Healthy Life Ad
International

ကင်ဆာဝေဒနာရှင်အမျိုးသမီး သေဆုံးနှုန်း ၂၀၃၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းမြင့်တက်မည်ဟု ခန့်မှန်း

၊ မိုးမင်းထွန်း ၊

၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာအနှံ့ ကင်ဆာရောဂါ ကြောင့် အမျိုးသမီးသေဆုံးနှုန်း ၅ ဒသမ ၅ သန်း အထိ မြင့်တက်မယ်လို့ အမေရိကန်ကင်ဆာအဖွဲ့က ခန့်မှန်းလိုက်ပါတယ်။

၂၀၁၂ခုနှစ်က တစ်ကမ္ဘာလုံး ၃ ဒသမ ၅ သန်း သေဆုံးခဲ့တာနဲ့နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်းနီးပါး မြင့် တက်လာမှာဖြစ်ပါတယ်။ သေဆုံးမှုအများစုဟာနည်းပါးတဲ့ ဝင်ငွေရှိတဲ့ နိုင်ငံတွေ၊ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာ ပိုများမယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဝါဒနဲ့ ကျန်းမာရေးစနစ်ကောင်းမွန်တာကြောင့် ၁၉၉၁ ခုနှစ်ကတည်းက ကင်ဆာကြောင့် သေဆုံး နှုန်း ၂၀ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ မာလာဝီ၊ ကင်ညာ၊ မွန်ဂိုလီးယားနဲ့ ပါပူအာနယူးဂီနီတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းတာကြောင့် သေဆုံးမှုနှုန်းမြင့်တက်နေပါတယ်။

စောစောသိပြီး ကုသနိုင်တဲ့ ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ ၅ နှစ်စစ်တမ်းအရ ၈၅ရာခိုင်နှုန်းကျော် လျော့ကျသွားပေမယ့် ဝင်ငွေအလယ်အလတ်ရှိတဲ့ တောင်အာဖရိက၊ အိန္ဒိယလိုနိုင်ငံတွေမှာ ၆၀ ရာခိုင်နှုန်း အောက်သာလျော့ကျသွားတာ တွေ့ခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ နှလုံးသွေးကြောရောဂါပြီးရင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါတွေကြောင့် အမျိုးသမီးသေဆုံးမှုနှုန်းဟာ ဒုတိယနေရာမှာရှိနေပါတယ်။ ရင်သားကင်ဆာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ဆေးလိပ်သောက်သုံးမှုများတဲ့ တရုတ်နဲ့ မြောက်ကို ရီးယားတို့မှာတော့ အဆုတ်ကင်ဆာကြောင့် ပိုသေဆုံးနေကြပါတယ်။ HIV ဖြစ်နှုန်းများတဲ့ အာဖရိက နိုင်ငံတွေမှာတော့ သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးသေဆုံးနှုန်း အများဆုံးဖြစ်နေပါတယ်။ အမျိုးသမီးကင်ဆာဖြစ်တာနဲ့ဆက်စပ်ပြီး လုပ်အား ဆုံးရှုံးတာကြောင့် ၂၀ဝ၉ ခုနှစ်မှာ တစ်ကမ္ဘာလုံး ၂၈၆ ဘီလီယံဒေါ်လာငွေကြေး ဆုံးရှုံးခဲ့ရပါတယ်။

(Ref; CNN)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top