Healthy Life Ad
Life Style

ကြက်ဖ မတွန်ပေမယ့်လည်း မိုးလင်းပါတယ် . . . (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ထိုင်ဝမ်မှာ National Taiwan Normal University ရှိ Life Science ဌာနမှ Hus S အဖွဲ့က ကြွက်တွေနဲ့ စမ်းသပ်တွေ့ရှိချက် (Pretreatment of sialic acid efficiently prevents lipopolysaccharide-induced Acute Renal Failure and suppresses TLR4/gp 91 mediated Apop-totic Signaling )အရ ပိုး ဆိပ်ပြန့်တဲ့အခါ အဓိကဖျက်ဆီးတဲ့ ဘက်တီးရီးယားပိုးက ထုတ်လွှတ်လိုက်တဲ့ လိုက်ပိုပေါ်လီဆက်ခရိုက် (lipipolysaccharide)ကို ငှက်သိုက်မှာပါတဲ့ ဆိုင်ယာလစ်အက်ဆစ် (Sialic acid)က အဖျက်အဆီးနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပိုးဆိပ်ကြောင့် သွေးပေါင်ကျတာ လျော့နည်းစေတယ်၊ ကျောက်ကပ်ရဲ့ သွေးကြောငယ်လေးတွေမှာ ပိုးဆိပ်ကြောင့် သွေးလှည့်ပတ်မှုလျော့နည်းသွားတာကို သက်သာလျော့နည်းစေတာတွေ့ရပါတယ်။ ဒါ ကြောင့် ပိုးဝင်ပြီး ပိုးဆိပ်ပြန့်သူတွေမှာ အချိန်တို အတွင်း ကျောက်ကပ်ပျက်စီးမှု (Acute renal failure) ပိုလျော့နည်းတယ်လို့ လေ့လာဖတ်ရှုရပါတယ်။ ဒီစမ်းသပ်ချက်ကတော့ တက္ကသိုလ်မှာ စနစ်မှန်စွာနှိုင်းယှဉ်ပြီး လေ့လာထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြွက်မှာစမ်းထားတာပါ။ လူတွေနဲ့ စမ်းသပ်တာမရှိသေးပါဘူး။ ဒါကြောင့် အထောက်အထား ခိုင်မာမှုအဆင့်က ၃လောက်မှာပဲ ရှိပါသေးတယ်။

ဒါတွေအားလုံးဟာ စမ်းသပ်ခန်းတွေမှာ တိရစ္ဆာန်တွေ၊ တစ်သျှူးတွေနဲ့ စမ်းထားတာပါ။ သုတေသန အဆင့် သုံးလောက်မှာပဲ ရှိပါသေးတယ်။ ကောင်းတဲ့အချက်တွေကို ပြသနိုင်တယ်ဆိုပေမယ့် လူတွေမှာ အဆင့်မြင့်တဲ့ Evidence Level 1 ဒါမှ မဟုတ် 2 ရရှိအောင် စမ်းသပ်မထားပါဘူး။ ကောင်းတဲ့ အထောက်အထားသိပ်မခိုင်လုံပေမယ့် မကောင်းဘူးလို့ ပြောထားတဲ့ အထောက်အထားလည်း မရှိပါဘူး။

ငှက်သိုက်သောက်ရင် ဘာဆိုးကျိုးတွေရှိသလဲ
ဆိုးကျိုးအနေနဲ့ ထွေထွေထူးထူးဖော်ပြထားတာမတွေ့ရပါဘူး။ ဆေးမတည့်သလိုမျိုး ယားယံတာ (Allergy) ရှားရှားပါးပါး ရှိတတ်တယ်လို့ပဲ ပြောပါတယ်။ အသားဓာတ်တွေ၊ သတ္တုဓာတ်တွေ ပါတာက ကျောက်ကပ်ရောဂါဆိုးရင်တော့ဘေးဖြစ်နိုင်မလားဆိုတဲ့ အချက် ရှိပါတယ်။

ငွေကုန်တာနဲ့ အကျိုးကျေးဇူး ထိုက်တန်မှု ရှိ၊ မရှိ

ငှက်သိုက်ဟာ စစ်မှန်သလား၊ စစ်မှန်ရင် ဈေးနှုန်းကလည်း ကြီးပါတယ်။ ဆေးဝါးအဖြစ် နေရာယူလို့ မရပါဘူး။ အထက်မှာ ဖော်ပြထားတဲ့ ဆန်းစစ်မှု (Research) တွေက လူတွေမှာ ဆေးဝါးအဖြစ် ထိရောက်အောင် ဘယ်လောက် သောက်ရမလဲဆိုတာ မသိသေးပါဘူး။ အများကြီး သောက်မှ ဒီကြွက်တွေကို စမ်းထားတဲ့ အာနိသင်မျိုးရမယ်ဆိုရင်လည်း ငွေကြေးများစွာ ကုန်ကျမှာဖြစ်ပါတယ်။ ငှက်သိုက်ကို ကုန်ကျစရိတ်နဲ့ ရရှိမယ့် အကျိုးကျေးဇူးချင့်ချိန် သုံးစွဲရပါမယ်။ ငွေအင်အားချို့တဲ့သူတွေအဖို့ ဆေးဖိုးကို စောင်းပေးပြီး သုံးစွဲသင့်ပါတယ်။နိဂုံးချုပ်အနေနဲ့ ငှက်သိုက်ကို ဘယ်လို သုံးစွဲသင့်သလဲဆိုတာ ဉာဏ်မီသလောက် ဖြေဆိုကြည့်ပါမယ်။ ဆေးလောကမှ ဝေဖန်စရာများ ရှိခဲ့ရင်လည်း လက်ခံပါတယ်။

