Healthy Life Ad
Child

အိမ်တွင်း ဖုန်မှုန့်ပိုးမွှားများနှင့် ဓာတ်မတည့်ခြင်း (၂)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဖုန်နဲ့ ဓာတ်မတည့်တာက ဘယ်လိုကြောင့် ဖြစ်ရတာပါလဲ ဆရာမ။
ဖြေ. မိမိအိမ်မှာဖြစ်ဖြစ် သူတစ်ပါးအိမ်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဖုန်နဲ့ ဓာတ်မတည့်တာက ဖုန်ထဲမှာရှိနေတဲ့ အကောင်လေးတွေ၊ ပိုးဟပ်၊ မှို၊ ဝတ်မှုန်၊ တိရိစ္ဆာန်တွေက ကျတဲ့အရာတွေကြောင့် ဖြစ်ပါတယ်။

မေး. ဖုန်နဲ့ မတည့်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ. အသက်ရှူကျပ်တယ်၊ အသက်ရှူရခက်တယ်။ ချောင်းဆိုးမယ်၊ အရေပြားယားမယ်၊ အနီပြင်၊ အင်ပြင်လို အနီပိမ့်တွေ ထွက်မယ်။ ဓာတ်မတည့်မှုကို ပိုဆိုးစေတဲ့ အချိန်တွေကတော့ တံမျက်စည်းလှည်းပြီးချိန်၊ ဖုန်သုတ်၊ ဖုန်ခါ လုပ်ပြီးချိန်တွေမှာ ဖြစ်တတ်ပါတယ်။ လွင့်နေတဲ့ ဖုန်တွေကြောင့် မျက်လုံးယားတာ၊ နားရွက်ယားတာ၊ မျက်ရည်ကျတာ။ မျက်လုံးနီတာ၊ နှာရည်ယိုတာ၊ နှာပိတ်တာ၊ နှာချေတာ၊ ချောင်းဆိုး ရင်ကျပ်တာနဲ့ အသက်ရှူကျပ်တာတွေ ဖြစ်တတ်ပါတယ်။

မေး. ဖုန်နဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေ. အိမ်၊ အခန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သန့်ရှင်းရေးမှန်မှန် ပြုလုပ်ရပါမယ်၊ ခန်းလုံးပြည့် ကော်ဇောတွေကိုဖယ်ပြီး သန့်ရှင်းရေးပြုလုပ်ပါ။ တိရစ္ဆာန်တွေကို အခန်းထဲမဝင်ပါစေနဲ့။ အိမ်ကို အစိုဓာတ်ပြန်ပြီး စိုထိုင်းနေအောင် မထားရပါဘူး။ အမြဲခြောက်သွေ့နေအောင် ထားရပါမယ်။

အိမ်ဖုန်ကောင်၊ အိပ်ရာကောင် (bed mites) တွေက ပူနွေးပြီး စိုထိုင်းနေရင် ပေါက်ပွားလွယ်ပါတယ်။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ ကော်ဇော၊ ဆိုဖာတွေမှာ ရှိနေတတ်ပါတယ်။ လေထဲမှာ လွင့်နေတတ်ပြီး ကလေးငယ်တွေကို ရင်ကျပ်ပန်းနာ ဖြစ်စေတယ်။ အမြင်မှာ အိမ်တစ်အိမ်ကို ကြည့်ရုံနဲ့ သိပ်ကို သေးငယ်တဲ့ အိမ်ဖုန်ကောင် မရှိဘူးလို့ ပြောမရပါဘူး။ ပုံမှန်သန့်ရှင်းရေး ပြုလုပ်ရုံနဲ့ မရပါဘူး။ တစ်ခါတလေ ဖုန်နဲ့မတည့်တဲ့ သူက သန့်ရှင်းရေးလုပ်ရင်း ရောဂါလက္ခဏာ ပိုဆိုးသွားတတ်သေးတယ်။

