Healthy Life Ad
Life Style

သွေးအန်တာက စိုးရိမ်စရာလား . . .

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး. သွေးအန်ခြင်းအကြောင်း ရှင်းပြပေးပါဆရာ။

ဖြေ. သွေးအန်တယ်ဆိုတာက အစာအိမ်နဲ့ အူသိမ်ဦးကနေ အန်ထုတ်လိုက်တဲ့အခါမှာ သွေးပါလာတာကို ပြောတာပါ။ အစာအိမ် အူလမ်းကြောင်းအပေါ်ပိုင်း သွေးယိုစိမ့်တာကြောင့် သွေးအန်နိုင်ပါတယ်။ အစာအိမ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ အူကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ သွေးအန်စေတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ အဖြစ်အများဆုံးကတော့ အစာအိမ်နဲ့ အူသိမ်ဦးအနာတွေကြောင့် သွေးအန်တာပဲ ဖြစ်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့ အကြောင်းရင်းကတော့ အနာတွေကြောင့် မဟုတ်ဘဲနဲ့ ဆေးဝါးတွေကြောင့်၊ စတီးရွိုက်တွေနဲ့ ဆေးပြင်းတွေကြောင့်လည်း အဲဒီလိုဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ အသည်းခြောက်ရာမှာ သွေးကြောတွေ ထုံးလာတာ၊ ဝမ်းတွင်းမှာ ဖိအားတွေများလာပြီး သွေးကြောတွေ ဖောင်းလာရာကနေ ပေါက်တာတွေကြောင့်လည်း အဖြစ်များပါတယ်။ ဒါတွေက နေ့စဉ်နဲ့အမျှ တွေ့နေရတာဖြစ်ပါတယ်။

တခြားဖြစ်တတ်တာတွေကတော့ အစာအိမ်ကင်ဆာတွေကြောင့် သွေးအန်တာလည်းရှိတယ်။ ကျောက်ကပ်ရောဂါတွေရှိရင်လည်း သွေးအန်တတ်ပါတယ်။ ဒါတွေကတော့ အဖြစ်နည်းပါတယ်။ အရက်အရမ်းသောက်ရင်လည်း တစ်ခါတလေအန်ရင် သွေးပါတတ်ပါတယ်။ အန်တာတွေ များသွားရင်လည်း အခန့်မသင့်တဲ့အခါ သွေးနည်းနည်း ပါတတ်ပါတယ်။

မေး.သွေးအန်တာက ဘယ်လိုလက္ခဏာတွေနဲ့ တွဲဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. သွေးအန်တာနဲ့ စပြီးစိတ်ပူဖို့လိုပါတယ်။ သွေးအန်ရင် ခန္ဓာကိုယ်က ရုတ်တရက် သတိလစ်တာ (Shock) ဖြစ်သွားနိုင်ပါတယ်။ သွေးအန်တာက အကုန်စိုးရိမ်ရတာကြီးပါပဲ။ ဆေးရုံတက်ဖို့လိုပါတယ်။ စောင့်ကြည့်ရပါတယ်။ ရောဂါရှာဖွေရပါတယ်။ အမြန်ကုသပေးရပါတယ်။ အားလုံးက အရေးကြီးပါတယ်။

မေး. သွေးအန်တာက အဖြစ်များပါသလား ဆရာ။

ဖြေ. သွေးအန်တာက အဖြစ်များပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ နေ့တိုင်းသွေးအန်တဲ့ လူနာတွေကို တွေ့ရပါတယ်။

မေး. သွေးအန်ပြီဆိုရင် ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကိုသိဖို့ ဘယ်လို ရောဂါရှာဖွေနိုင်ပါသလဲ ဆရာ။

