Healthy Life Ad
Health Tips

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းက နမိုးနီးယားဖြစ်နေနိုင်သည့် လက္ခဏာ ၇ ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တာက နှစ်ပတ်-သုံးပတ်အတွင်း အလိုလိုပျောက်သွားနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အောက်ပါလက္ခဏာတွေ ခံစားနေရပြီး မပျောက်ကင်းနိုင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်နေပါပြီ။

(၁) ဖျားခြင်း
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တဲ့အခါ အဖျားနည်းနည်း ရှိတတ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အဖျားက ၁၀၁ ဒီဂရီနဲ့ အထက်ရှိနေရင် ဒါက နမိုးနီးယားလည်း ဖြစ်နေနိုင်ပါတယ်။

(၂) နှလုံးခုန်နှုန်း မြန်ခြင်း
ဖျားတာနဲ့အတူ နှလုံးခုန်နှုန်းက ပုံမှန်ထက်မြန်နေပါသလား။ တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀ဝ ကျော်ရင် နှလုံးခုန်နှုန်းမြန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီလို နှလုံးခုန်နှုန်းမြန်တာက ကြာနေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၃) ရင်ဘတ်အောင့်ခြင်း
အသက်ရှူလမ်းကြောင်း ပိုးဝင်တာက အဆုတ်ထဲရောက်တဲ့အခါ ရင်ဘတ်တင်းကျပ်တာနဲ့ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။ နမိုးနီးယားဆိုတာ အဆုတ်တွင်း ပိုးဝင်ရောင်ရမ်းတာဖြစ်ပါတယ်။

(၄) ချောင်းဆိုးသလိပ်ထွက်ခြင်း
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တဲ့အခါ အကြာကြီး ချောင်းဆိုးတာ ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာက သလိပ်ထွက်တဲ့ ချောင်းအစိုအမျိုးအစားပါ။ ဒါပေမဲ့ ချောင်းဆိုးတာက အဆက်မပြတ်ဖြစ်ပြီး မောနေရင် နမိုးနီးယားကို သံသယဝင်သင့်ပါတယ်။

(၅) ချောင်းဆိုးရင်း သွေးပါခြင်း
ချောင်းဆိုးတဲ့အခါ အချွဲနဲ့အတူ သွေးစလေးတွေစွန်းနေရင် ဒါမှမဟုတ် အရောင်ပြောင်းနေရင် ဒါက အဆုတ်ကနေလာတာ ဖြစ်နိုင်ပါတယ်။ ဒါက နမိုးနီးယားလို အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တာကြောင့် ဖြစ်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၆) ချမ်းတုန်ခြင်း
နမိုးနီးယားဖြစ်တဲ့ လူနာတွေဟာ သွားချင်းထိမတတ် ချမ်းတုန်တတ်တယ်လို့ လေ့လာမှုတချို့ကဆိုပါတယ်။ ချမ်းတုန်တာက ဖျားတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး အပူချိန်ကိုထိန်းဖို့ ခန္ဓာကိုယ်ကအလုပ်တွေ လုပ်နေရပါတယ်။

(၇) အသက်ရှူရ ခက်ခဲခြင်း
အအေးမိရင် ဒါမှမဟုတ် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ခံစားရရင်၊ အသက်ရှူရ ခက်ခဲနေရင် ဒါက နမိုးနီးယားအဆုတ်ရောင် ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top