Healthy Life Ad
Child

လူပျိုဖော်ဝင်ချိန်တွင် ပြောင်းလဲလာသည့် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ

၊ ကိုထက် ၊

ကောင်လေးတွေက လူပျိုဖော်ဝင်ချိန် ရောက်ရင် ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ အပြောင်းအလဲ များစွာ ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုက ပုံမှန်ဖြစ်ရဲ့လား၊ ပုံမှန်ထက် ဖွံ့ဖြိုးမှုနှေးနေသလား စသဖြင့် မိဘအုပ်ထိန်းသူတွေနဲ့ ကာယကံရှင်ကိုယ်တိုင် စိုးရိမ် ပူပန်နေတတ်ကြပါတယ်။ ဒါကြောင့် လူပျိုဖော်ဝင်ချိန်မှာ ဖွံ့ဖြိုးခြင်းဆိုင်ရာ ပြောင်းလဲမှုအဆင့်တွေကို ဖော်ပြလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၁)
လူပျိုဖော်မဝင်ခင် အဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝှေးစေ့တွေက သေးငယ်ပြီး လိင်တံကလည်း ကလေးတုန်းကလိုပဲ ဖြစ်နေပါတယ်။ လိင်အင်္ဂါမှာ အမွေးတွေလည်း မရှိပါဘူး။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၂)
ဒီပြောင်းလဲမှု ဖြစ်တာက အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝှေးစေ့တွေက အရွယ်အစားကြီးလာပေမယ့် လိင်တံကတော့ နည်းနည်းပဲ ကြီးထွားပါတယ်။ ကပ္ပာယ်အိတ်က နီမြန်းကာ ပါးပြီး ပိုကြီးလာတတ်ပါတယ်။ လိင်အင်္ဂါအမွေးတွေ ထွက်လာပြီး ရှည်ကာ နက်နေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၃)
အသက် ၁၀နှစ် မှ ၁၄နှစ်အတွင်း ဝှေးစေ့က ဆက်လက်ကြီးလာကာလိင်တံကလည်း ပိုရှည်လာပါတယ်။ ကပ္ပာယ်အိတ်က ဆက်ကြီးလာပြီး လိင်အင်္ဂါအမွေးတွေက ပိုနက် ပိုကောက်ပြီး ထင်ရှားလာတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၄)
အသက် ၁၁နှစ်မှ ၁၅နှစ်အတွင်း ဝှေးစေ့တွေက ဆက်ကြီးပြီး လိင်တံက ရှည်ကာထူလာပါတယ်။ ကပ္ပာယ်အိတ်က ကြီးလာပြီး အရောင်ရင့်လာပါတယ်။ လိင်အင်္ဂါအမွေးတွေက အရွယ်ရောက်သူရဲ့ လိင်အင်္ဂါအမွေးတွေလို ကြမ်းပြီး ထူထဲကာ ကောက်နေတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၅)
အသက်၁၅နှစ်ကျော်လာချိန်မှာ ဝှေးစေ့တွေက လူကြီးတစ်ဦးလို ကြီးလာပြီး လိင်တံနဲ့ ကပ္ပာယ်အိတ်ကလည်း အရွယ်ရောက်သူတစ်ဦးလို ကြီးထွားလာပါတယ်။ လိင်အင်္ဂါအမွေးတွေကလည်း အရွယ်ရောက်သူတွေမှာ ရှိတဲ့ပမာဏအတိုင်း ဖြစ်နေတတ်ပါတယ်။
တကယ်လို့ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ လူပျိုဖော်ဝင်ချိန်နဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်ဘူးလို့ ထင်ကာ စိုးရိမ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပုံမှန် ဖွံ့ဖြိုးကြီးထွားမှု ရှိ၊ မရှိ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top