ဖြေ. သွေးအန်တဲ့အခါ ရောဂါရှာဖွေတာကတော့ လူနာကို မေးမြန်းတယ်၊ ဓာတ်မှန်ရိုက်တယ်၊ သွေးတွေစစ်တယ်၊ မှန်ပြောင်းနဲ့ကြည့်တယ် စတာတွေ လုပ်ပေးပါတယ်။ များသောအားဖြင့် သွေးအန်တာက သူ့ဘာသာဖြစ်တာမျိုး မဟုတ်ဘဲ တခြားအခြေခံ ရောဂါတစ်ခုခုကြောင့်ဖြစ်တာ ဖြစ်ပါတယ်။ အဲဒီရောဂါတွေကလည်း ပြောရရင် နည်းနည်းကြာနေတတ်လို့သာ သွေးတွေအန်လာတတ်တာဖြစ်ပါတယ်။

ဒါကြောင့် ပထမအဆင့် လူနာကို ရောဂါရာဇဝင်အကြောင်း မေးကြည့်တာနဲ့ပဲ ဘာကြောင့်ဖြစ်သလဲဆိုတာကို သိနေတာ များပါတယ်။ အသည်းသမားဆိုရင် အသည်းကြောင့်ဖြစ်တာ၊ အစာအိမ်သမားဆိုရင် အစာအိမ်ကြောင့်ဖြစ်တာဆိုတာ တစ်ခါတည်း သိနိုင်ပါတယ်။ ဓာတ်မှန်ရိုက်လိုက်ရင်လည်း ရောဂါကို သိနိုင်ပါတယ်။

ရောဂါကို အတိအကျ အပြီးသတ်သိဖို့ကတော့ အစာအိမ်မှန်ပြောင်းကြည့်တာ (Endoscopy) ဖြစ်တယ်။ ရောဂါလည်း သိရတယ်။ ဘာရောဂါဖြစ်တာလဲဆိုတာ သိရသလို ဘယ်သွေးကြောက ထွက်နေတာလဲ ဆိုတာကိုပါ သိရပါတယ်။ ဘယ်သွေးကြောကထွက်တာ၊ ဘယ်လောက်ထွက်နေတယ်ဆိုတာတွေကို သိနိုင်ပါတယ်။

တစ်ခါတလေ အန်တဲ့ထဲမှာ သွေးနည်းနည်းပါနေတတ်တာမျိုးကတော့ အသည်းရောဂါကြောင့်ဖြစ်တာ များပါတယ်။ အသည်းကြောင့် သွေးယိုနေတာဆိုရင်တော့ အသည်းကိုယ်တိုင်က ခြောက်နေတာ၊ မကောင်းတာဖြစ်တဲ့အတွက် သွေးအန်နေတာကိုတော့ ခဏတာပဲ ကုလို့ရမှာ ဖြစ်ပါတယ်။ အသည်းကောင်းသွားမှပဲ ပြန်သက်သာနိုင်မှာ ဖြစ်တယ်။ မှန်ပြောင်းကြည့်ပေးမယ်၊ ဘယ်နား သွေးယိုနေသလဲ ကြည့်မယ်။ ဆေးထိုးပေးမယ်။ ဒါပေမဲ့ အသည်းမကောင်းမချင်းတော့ ပြန်ဖြစ်နေ နိုင်ပါတယ်။

မေး. ဆေးတွေ အသောက်များရင် သွေးအန်နိုင်ပါသလား ဆရာ။

ဖြေ. အများအားဖြင့် NSAIDs ဆေးတွေကြောင့် သွေးအန်တာ အဖြစ်များပါတယ်။ ကုသမှုကတော့ အတူတူပါပဲ။ အစာအိမ်အူလမ်းကြောင်းကြောင့် သွေးအန်တာဆိုရင်တော့ ပေါက်သွားတဲ့ သွေးကြောတွေကို ပြန်ကုသပေးလိုက်ရင် သွေးအန်တာ ပျောက်သွားနိုင်ပါတယ်။ လိုအပ်ရင် သွေးသွင်းပေးရပါတယ်။ အဲဒီလမ်းကြောင်းကို အနားပေးထားရပါမယ်။ သွေးကြောကို သားရေကွင်းနဲ့ပစ်ပြီး ကုသတာကိုလည်း လုပ်ပေးလို့ ရပါတယ်။

