Healthy Life Ad
Life Style

အဆီပြန်သည့် အသားအရေပိုင်ရှင်တို့ အသားအရေ ကြည့်ကောင်းစေမည့် နည်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ဘာစားနေသလဲ ဆန်းစစ်ပါ
ကိတ်မုန့်လို သရေစာတွေများများ စားလိုက်ရင် အဆီပြန်တာ ပိုသိသာနေပါလိမ့်မယ်။ သကြားနဲ့ အဆီပါဝင်မှုများတဲ့ အစာတွေကို စားပေးရင် အသားအရေကို အားနည်းထိခိုက်စေပြီး အင်ဆူလင်အဆင့်ကို မြင့်တက်စေပါတယ်။ အဲဒီအတွက် အသားအရေ ထိခိုက်လွယ်ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။အဲဒီသရေစာတွေအစား အင်တီအောက်ဆီးဒင့်နဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်ပါတဲ့ အစာတွေကိုရွေးချယ်စားပါ။ အင်တီအောက်ဆီးဒင့်က အသားအရေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က အသားအရေ စိုပြည်တင်းရင်းပြီး ရောင်ရမ်းမှုလျော့ကျအောင် ကူညီပေးပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး၊ခရမ်ဘယ်ရီသီး စတာတွေကို စားပေးပါ။ ရေများများသောက်ဖို့မမေ့ပါနဲ့။

(၂) တစ်နေ့ တစ်ကြိမ်-နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်သင့်
အဆီပြန်တယ်ဆိုပြီး မျက်နှာကို တစ်နေ့မှာအကြိမ်များများ သစ်တာက မလုပ်သင့်ပါဘူး။ ကောင်းမွန်တဲ့ မျက်နှာသစ်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သစ်ပေးရုံနဲ့တင် အဆီတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။

(၃) အစိုဓာတ်ထိန်းခရင်မ်က သင့်မိတ်ဆွေပါ
အစိုဓာတ်ထိန်းခရင်မ်လိမ်းရင် အဆီပြန်တဲ့အသားအရေကို ပိုဆိုးသွားစေနိုင်တယ်လို့ လူအများစုက ထင်မှတ်မှားနေပါတယ်။ တကယ်တော့ မျက်နှာသစ်ပြီး တိုနာ(Toner)ကို လိမ်းပေးရင် မျက်နှာပေါ်က အဆီပိုတွေကို ကင်းစင်စေပါတယ်။ ပြီးရင် အဆီမပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

(၄) ကြေးချွတ်ရန် မမေ့သင့်
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက မျက်နှာကြေးချွတ်ဖို့မေ့နေတတ်ပါတယ်။ ကြေးချွတ်တာက အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး ချွေးပေါက်အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီတော့ ဝက်ခြံ အဖု အပိမ့်မပေါက်စေနိုင်ပါဘူး။ လက်ဖက်ဆီ ဒါမှမဟုတ် ဆလီးဆလစ်အက်ဆစ်နဲ့ ကြေးချွတ်ပေးပါ။ ရောင်ရမ်းမှုလျော့ကျစေပြီး ချွေးပေါက်ပွင့်စေပါတယ်။

(၅) မျက်နှာပေါင်းတင်ပါ
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်လွယ်ကူတဲ့ မျက်နှာပေါင်းတင်နည်းက သံပရိုသီး၊ ငှက်ပျောသီးနဲ့ ပျားရည်သုံးမျိုးသုံးရုံနဲ့ အဆင်ပြေနေပါပြီ။ ငှက်ပျောသီးက အဆီထွက်နှုန်း လျော့ကျစေပြီး သံပရိုရည်ကရှိနေတဲ့ အဆီတွေကို ပျော်ဝင်သွားစေပါတယ်။ ပျားရည်ကတော့ ဘက်တီးရီးယား ပိုးသတ်အာနိသင်ရှိပါတယ်။ ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပြီး ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရို ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေကာ မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ကြာ မှ ရေနဲ့ဆေးချလိုက်ပါ။ မျက်နှာသန့်စင်လန်းဆန်းကာ ချောမွေ့ကြည်လင်နေပါလိမ့်မယ်။

(၆) Primer နှင့် စတင်ပါ
မိတ်ကပ်မလိမ်းခင် primer ကောင်းကောင်းသုံးပေးပါ။ ဒါဆိုရင် အဆီကို ကောင်းကောင်းထိန်းနိုင်ပါလိမ့်မယ်။

(၇) အလှကုန်ကောင်းကောင်း သုံးပါ
အဆီပြန်တဲ့အသားအရေရှိရင် အဆီများတဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကိုမသုံးပါနဲ့။ ဝက်ခြံ အဖုအပိမ့်မထွက်တဲ့ အလှကုန်ကောင်းကောင်း ရွေးသုံးပါ။

(၈) အဆီစုပ်စက္ကူဖြင့် တို့ပေးပါ
အဆီစုပ်စက္ကူဆောင်ထားပြီး အဆီပြန်လာတိုင်းတို့ပေးပါ။ အလုပ်ပင်ပန်းတဲ့ နေ့တွေနဲ့ စိုထိုင်းတဲ့ ဝန်းကျင်တွေမှာ အဆီပိုတွေ ပိုများတတ်ပါတယ်။

(၉) လက်ကို ငြိမ်ငြိမ်ထားပါ
အဆီပြန်တယ်ဆိုပြီး မျက်နှာကိုလက်နဲ့ သပ်တဲ့အကျင့် လုပ်မိနေသလား။ ဒါက ဝက်ခြံ အဖုအပိမ့်တွေ ထွက်စေတဲ့အတွက် မလုပ်သင့်ပါဘူး။

(၁၀) ငြိမ်ငြိမ်ထိုင်ပြီး အနားယူပါ
စိတ်ဖိစီးမှုများတဲ့အခါ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ အသားအရေ ပိုထိခိုက်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေရင် ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး အနားယူပါ။ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)သောက်ပေးပါ၊ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အသားအရေ နုပျို ကြည်လင်လှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top