောပါ
တစ်နေ့ အနည်းဆုံးတစ်ကြိမ်လောက် ဟက်ဟက်ပက်ပက် ရယ်မောတာက စိတ်ခံစားမှု ကောင်းမွန်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်ချစ်သူနဲ့ ဆုံတွေ့တဲ့အခါ ဟာသတွေပြောပြီး မျက်ရည်ကျတဲ့အထိ ရယ်မောလိုက်ပါ။ ပျော်ရွှင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လှုံ့ဆော်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

– အတူ လမ်းလျှောက်ပါ
သင့်ခန္ဓာကိုယ်က ကိုယ်အလေးချိန် များတာ၊ အရက်အလွန်အကျွံသောက်တာ စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထရှိနေရင် ကျန်းမာပျော်ရွှင်နိုင်ဖို့ မလွယ်ပါဘူး။ ဒီတော့ ကျန်းမာဖို့ရာအတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ အထူးသဖြင့် သင့်ချစ်သူနဲ့အတူ လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကာ နှလုံးသန်စွမ်း ကျန်းမာစေပါတယ်။ တစ်နေ့ မိနစ် ၂၀ခန့် လမ်းလျှောက်တာကြောင့် နှလုံးကျန်းမာပြီး စိတ်ချမ်းသာစေပါတယ်။

– ဘေးကင်းအောင် နေထိုင်ပါ
အမြဲတမ်း ဘေးကင်းစေရေးပစ္စည်းတွေကို ဆောင်ထားဖို့ မမေ့ပါနဲ့။ ကားစီးရင် ထိုင်ခုံခါးပတ် ပတ်တာ၊ သင်္ဘောစီးရင် အသက်ကယ်အင်္ကျီဝတ်တာ၊ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းတာ စတဲ့ အချက်တွေကို လိုက်နာပေးရင် မတော်တဆ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင်က ချစ်သူနဲ့အတူတူ ဖယောင်းတိုင်ထွန်းပြီး ဒါမှမဟုတ် မီးဖိုပြီး စိတ်ကူးယဉ်ဖွယ်ရာကောင်းတဲ့ ညစာတစ်ခုပြင်ဆင်မယ်ဆိုရင် မီးတွေကို ဒီအတိုင်းမထားခဲ့ဖို့ သတိရပါ။ အရက်သောက်မယ်ဆိုရင် အသင့်အတင့်ပဲ သောက်သင့်ပါတယ်။ အရက်မူးလွန်တာကြောင့် ထိခိုက်ဒဏ်ရာတွေ ရတာမျိုး ဖြစ်တတ်လို့ပါ။ အရက်သောက်ပြီးရင် ကားမမောင်းပါနဲ့။

– အပျိုစင်ဘဝကို တန်ဖိုးထားပါ
အခုခေတ်မှာ မိန်းကလေးတွေဟာ ချစ်သူရည်းစားကို မိဘကွယ်ရာ၊ အစ်ကိုမောင်တွေ ကွယ်ရာမှာ ပုန်းလျိုးကွယ်လျိုးထားတဲ့ ခေတ်တော့ မဟုတ်တော့ပါဘူး။ ဒါကို မိဘတွေအနေနဲ့ နားလည်လက်ခံပေးဖို့ လိုပေမယ့် မိန်းကလေးကိုယ်တိုင်က အညှာမလွယ်ဖို့၊ စည်းကို အကျော်မခံဖို့ အရေးကြီးပါတယ်။ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲ ပေါက်ရမယ့်အဖြစ်ကို တကယ်ဆင်ခြင်ပြီး သတိထားစေချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဆက်ပွားစနစ်မှာ သားဥအိမ်၊ သားဥပြွန်၊ သားအိမ်၊ မိန်းမကိုယ်၊ ရင်သားနဲ့ ပြင်ပလိင်အင်္ဂါ စတဲ့ အစိတ်အပိုင်းတွေ ပါဝင်နေပါတဲ့ မိန်းကလေးတစ်ယောက်ဟာ အပျိုဖော်ဝင်လာတဲ့ အချိန်မှာ သားဥအိမ်ကနေ သားဥ တစ်လုံးစီ တစ်လ တစ်ကြိမ်လောက် ကြွေကျလေ့ရှိပါတယ်။ အဲဒီဖြစ်စဉ်ကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ သုက်ပိုးနဲ့ ထိတွေ့ပြီး မျိုးအောင်ခဲ့ရင် သားဥပြွန်တစ်လျှောက် ရွေ့လျားသွားပြီး သားအိမ်ထဲမှာ သန္ဓေတည်ပါတယ်။ အချင်း၊ ချက်ကြိုးစတာ တွေနဲ့တွယ်ဆက်ထားတဲ့ သားအိမ်ဟာ သီတင်းပတ် လေးဆယ်နီးပါးအကြာမှာ ကလေးမွေးဖွားလေ့ရှိပါတယ်။ ဒါဟာ အရွယ်ရောက် အမျိုးသမီးတစ်ယောက်ရဲ့ ပုံမှန်မျိုးဆက်ပွားစနစ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုနားလည်သဘောပေါက်ပြီး ကိုယ်ကိုယ်တိုင်က အိမ်ထောင်ရက်သားမကျခင်အချိန်အထိ ကိုယ့်ရဲ့အပျိုစင်ဘဝကို တန်ဖိုးထားထိန်းသိမ်းမယ် ဆိုတဲ့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ချမှတ်သင့်ပါတယ်။

