Healthy Life Ad
Life Style

ဒုတိယအကြိမ် ချိန်းတွေ့ခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

“ဟေး . .ကေသီ”
ကျွန်မအိမ်တံခါးဝမှာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းသီရိရောက်လာတဲ့အတွက် အံ့သြ ဝမ်းသာစွာကြိုဆိုမိတယ်။ လာမယ်လို့ ကြိုမပြောဘဲ ရောက်လာတဲ့ ဧည့်သည်ကိုး . .

“နင်ဘယ်လို စုံစမ်းပြီး ငါ့အိမ်ကို ရောက်လာတာလဲ”
“ဒီလိုပဲပေါ့ . . ပါးစပ်ပါရင် ရွာရောက်ပါတယ်ဟ”
“ထိုင်ဦးလေ၊ နေဦး . . နင့်အတွက် တစ်ခုခု စီစဉ်လိုက်ဦးမယ်”
ကျွန်မ ပြောနေတုန်း သီရိက ဘာမှမလုပ်ဖို့နဲ့ အခုလေးတင် နေ့လယ်စာစားပြီးကြောင်း ပြောတယ်။ အဲဒီအချိန်မှာ အိပ်ခန်းထဲကနေ ကျွန်မခင်ပွန်းသည်က သားလေးကို ပွေ့ချီပြီး ဧည့်ခန်းထဲ ဝင်လာခဲ့တယ်။

“ဒါ ငါ့သားလေးလေ၊ တစ်လရှိပြီ”လို့ ပြောနေတုန်း သီရိက ကလေးကို ယူပြီး ပွေ့ချီလိုက်တယ်။
အဲဒီအချိန်မှာ မထင်မှတ်ဘဲ ခင်ပွန်းသည်က ကျွန်မကို အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်လို့ ပြောလာတယ်။ သီရိကိုပါ ခေါ်တော့ သူက “ငါက လေးထိန်းပေးထားမယ်၊ နင်တို့ပဲသွားကြ” လို့ဆိုတယ်။

ကျွန်မ အားတုံ့အားနာဖြစ်နေတုန်း ခင်ပွန်းသည်ကအတင်းဆွဲခေါ်တာနဲ့ အပြင်ကို ရောက်လာခဲ့တယ်။
ခင်ပွန်းသည်က ပန်းခြံတစ်ခုဆီကိုကားမောင်းလာခဲ့ပေမယ့် ကျွန်မက စိတ်ဆိုးနေခဲ့တယ်။
“ရှင်ဘယ်လိုလုပ်လိုက်တာလဲ၊ သီရိကိုအားနာစရာကြီး၊ ဧည့်သည်လာတာကို ကလေးထိန်းခိုင်းခဲ့တယ် . . ဖြစ်သင့်ရဲ့လား”
သူက ဘာမှမပြောဘဲ ပန်းခြံထဲရောက်မှ ကားရပ်ပြီး “လမ်းလျှောက်ရအောင်”လို့ဆိုတယ်။
စိတ်တိုတိုနဲ့ ကျွန်မရှေ့က လျှောက်သွားလိုက်တယ်။

တစ်နေရာရောက်တော့ ကျွန်မလက်ထဲကို ပန်းစည်းတစ်စည်း ထည့်ပေးခဲ့တယ်။
“ဒါ မင်း ကြိုက်တဲ့ နှင်းဆီနီတွေလေ”
ကျွန်မစိတ်ဆိုးတာတွေ ပြေလျော့ပြီး ပန်းတွေကို တယုတယယူနမ်းလိုက်မိတယ်။ ပန်းစည်းပေါ်မှာ ချစ်ရတဲ့ ကေသီဆိုပြီး ရေးထားသေးတယ်။

ပန်းခြံထဲက အပြန်မှာ သူက စားသောက်ဆိုင်တစ်ဆိုင်ကို မောင်းပြန်တယ်။
အဲဒီစားသောက်ဆိုင်ထဲ ကျွန်မဝင်လိုက်တော့ မကေသီတို့အတွက် သီးသန့်စီစဉ်ထားပါတယ်လို့ စားပွဲထိုးက ပြောတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ ညစာစားပွဲတစ်ခု . .
ခင်ပွန်းသည်ကို ကြည့်တော့ သူက အေးအေးလူလူပဲစားနေခဲ့တယ်။ ကျွန်မက သူ့ကိုပြုံးပြီးကြည့်မိတယ်။ စားသောက်ပြီးလို့ ပြေစာလာပေးတော့ ကျွန်မယူကြည့်မိရင်း မျက်လုံးပြူးသွားခဲ့တယ်။

“ချစ်တဲ့ ကေသီရေ . .”ဆိုပြီး အစချီရေးထားတဲ့ စာလေးတစ်စောင် . .။
အဲဒီနေ့က ကျွန်မ ရင်တွေတုန်နေခဲ့တယ်။ သားလေးမွေးပြီး မွေးကင်းစကလေးကို ပြုစုနေရတဲ့အတွက် ခံစားနေရတဲ့ ပင်ပန်းမှုတွေအားလုံး ပြေလျော့သွားသလိုမျိုး . . ဒါက ကျွန်မအတွက် ဘယ်တော့မှ မေ့လျော့မသွားမယ့် ဒုတိယအကြိမ် ချိန်းတွေ့မှုလည်း ဖြစ်ခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top