Healthy Life Ad
Q & A

ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တတ်သည့် အဆုတ်လေအောင်းရောဂါ (Emphysema)

Q. ဆေးလိပ်သောက်တာကြောင့် အဆုတ်လေအောင်းရောဂါ ဖြစ်တတ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေးကို ပြောပြပေးပါ ဆရာ။

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

A. ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဆိုတာ အများကြီး ပြောပြထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆေးလိပ်သောက်နေတဲ့သူတွေ ရှိနေမြဲ ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဆေးလိပ်သောက်တာကြောင့် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောဂါဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအထဲကနေ ရောဂါတစ်ခုဖြစ်တဲ့ Emphysema လို့ ခေါ်တဲ့ အဆုတ်လေအောင်းရောဂါလည်း ဖြစ်တတ်ပါတယ်။

Q. အဆုတ်လေအောင်းရောဂါက ဘယ်လိုကြောင့် ဖြစ်ရတာပါလဲ ဆရာ။

A. အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖလှယ်တဲ့ လေအိတ်သေးသေးလေးတွေ ရှိပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဲဒီလေအိတ်သေးသေးလေးတွေ ကောင်းကောင်း အလုပ်မလုပ်တော့သလို လေအိတ်တွေ ပိုတင်းနေတာကြောင့် ဓာတ်ငွေ့နှစ်ခုဖလှယ်တာ ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အဲဒီလို ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက် အဆုတ်ထဲကလေတွေ အကုန်မထွက်ဘဲ လေတွေကအထဲမှာ ကျန်ကျန်နေခဲ့ပါတယ်။ အဲဒီမှာ အဆုတ်က ပိုပြီး အလုပ်လုပ်ရတယ်၊ ပိုအလုပ်လုပ်ရတော့ ပိုပြီး မောလာပါတယ်။

“အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖလှယ်တဲ့ လေအိတ်သေးသေးလေးတွေရှိပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဲဒီလေအိတ်သေးသေးလေးတွေ ကောင်းကောင်း အလုပ်မလုပ်တော့သလို လေအိတ်တွေပိုတင်းနေတာကြောင့် ဓာတ်ငွေ့နှစ်ခုဖလှယ်တာ ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အဲဒီလို” . . .

Q. အဆုတ်လေအောင့်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

A. နာတာရှည် အဆုတ်လေအောင်းရောဂါဖြစ်ရင် ချောင်းဆိုးမယ်၊ အသက်ရှူကျပ်တတ်တယ်၊ တစ်ခါတလေ အစားအသောက်ပျက်တာတွေ ဖြစ်တတ်တယ်၊ ကိုယ်အလေးချိန် ကျတတ်ပါတယ်၊ အသက်ရှူမဝဘူး၊ မောနေတတ်ပါတယ်။ ဒီလို လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

Q. အဆုတ်လေအောင်းရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆရာ။

A. ဒါက ဆေးလိပ်သောက်တာကြောင့် ဖြစ်တာဆိုတော့ ဆေးလိပ်ကို ရှောင်ကြဉ်ရမှာပါ။ ဆေးလိပ်ကို အစလုပ်ပြီး မသောက်တာ အကောင်းဆုံးပါ။ ဆေးလိပ်သောက်တာက အန္တရာယ်ရှိသလို ကိုယ့်ဘေးနားမှာ ဆေးလိပ်သောက်တဲ့သူရှိရင် ကိုယ်ကတစ်ဆင့်ခံ ဆေးလိပ်ငွေ့ ပြန်ရှူရတဲ့အခါမှာလည်း အလားတူ ဆိုးကျိုးရှိပါတယ်။ ပြီးရင် အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အလုပ်အကိုင်(ဓာတုပစ္စည်း၊ အမှုန်အမွှား စတာတွေနဲ့ ထိတွေ့နေရခြင်း) တွေရှိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

Q. အဆုတ်လေအောင်းရောဂါကိုသံသယရှိရင် ဘယ်လို စမ်းသပ်စစ်ဆေးလို့ရပါသလဲ ဆရာ။

A. ကိုယ့်မှာ အဆုတ်လေအောင်းရောဂါ ဖြစ်စေနိုင်တဲ့ အခြေအနေတွေရှိပြီး ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ မောတာ စတဲ့လက္ခဏာတွေ ခံစားနေရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်၊ မိသားစုဆရာဝန်၊ ပြနေကျဆရာဝန်နဲ့ပြပြီး ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ စတဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်လို့ရပါတယ်။ အဆုတ်လေအောင်းရောဂါဖြစ်တယ်လို့ သေချာရင်တော့ ဆရာဝန်က သင့်တော်တဲ့ကုသမှုတွေကို ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် အဆုတ်လေအောင်း ရောဂါရှိသူကို အောက်ဆီဂျင်ပေးရတာရှိပါတယ်။ ဆေးလိပ်ဖြတ်ခိုင်းပါတယ်။

Q. အဆုတ်လေအောင်းရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပေးပါ ဆရာ။

A. ဆေးလိပ်သောက်တတ်ရင် အတတ်နိုင်ဆုံးလျှော့ပေးပါ၊ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ်က ဆေးလိပ်သောက်တတ်သူဆိုရင် ကိုယ့်ကြောင့် သူတစ်ပါးမထိခိုက်စေဖို့ အများသူငါ သွားလာနေတဲ့ နေရာတွေမှာ ဆေးလိပ်မသောက်ဖို့ သတိထားဆင်ခြင်ရပါမယ်။ အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းမှုမရှိအောင် လုပ်ဆောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top