Healthy Life Ad
Health Tips

ခွေးကိုက်ခံရသောအနာကို အလျင်လို မချုပ်သင့်ဟုဆို

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ခွေးကိုက်ခံရပါက ခွေးကိုက်ခံရသည့် အနာကို အလျင်စလိုမချုပ်သင့်ကြောင်း ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးပညာဌာနမှ သမားတော် ပါမောက္ခ ဒေါက်တာနန်းဖြူဖြူအောင်က မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)တွင် ပြုလုပ်သည့် ကမ္ဘာ့ခွေးရူးရောဂါအထိမ်းအမှတ်ဟော ပြောပွဲတွင် ပြောကြားခဲ့သည်။

“ခွေးကိုက်ခံရတဲ့အနာကို ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောပေးရင် ခွေးရူးပြန်ရောဂါပိုး (Rabies)ကို ၄၀ရာခိုင်နှုန်း ကင်းစင်စေပါတယ်။ ပြီးရင် အရက်ပြန်နဲ့ဆေးကြောပေးသင့်ပါတယ်။ အနာကို အလျင်စလိုမချုပ်ပါနဲ့။ နယ်တွေမှာ အနာချုပ်ပြီး ရောက်လာကြတယ်။ ဒါက မလုပ်သင့်ပါဘူး။ အနာချုပ်လိုက်ရင် ကိုက်ခံရတဲ့ သူရဲ့အနာထဲမှာ ဗိုင်းရပ်စ်ပိုးတွေက အောင်းနေတယ်။ အဲဒီအခါ အာရုံကြောတစ်သျှူး တွေဆီရောက်သွားပြီး နောက်ဆုံးမှာ ဦးနှောက်ကို ရောက်သွားတတ်ပါတယ်။ ဒါပေမဲ့ သွေးထွက်များနေလို့ အနာချုပ်ဖို့လိုအပ်ရင် ပဋိဇီဝအမြန်တက်စေတဲ့ ဆေး(Immunoglobulin)ထိုးပြီး နာရီအနည်းငယ်ကြာမှ ချုပ်သင့်ပါတယ်။ ပြီးတော့ မေးခိုင်ကာကွယ် ဆေးလည်း ထိုးပါ။ ပဋိဇီဝဆေး(Antibiotics)လည်း ပေးနိုင်ပါတယ်။ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ချောင်း ထိပ်တွေအကိုက်ခံရရင် ပိုပြီး ဂရုတစိုက်နဲ့ အရေး ပေါ်ကုသမှုခံယူသင့်ပါတယ်”ဟု ပါမောက္ခဒေါက် တာနန်းဖြူဖြူအောင်က ပြောသည်။

ခွေးရူးရောဂါလက္ခဏာများမှာ ဦးနှောက် ရောင်ရမ်း၍ ကယောင်ကတမ်းဖြစ်ခြင်း၊ အာရုံကြော ပျော့ခွေခြင်းတို့ဖြစ်ပြီး ရှေးဦးလက္ခဏာများအနေဖြင့် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အကိုက်ခံရသည့်နေရာတွင် နာခြင်း၊ ထုံခြင်း၊ ယားယံခြင်းတို့ ခံစားရတတ်သည်။ နောက်ပိုင်းလက္ခဏာ များအနေဖြင့် ကယောင်ကတမ်းဖြစ်ခြင်း၊ လေ/ရေ ကြောက်ခြင်း၊ ကြမ်းတမ်းပြီး ရန်လိုသော အပြုအမူ များဖြစ်လာခြင်းနှင့် တစ်ခါတစ်ရံ ပြန်လည် သတိရလာခြင်း၊ တက်ခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် နှ လုံးရပ်သွားခြင်းတို့ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ရာနှုန်းပြည့်သေ ဆုံးနိုင်ကြောင်း၊ သို့သော် အချိန်မီကာကွယ်ဆေးထိုးခြင်းနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွေးရူးပြန်ရောဂါ သတိပေးနှိုးဆော်ချက်ထုတ် ပြန်ထားသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top