အိမ်မှာ ပိုးဟပ်လိုပိုးကောင်တွေရှိရင် ပိုးကောင်လေးကထွက်တဲ့ အရာတွေက ဖုန်ထဲရောပါရင်း တချို့တုန့်ပြန်လွယ်တဲ့သူတွေကို ဓာတ်မတည့်မှု ဖြစ်စေပါတယ်။ အိမ်မှာ (Mold) လို့ခေါ်တဲ့ မှိုလေးတွေ ရှိနေတတ်ပြီး၊ ဓာတ်မတည့်မှု ရှိစေတတ်တယ်။ တချို ့ မှိုလေးတွေကို မြင်ရပြီး တချို့မှိုလေးတွေကို မမြင်ရဘူး။ မှို (Molds) လေးတွေက ခြံထဲကသစ်တုံး၊ သစ်ဆွေး၊ သစ်ရွက်ကြွေတွေမှာ နေကြတယ်။ သစ်သားအိမ်ဆို မှိုက ပိုကပ်တတ်တယ်။ မှိုလေးတွေက အိမ်ပြင်က ဝင်လာရင် ဖိနပ်နဲ့ ရောပါလာပြီး တုန့်ပြန်လွယ်တဲ့သူကို ဓာတ်မတည့်မှုဖြစ်စေတယ်။

အိမ်မှာ ခြံရှိရင်ပန်းဝတ်မှုန်တွေကလည်း ဓာတ်မတည့်မှုဖြစ်စေတယ်။ တိရစ္ဆာန် အမွှေးအမှင်တွေကလည်း ဖုန်ထဲရောပါရင်း ဓာတ်မတည့်မှု ဖြစ်စေတတ်တယ်။ ခိုလိုငှက်တွေ အမိုးမှာရှိနေရင် ငှက်မွှေး၊ ငှက်အညစ်အကြေးတွေကလည်း ဓာတ်မတည့်မှု ဖြစ်စေပါတယ်။

မေး. ဖုန်နဲ့ ဓာတ်မတည့်တာကို ဘယ်လို ကုသမှုပေးရပါသလဲ ဆရာမ။
ဖြေ. မတည့်တဲ့အရာကို ရှောင်တာ အကောင်းဆုံးပါ။ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာကို လုံးဝရှောင်ပါ။ ဥပမာ- အိမ်ထဲရောက်တာနဲ ့ နှာချေတတ်လားဆိုပြီး၊ သတိထားရမယ်။ ကော်ဇောတွေထက် ကြမ်းခင်းက ပိုကောင်းပါတယ်။ အိမ်သန့်ရှင်းရေး မှန်မှန်လုပ်ရမယ်။ အိမ်သန့်ရှင်းရေးလုပ်ရင် နှာခေါင်းအုပ်၊ မျက်မှန်တပ်၊ ဦးထုပ်ဆောင်းရမယ်။ ဖုန်သန့်ရှင်းရေးလုပ်ပြီး နှစ်နာရီကျော်လောက်ကြာမှ ဖုန်တွေ ငြိမ်မယ်။ နေ့ခင်းပိုင်း အိပ်ရာဖုံးထားသင့်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်မှန်မှန် လျှော်သင့်တယ်။ ရေခဲသေတ္တာထဲ အစာမထည့်ရင် အစာတွေကို ဖုံးထားရမယ်။

အမှိုက်တွေကိုလည်း သေသေချာချာ ဖုံးထားရမယ်။ အိမ်ထဲမှာ အပူချိန်၊ စိုထိုင်းဆတိုင်းတာတဲ့ ကိရိယာရှိရင် ပိုကောင်းတယ်။ ပြတင်းပေါက်တွေ ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းစေရမယ်။ နေရောင်ဝင်တဲ့ အခန်းတွေက ပိုကောင်းတယ်။ ပန်ကာနဲ့ ခြောက်သွေ့အောင် လုပ်ရပါမယ်။ အိမ်ထဲရောက်တာနဲ ့ နှာချေတတ်လားဆိုပြီး၊ သတိထားရမယ်။ ကော်ဇောတွေထက် ကြမ်းခင်းက ပိုကောင်းပါတယ်။ အိမ်သန့်ရှင်းရေး မှန်မှန်လုပ်ရမယ်။ အိမ်သန့်ရှင်းရေးလုပ်ရင် နှာခေါင်းအုပ်၊ မျက်မှန်တပ်၊ ဦးထုပ်ဆောင်းရမယ်။ ဖုန်သန့်ရှင်းရေးလုပ်ပြီး နှစ်နာရီကျော် လောက်ကြာမှ ဖုန်တွေငြိမ်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top