မေး. သွေးအန်တာကို မခွဲစိတ်ဘဲကုသရင် အောင်မြင်နိုင်ပါသလား ဆရာ။

ဖြေ. သွေးအန်တာက များသောအားဖြင့်တော့ မခွဲစိတ်ဘဲနဲ့ အဆင်ပြေသွားတာများပါတယ်။ တစ်ခါတလေမှသာ ခွဲစိတ်ရတာရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ တချို့အစာအိမ်ရောဂါတွေ၊ အစာအိမ်အနာတွေ ဖြစ်နေရင် ခွဲရတာတွေ ရှိပါတယ်။ ဒီလိုဖြစ်တဲ့ လူနာ ၁၅ ယောက်လောက်မှာ နှစ်ယောက် လောက်ကတော့ ခွဲရတတ်ပါတယ်။ ထပ်တလဲလဲ ဖြစ်တာမျိုးဆိုရင် ခွဲရတတ်ပါတယ်။

သွေးစအန်အန်ချင်းကို သွေးအန်တာကများတယ်၊ လူနာက အသက်လည်းကြီးတယ်၊ သွေးပေါင်တွေ ထိုးကျကုန်တယ်ဆိုရင် မြန်မြန်ခွဲပေးလိုက်တာ ကောင်းပါတယ်။ သွေးလေးလုံးလောက် သွင်းပြီးတာကို သွေးအန်တာမတိတ်သေးဘူးဆိုရင်လည်း ခွဲပေးရတတ်ပါတယ်။

သွေးအန်တဲ့အခါ အသည်းကြောင့်ရယ်၊ အသည်းကြောင့် မဟုတ်တာရယ်ဆိုပြီး ခွဲထားလိုက်ပါတယ်။ အသည်းကြောင့် သွေးအန်တာမဟုတ်ရင်၊ မြန်မြန်ခွဲပြီး မြန်မြန်ကောင်းနိုင်တာဆိုရင် ခွဲပေးလိုက်တာပါပဲ။ အသည်းကြောင့်ဖြစ်တာဆိုရင်တော့ ခွဲပြီး ကောင်းသွားပေမယ့်လည်း အသည်းကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ပြန်ဖြစ်လာမှာပဲဖြစ်ပါတယ်။ အသည်းကိုပဲထိန်းတာက ပိုကောင်းပါတယ်။ မှန်ပြောင်းနဲ့ကြည့်ပြီး ခွဲစိတ်တာတွေက အောင်မြင်မှုပိုများလာပါတယ်။

မေး. အသက်ကြီးတဲ့သူ သွေးအန်လို့ခွဲစိတ်ရင် အန္တရာယ်များပါသလား ဆရာ။

ဖြေ. အသက်ကြီးတဲ့သူဆိုပေမယ့်လည်း သွေးအန်တာ မရပ်တဲ့အခါ ခွဲလိုက်လို့ ကောင်းသွားမယ်ဆိုရင် ဒီအတိုင်းသွေးသွင်းပြီး ပြန်ကောင်းလာအောင်စောင့်နေတာက ပိုအန္တရာယ်များနိုင်ပါတယ်။ ခွဲလိုက်ရင် တစ်ခါတည်းနဲ့ သွေးအန်တာတိတ်ပြီး သက်သာနိုင်ပါတယ်။ အသက်ကြီးတယ်ဆိုရင် သွေးပေါင်တွေကျသွားရင် ပိုပြီး ခံနိုင်ရည်မရှိတော့တဲ့အတွက် အန္တရာယ်များပါတယ်။

သွေးအန်တာမျိုးမဖြစ်အောင် သတိထားသင့်တာကတော့ ဆေးပြင်းတွေ သောက်မယ်ဆိုရင် အစာမရှိဘဲ ဆေးလုံးဝမသောက်သင့်ပါဘူး။ အစာစားပြီး မှသောက်ပါ။ အစာအိမ်ရောဂါတွေရှိနေရင် ရောဂါကို အမြဲသတိထားရမယ်။ ပုံမှန်စစ်ဆေး ကုသပေးနေရမယ်။ အစာကြမ်းတွေမစားရဘူး . . .