– “ဟင့်အင်း”ဟု ငြင်းဆန်တတ်ပါစေ
ချစ်သူက တောင်းဆိုလာလို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က ချစ်သူအပေါ် လိုက်လျောချင်နေလို့ပဲ ဖြစ်ဖြစ် Valentine’s Day မှာ အပြင်ထွက် လျှောက်လည်ကြပြီဆိုရင် ဘယ်အချိန်မှာမဆို လိင်ကိစ္စနဲ့ ပတ်သက်လာရင်တော့ “ဟင့်အင်း”လို့ပဲ ငြင်းဆန်လိုက်ပါ။ ငယ်ရွယ်တဲ့ ပျိုမေတို့အတွက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ကိစ္စမှာ လက်တည့်စမ်းလိုက်တာဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဝတက်လမ်း အစစအရာရာအတွက် ထိခိုက်နစ်နာစရာတွေချည်းပဲ ရှိပါတယ်။

– ရောဂါပိုးများ သတိပြု
ချစ်သူရဲ့ ကျန်းမာရေးရာဇဝင်အကြောင်း ကောင်းကောင်းမသိသေးဘဲနဲ့ အချစ်နယ်ကျွံမိရာကနေ HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ ကာလသားရောဂါပိုးစတဲ့ ရောဂါပိုးတွေရရှိတတ်ပါတယ်။ အဲဒီလို ကူးစက်ခံခဲ့ရတဲ့ သာဓကတွေလည်း အများကြီးပါပဲ။ HIV လိုပိုးမျိုးကို ကူးစက်ခံခဲ့ရပြီဆိုရင် တစ်သက်လုံး အချိန်အတိအကျ နေ့စဉ်မှန်မှန် ဆေးသောက်နေရပါလိမ့်မယ်။ အခန့်မသင့်ရင် စိတ်ဓာတ်ကျပြီး ဘဝရှေ့ရေးကို ဘယ်လိုမှ ဆက်မလှမ်းချင်တော့လောက်အောင် ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ တကယ်လို့ နောက်ထပ် ကိုယ်လျှောက်လှမ်းတဲ့ ဘဝခရီးလမ်းမှာ ကိုယ်တကယ် နှစ်နှစ်ကာ ကာ ချစ်ရပြီး ရိုးမြေကျ လက်တွဲလိုသူကို တွေ့ဆုံရပြီဆိုရင် ကိုယ့်မှာရှိနေတဲ့ ရောဂါပိုးကြောင့် လက်ထပ်ပွဲ ပျက်ပြယ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့ သဘောတူကြည်ဖြူစွာ လက်ထပ်ခဲ့ရင်တောင် သားသမီးယူမယ့် ကိစ္စရပ်တွေမှာ တခြားကျန်းမာသန်စွမ်းပြီး ရောဂါပိုးကင်းသူ (အထူးသဖြင့် အမျိုးသမီး)တွေလောက်တော့ အဆင်ပြေ မချောမွေ့နိုင်ပါဘူး။

– ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အပွန်းပဲ့မခံသင့်
အပျိုစင်စစ်စစ်မိန်းကလေးတွေမှာ Self Esteem လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်က အပြည့်အဝရှိနေတတ်ပါတယ်။ အပျိုစင်ဘဝထိခိုက်ပြီး အဲဒီချစ်သူနဲ့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်က လျော့ကျသွားတတ်ပါတယ်။ အဲဒီအတွက် ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွဲမယ်ဆိုတဲ့ ရေစုန်မျောချင်တဲ့ စိတ်ဖြစ်ပေါ်ရာက ကိုယ့်ကိုယ့်ကိုယ် တန်ဖိုးထားလေးစားတဲ့ စိတ်လည်း လျော့ကျသွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top