Healthy Life Ad
Life Style

ကွန်ပျူတာသမားတို့အတွက် မျက်စိညောင်းညာမှု ကင်းဝေးစေမည့် လေ့ကျင့်ခန်း

တစ်နေ့လုံး ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်နေရသူတွေအတွက် ညနေခင်းဆိုရင် မျက်စိခြောက်တာ၊ မျက်စိယားတာ၊ မျက်စိညောင်းတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို မျက်စိပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ အောက်ပါလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။


– အမှောင်ထဲကို ငေးကြည့်ပါ
စားပွဲပေါ် လက်တံတောင်ချပြီး မျက်စိကို လက်ဖဝါးနှစ်ဖက်အုပ်ကာ ဖိထားပါ။ မျက်စိကို အနားပေးပြီး အမှောင်ထဲကိုကြည့်ပါ။ နှစ်မိနစ်လောက်နေပါ။


– မျက်စိကို ဘေးတိုက်ရွေ့လျားပါ
မတ်မတ်ထိုင်ပါ၊ ဒါမှမဟုတ် မတ်မတ်ရပ်ပါ။ ရှေ့တည့်တည့်ကြည့်ပါ။ပြီးရင် ခေါင်းကိုမရွှေ့ဘဲ ဘယ်ဘက်ကိုကြည့်ပါ။ မြင်တဲ့အရာကို အာရုံစိုက်ပါ။ ပြီးရင် ညာဘက်ကိုကြည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။


– မျက်စိကို အပေါ်အောက်ရွေ့လျားပါ
မတ်မတ်ထိုင်ပါ၊ ဒါမှမဟုတ် မတ်မတ်ရပ်ပါ။ မျက်စိကို အပေါ်မြှင့်ကြည့်ပြီး မြင်တဲ့အရာကို အာရုံစိုက်ပါ။ ပြီးရင် အောက်ကိုငုံ့ကြည့်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။


– မျက်စိကို ထောင့်ဖြတ်ရွှေ့ကြည့်ပါ
ရှေ့တည့်တည့်ကြည့်ပြီး မျက်စိကို အောက်ဘယ်ဘက်ထောင့်နေရာကိုကြည့်ပါ။ ပြီးရင် မျက်စိကို ထောင့်ဖြတ်ရွှေ့ပြီး ညာဘက်အထက်နေရာကိုကြည့်ပါ။ မြင်သမျှကို အာရုံစိုက်ကြည့်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။


– မျက်စိကို စက်ဝိုင်းပုံစံ လှည့်လည်ကြည့်ပါ
မတ်မတ်ထိုင်ပြီး အနားယူပါ။ ပြီးရင် မျက်စိကို ဘယ်ဘက်ကြည့်ကာ နာရီလက်တံလှည့်သလို ဖြည်းဖြည်းချင်း ရွှေ့ကြည့်ပါ။ နာရီလက်တံပြောင်းပြန်လှည့်သလိုလည်း ရွှေ့ကြည့်ပါဦး။ သုံးကြိမ်လောက်လုပ်ပေးပါ။


– အနီး-အဝေး အာရုံစိုက်ပါ
မျက်စိကို အနီးမှာ ခဲတံတစ်ချောင်းထားပြီး အာရုံစိုက်ကြည့်ပါ။ ခဲတံက မျက်စိနဲ့ ၂၀-၃၀ စင်တီမီတာအကွာမှာ ရှိသင့်ပါတယ်။ ပြီးရင် အဝေးတစ်နေရာကို ကြည့်ပါ။ ပြီးရင်ခဲတံကို ပြန်ကြည့်ပါ။


– အာရုံစိုက်ခြင်း (၁)
မတ်မတ်ထိုင်ပြီး ရှေ့တည့်တည့်ကြည့်ပါ။ မျက်ခုံးနှစ်ခုကြားနေရာကို ငေးကြည့်ပါ။ သင်မြင်ရသမျှကို စက္ကန့်အနည်းငယ် အာရုံစိုက်ပါ။


– အာရုံစိုက်ခြင်း (၂)
မတ်မတ်ထိုင်ပြီး ရှေ့တည့်တည့်ကြည့်ပါ။ နှာခေါင်းထိပ်နေရာကို စက္ကန့်အနည်းငယ်ကြာငေးကြည့်လိုက်ပါ။ ခဏတာ အာရုံစိုက်ပေးပါ။


– နှိပ်နယ်ခြင်း (၁)
မျက်စိမှိတ်ပြီး မျက်စိကို ၂-၃စက္ကန့်လောက် ခပ်တင်းတင်းလေးမှိတ်ပေးပါ။ မျက်စိတစ်ဝိုက် ကြွက်သားတွေကို အနားပေးပါ။ မျက်စိကိုထပ်ညှစ်လိုက်ပါဦး။ ၁၀ ကြိမ်ခန့် ပြန်လုပ်ပေးပါ။


– နှိပ်နယ်ခြင်း (၂)
မျက်စိမှိတ်ပြီး မျက်ခမ်းကိုလက်နဲ့ အသာအယာဖိကာ စက်ဝိုင်းပုံလှည့်လည်နှိပ်ပေးပါ။ ခပ်တင်းတင်း မဖိရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top