Healthy Life Ad
Child

မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်နှင့် ဟော်မုန်း

၊ ကိုမိုး ၊

ဆယ်ကျော်သက်အရွယ်ဟာ တစ်ကိုယ်ရည် ဖွံ့ဖြိုးမှုနဲ့ ရင့်ကျက်မှုတို့အတွက် သိသာတဲ့အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာသလို ဟော်မုန်းတွေကလည်း စတင်အတက် အကျဖြစ်လာလို့ပါ။ ဒီလိုဟော်မုန်းအပြောင်းအလဲမှုကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်လွယ်ပြီး စိတ်မြန်စိတ်ဆတ်နေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေက ပုံမှန်လဲ၊ ဘယ်လိုအချိန်မှာ ဆေးပညာအကူအညီလိုအပ်သလဲ ဆိုတာကို သိနားလည်ဖို့ မိဘတွေအတွက် အရေးကြီးပါတယ်။

ဘယ်အခြေအနေက ပုံမှန်လဲ . .

ဟော်မုန်းတွေ စတင်အတက်အကျဖြစ်ချိန် ဖြစ်တာကြောင့် မြီးကောင်ပေါက်စ ဆယ်ကျော်သက်အနေနဲ့ အနည်းငယ် စိတ်ရှုပ်ထွေးမှု ဖြစ်ရတတ်ပါတယ်။ ဆယ်ကျော်သက်အများစုအတွက် ဟော်မုန်းအတက်အကျဖြစ်တာကြောင့် စိတ်ရှုပ်ထွေးမှု ဖြစ်ရတာက ပုံမှန်အခြေအနေပါ။ ဒီအချိန်မှာ စိတ်တည် ငြိမ်မှုရှိရှိ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ
မြီးကောင်ပေါက်စ ဆယ်ကျော်သက်တွေအနေနဲ့ ပျမ်းမျှအားဖြင့် တစ်ညမှာ အိပ်စက်ချိန် ၉ နာရီနဲ့ ၁၅မိနစ်ခန့် လိုအပ်ပါတယ်။ ဒါပေမဲ့ အိပ်စက်မှုအလေ့အထကို ကျောင်းဖွင့်ရက်တွေမှာ တစ်မျိုး၊ ကျောင်းပိတ်ရက်တွေမှာ တစ်မျိုးမပြောင်းလဲသင့်ပါဘူး။ ဒီလိုပြောင်းလဲတာကြောင့် အိပ်ရေးဝမှုကို အဟန့်အတားဖြစ်စေနိုင်လို့ပါ။

– လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ အိပ်စက်အနားယူတာက စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။

– အာဟာရ ပြည့်ဝစွာ စားသောက်ပါ
ကဖင်းနဲ့ ဆော်ဒါအချိုရည်ကို တတ်နိုင်သမျှ ရှောင်ပါ။ တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အနည်းဆုံး ငါး-ခြောက်ကြိမ် စားပေးပါ။ နံနက်စာကို ကောင်းကောင်း စားပေးသင့်ပြီး နေ့လယ်စာနဲ့ ညစာကိုလည်း မှန်မှန်စားသင့်ပါတယ်။ အဆင်သင့်အစာနဲ့ ပေါ်ပင်အစာတွေကိုလည်း ရှောင်သင့်ပါတယ်။ သကြားကို တတ်နိုင်သမျှ ထိန်းချုပ်စားပါ။

အလိုလိုနေရင်း စိတ်ဓာတ်ကျနေလျှင်

– ဟော်မုန်းအပြောင်းအလဲကြောင့် အကြီးအကျယ် စိတ်ဓာတ်ကျတဲ့ ခံစားချက်ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ စိတ်ဓာတ်ကျမှုအတွက် ဆေးကုသမှုခံယူနေချိန်မှာ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာသင့်ပါတယ်။

– မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်မှာ စိတ်ဓာတ်ကျလိုက်၊ စိတ်ကြွလိုက်နဲ့ စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်နိုင်ခြေများပါတယ်။ စိတ်အပြောင်းအလဲဖြစ်တာကို ထိန်းချုပ်နိုင်စွမ်းမရှိရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top