Healthy Life Ad
Q & A

ရာသီလာခါနီးရင် ဒေါသထွက်တယ်. . .

မေး။ ။ ကျွန်မ ရာသီလာခါနီးဆိုရင် ဒေါသထွက်တယ် ဆရာ၊ တစ်ခါတလေမလုပ်သင့်တာတွေတောင် လုပ် ပစ်ချင်တာ။ အဲဒါကို ဘယ်လို လျှော့ချသင့်ပါသလဲ ဆရာ။
ယုမေခင်၊ ကျောက်တံတား။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ တချို့က ရာသီလာခါနီးအချိန်မှာ လူသတ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအချိန် ကျရင် သူဟာ သူမဟုတ်တော့ဘဲ ဘယ်သူရောက်လာမှန်းမသိလောက်အောင် စိတ်ပိုင်းဆိုင်ရာ အပြောင်း အလဲတွေ ဖြစ်လာတတ်ပါတယ်။ စိတ်တင်မကဘဲ ခန္ဓာကိုယ်ကလည်း ဝ၀ဖိုင့်ဖိုင့်ကြီး ဖြစ်နေပြီလို့ ခံစား ရတတ်ပါတယ်။ နေရတာ ခေါင်းကိုက်တယ်၊ မူးတယ်၊ ပျို့တယ်၊ ရင်သားတွေ တင်းတယ်၊ စိတ်တို လွယ်တယ်၊ စိတ်ကတင်းကျပ်နေတယ်၊ အိပ်လို့ မပျော်တော့ဘူး၊ စိတ်တွေ ဂယောက်ဂယက်ဖြစ်လာတယ်။ ပြဿနာမျိုးစုံနဲ့ ထောင်ကျနေတဲ့ အမျိုးသမီး တွေကိုလိုက်ပြီး သုတေသနလုပ်တဲ့အခါကျတော့ သူတို့ရာဇဝတ်မှု ကျူးလွန်လိုက်တဲ့အချိန်က ရာသီလာခါနီး တစ်ပတ်အလို၊ နှစ်ပတ်အလိုလောက်မှာ ဖြစ်တာကိုသွားတွေ့ရပါတယ်။ ဒါကို PMS(Premenustrual Symdrome ) ဒါမှမဟုတ် Premesustrual လို့ ခေါ်ပါတယ်။ ဒါက ရာသီလာခါနီး ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့ ဒဏ်ကို ဒီ မိန်းကလေးတွေကမခံနိုင်တာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေမယ့် တချို့အမျိုးသမီးတွေက ခံနိုင်ရည်ရှိပြီး တချို့က ခံနိုင်ရည်မရှိတတ်ပါဘူး။ တကယ်တော့ ရာသီ အကြိုမှာဖြစ်တဲ့ ဝေဒနာတွေက ရောဂါတစ်ခု မဟုတ်ပါဘူး၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပဲဖြစ်ပါတယ်။ ဒါက ကြောက်စရာ ကောင်းတဲ့ ရောဂါမဟုတ်ဘဲ သဘာဝတရားဆိုပြီး ရင်ဆိုင်ကျော် လွှားဖို့ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်ကို ဘယ်လို ထားရမယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိသွားရင် ဘာမှပြဿနာ မရှိတော့ပါဘူး။

အရေးကြီးတာက ဒီအချိန်မှာ စိတ်ဖိစီးမှုကို လျှော့ ချရပါမယ်။ စိတ်ရော ကိုယ်ပါ ဖြေလျှော့တတ်ဖို့ လည်း လိုပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ ဖြေလျှော့နည်းတွေ အများကြီးရှိပါတယ်။ ဗီတာမင် B6 မှီဝဲ ပေးရပါမယ်။ Evening Primose Oil ကို မှီဝဲပေးရင် အများကြီး အထောက်အကူပြုပါ တယ်။ အဲဒီအချိန်မှာ အိပ်ရာထဲ ခွေခေါက်မနေဘဲ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဝမ်းချုပ် မခံဘဲ ဝမ်းမှန်မှန်သွားအောင် အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top