မေး. သွေးအန်ခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. သွေးအန်တာမျိုး မဖြစ်အောင် သတိထားသင့်တာကတော့ ဆေးပြင်းတွေ သောက်မယ်ဆိုရင် အစာမရှိဘဲ ဆေးလုံးဝမသောက်သင့်ပါဘူး။ အစာစားပြီးမှသောက်ပါ။ အစာအိမ်ရောဂါတွေရှိနေရင် ရောဂါကို အမြဲ သတိထားရမယ်။ ပုံမှန်စစ်ဆေး ကုသပေးနေရမယ်။ အစာကြမ်းတွေမစားရဘူး။ ဒီလိုအချက်တွေ လိုက်နာပေးရပါမယ်။ အသည်းသမားဆိုလည်း အသည်းကို ဂရုစိုက်ပေးရပါမယ်။ အရက်တွေလည်း မသောက်သင့်ပါဘူး။ သွေးကြောတွေက ထုံးနေတတ်တဲ့ အချိန်မှာ အစာမာတွေစားလိုက်ရင် သွေးကြောတွေပေါက်တတ်ပါတယ်။ သွေးအန်နေပြီဆိုရင်တော့ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။

မေး. သွေးအန်တဲ့ လူနာတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဆရာ့အတွေ့အကြုံရှိရင် သိပါရစေဆရာ။

ဖြေ. အရင်တုန်းကတော့ သွေးအန်နေတယ်၊ အသည်းကြောင့် သွေးအန်တာ မဟုတ်ဘူးဆိုရင် နယ်တွေက ဆေးခန်းလေးတွေမှာ မခွဲစိတ်ဘဲ သွေးတွေပဲ သွင်းသွင်းပေးနေပါတယ်။ ဆရာ တွေ့ဖူးတာဆိုရင် သွေးကို ၁၄ လုံးလောက်ထိ သွင်းပေးထားတဲ့လူနာကို တွေ့ဖူးပါတယ်။ နောက်ဆုံး သွေးအန်တာကမတိတ်တဲ့အခါမှ ဆေးရုံကိုလွှဲပေးပြီး ခွဲစိတ်ပေးလိုက်တာနဲ့ ကောင်းသွားတာတွေ့ဖူးပါတယ်။ အခုနောက်ပိုင်းတော့ အခုလို အဲဒီလောက်အထိ အချိန်ဆွဲတာမျိုး သိပ်မလုပ်ကြတော့ပါဘူး။ သွေးအန်နေပြီး သွေးသုံးလုံးလောက်သွင်းပြီးလို့ အဆင်မပြေရင် ခွဲစိတ်ဖို့ လွှဲပေးတတ်ကြပါတယ်။

မေး. သွေးအန်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. ဆရာတို့ တွေ့တွေ့နေတတ်တာ တစ်ခုကတော့ အစာအိမ်ရောဂါရှိတာကို မြန်မာဆေးတွေပဲ ထိုင်သောက်နေတာတွေကိုလည်း သတိပေးချင်ပါတယ်။ ဘေးလူတွေ ညွှန်းတာနဲ့ အစာအိမ်ရောဂါဖြစ်နေတာတွေကို ဆရာဝန်တွေမပြဘဲ ကိုယ့်ဘာသာ မြန်မာဆေးတွေနဲ့ ကုနေတာက အန္တရာယ်များပါတယ်။ သွေးအန်တာမျိုးဖြစ်ရင် ဘယ်လိုကြောင့် ဖြစ်ဖြစ် ဆရာဝန်ကိုပြလိုက်တာက ပိုကောင်းပါတယ်။ အန်ရင်း၊ အန်ရင်းနဲ့ သွေးတစ်စနှစ်စပါတာကတော့ သိပ်အန္တရာယ်မများပါဘူး။ သူ့ဘာသာ ပြန်ကောင်းသွားတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top