Healthy Life Ad
Health Tips

ငှက်ပျောဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ငှက်ပျောဖူးကို နိုင်ငံတကာမှာ စွပ်ပြုတ်တွေထဲ ထည့်ချက်စားလေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ ငှက်ပျောဖူးကို အချဉ်တည်ပြီး သုပ်စားတာ၊ ပြုတ်ပြီး တို့စားတာတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ငှက်ပျောဖူးမှာ အောက်ပါကျန်းမာရေး ကောင်းကျိုးတွေရှိပါတယ်။

– ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးဝင်ရောက်မှုကို တွန်းလှန်ပေးပါတယ်

ငှက်ပျောဖူးမှာ ပိုးမွှားပွားများမှုမဖြစ်အောင် ကာကွယ်ပေးတဲ့ အစွမ်းရှိပါတယ်။ အဲဒါကြောင့် အနာဒဏ်ရာတွေ သန့်စင်တဲ့နေရာမှာ ငှက်ပျောဖူးက အသုံးဝင်တာပါ။

– သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်

ငှက်ပျောဖူးမှာ သံဓာတ်ကောင်းစွာ ပါဝင်တာကြောင့် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ငှက်ပျောဖူးမှာပါတဲ့ သံဓာတ်က သွေးနီဥကို ကောင်းကောင်းထုတ်လုပ် ပေးနိုင်တာကြောင့် အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အောက်ဆီဂျင်မော်လီကျူးတွေကို ရောက်ရှိစေပါတယ်။

– သွေးတွင်းသကြားဓာတ်အဆင့်ကို လျော့ကျစေပါတယ်

ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ငှက်ပျောဖူးစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်အောင် မြင့်တက်မှုမဖြစ်စေဖို့ ထိန်းချုပ်ပေးနိုင်ပါတယ်။

– ကိုယ်အလေးချိန် အပိုမြင့်တက်မှုမဖြစ်အောင် ထိန်းချုပ်ပေးပါတယ်

ငှက်ပျောဖူးထည့်စားတာကြောင့် မလိုအပ်တဲ့ ကိုယ်အလေးချိန် ပေါင်အပိုတွေကို လျော့ကျစေပါတယ်။ ငှက်ပျောဖူးမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် စားပြီးတဲ့အခါ ကြာကြာ ဗိုက်ပြည့်နေစေပါတယ်။ ငှက်ပျောဖူးမှာ ကယ်လိုရီပါဝင်မှု အလွန်နည်းတဲ့အပြင် ကိုလက်စထရောလည်း ပါဝင်မှုမရှိပါဘူး။

– နှလုံး ကျန်းမာစေပါတယ်

ငှက်ပျောဖူးမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့အပြင် အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် သွေးကြောတွေထဲမှာ ကိုလက်စထရောစုပုံမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် ငှက်ပျောဖူးစားရင် နှလုံးကျန်းမာစေတာပါ။

– ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်

ငှက်ပျောဖူးမှာ အင်တီအောက်ဆီးဒင့် များများပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး ကင်ဆာဖြစ်နှုန်းကို လျော့နည်းစေပါတယ်။

– ပူပင်သောကမရအောင် ကာကွယ်ပေးပြီး စိတ်ခံစားမှုကိုမြှင့်တင်ပေးပါတယ်

စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာက တစ်ခါတလေ မဂ္ဂနီဆီယမ်ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစာတွေကို ပုံမှန်စားပေးနိုင်ဖို့ ငှက်ပျောဖူးကို ရွေးချယ်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top