ငှက်သိုက်ဟာ လူကောင်းအတွက်ရော လူနာအတွက်ပါ ဓာတ်စာတစ်ခု ဖြစ်ပါတယ်။ ဆေးတစ်ခုလို့ သတ်မှတ်လို့ မရပါဘူး။ ရောဂါမျိုးစုံအတွက် အဘက်ဘက်မှ ကောင်းစေတဲ့ ကောင်းကျိုးလေးတွေကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်ထားပြီး ဆိုးကျိုးက ထွေထွေထူးထူးမရှိဘူးလို့ လေ့လာတွေ့ ရှိရတဲ့အတွက် ငှက်သိုက်သောက်လို့ရလားလို့ လူနာတွေက မေးလာတဲ့အခါ မကောင်းဘူး၊ မသောက်ပါနဲ့လို့ ငြင်းစရာ မရှိပါဘူး။

ငှက်သိုက်ဟာ လူကောင်းအတွက်ရော လူနာအတွက်ပါ ဓာတ်စာတစ်ခု ဖြစ်ပါတယ်။ ဆေးတစ်ခုလို့ သတ်မှတ်လို့ မရပါဘူး။ ရောဂါမျိုးစုံအတွက် အဘက်ဘက်မှ ကောင်းစေတဲ့ ကောင်းကျိုးလေးတွေကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်ထားပြီး ဆိုးကျိုးက ထွေထွေထူးထူး မရှိဘူးလို့ လေ့လာတွေ့ရှိရတဲ့အတွက် ငှက်သိုက်သောက်လို့ရလားလို့ လူနာတွေက မေးလာတဲ့အခါ မကောင်းဘူး၊ မသောက်ပါနဲ့လို့ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ရောဂါတစ်ခုကို ကုသအောင်မြင်ခြင်းဟာ မှန်ကန်တဲ့ပင်မကုထုံးကောင်းမှု၊ ရောဂါအဖြေမှန်ကန်မှု၊ ကုသပြုစုပေးတဲ့ အရည်အချင်းကောင်းမှု စတာတွေပေါ်မှာ များစွာမှီခိုနေပါတယ်။ ဒါတွေက ပိုအရေးကြီးပါတယ်။ ငွေကုန်ကျမှုနဲ့ အကျိုးကျေးဇူးကိုပဲ ချင့်ချိန်သုံးစွဲဖို့ တိုက်တွန်းလိုပါတယ်။

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်နဲ့ ငှက်သိုက်သောက်တာ ဘယ်လို ဆက်စပ်နေသလဲဆိုတာ ဖြေရှင်းပေးဖို့ ကျန်ပါသေးတယ်။ နေ့စဉ် အချိန်တန်ရင် မိုးလင်းပါတယ်။ တောမှာ ကြက်ဖတွေကလည်း မိုးလင်းတာနဲ့ တွန်ပါတယ်။ ဒီနှစ်ခုကို ဒွန်တွဲပြီး မှတ်ထားမိသူက ကြက်ဖတွန်လိုက်လို့ မိုးလင်းလာတယ်၊ ကြက်ဖမရှိရင် မိုးလင်းမှာ မဟုတ်တော့ဘူးလို့ စိတ်ပူနေတဲ့သူ ရှိနိုင်ပါတယ်။ ကြက်ဖဟာ မရှိမဖြစ်တဲ့အရာလို့ ထင် မိနိုင်ပါတယ်။ တကယ်တော့ ကြက်ဖမရှိရင်လည်း မိုးကလင်းမှာပါပဲ။ လူနာတွေ ဆေးကုသရာမှာလည်း ပျောက်ကင်းတယ်၊ နေကောင်းသွားတယ်ဆိုတာ အထက်မှာ ဖော်ပြထားတဲ့ ပင်မကုထုံးကသာ ပိုအရေးကြီးပြီး ရလဒ်က သူ့သဘောနဲ့သူ ဖြစ်လာမှာပါပဲ။ ဒီငှက်သိုက်က မိုးလင်းရင်တွန်ပေးတဲ့ ကြက်ဖလိုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တောမှာ နာရီမရှိရင် ဒီကြက်ဖတွန်လိုက်တာက မိုးလင်းပြီဆိုတဲ့ အသိကို ပေးတဲ့ နာရီသဖွယ် အကျိုးတော့ ရှိပါသေးတယ်။ ကြက်ဖကလည်းအသုံးဝင်တဲ့ နေရာရှိနိုင်ပါတယ်။ ငှက်သိုက်က ကြက်ဖနေရာမှာ ရှိနေပါတယ်။ ငှက်သိုက်ကို သုံးတဲ့ အခါ၊ သောက်တဲ့အခါ သိပ္ပံနည်းကျ ဘယ်နေရာမှာ ဘယ်လိုလုပ်ဆောင်သလဲ (Mechanism of action) ဆိုတဲ့ အသိ၊ ဗဟုသုတအသိတွေနဲ့ ချင့်ချိန်ပြီး သုံးစွဲပါ။ cost-benefit ကုန်ကျမှုက တန်၊ မတန် ထည့်သွင်းစဉ်းစားပြီး သုံးကြပါလို့ ပြောကြားရင်း ကြက်ဖမတွန်ရင်လည်း မိုးလင်းပါတယ်ဆိုတဲ့ ဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။

မှတ်ချက် ။ ။ ဤဆောင်းပါးရေးရာ၌ ငှက်သိုက် ကုမ္ပဏီနှင့် လုံးဝ ဆက်စပ်ညှိနှိုင်းခြင်း မရှိပါကြောင်း။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top