Healthy Life Ad
Life Style

၁၁၆နှစ်အရွယ်အဘွား၏ သက်ရှည်ကျန်းမာခြင်း လျှို့ဝှက်ချက်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၁၀ဝ အထိ နေရတယ်ဆိုတာ ဘဝအတွက် ထူးကဲတဲ့ အောင်မြင်မှုကြီးတစ်ခုပါ။ အသက် ၁၁၆ နှစ်အထိ နေရတဲ့ အီတလီအမျိုးသမီး အမ်မာမော်ရာနိုဟာ ၁၉၃၈ ခုနစ်မှာ ပျော်ရွှင်မှုမရှိတဲ့ အိမ်ထောင်ရေးကနေလမ်းခွဲခဲ့သူပါ။ ၁၁၆ နှစ်အထိ အသက်ရှည်တဲ့ အဘွားအမ်မာက သူ့လျှို့ဝှက်ချက်တွေကို အခုလိုမျှဝေခဲ့ပါတယ်။

– တစ်ကိုယ်တည်းဘဝတွင် နေထိုင်ခြင်း

အိမ်ထောင်ကွဲပြီးတဲ့နောက်မှာ အမ်မာက ဘယ်တော့မှ လက်မထပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းကတော့ ဘဝမှာ တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ထပ်ပြီးမခံချင်တော့လို့ပါတဲ့။ တစ်ဦးတည်း ပျော်ရွှင်လွတ်လပ်စွာနေထိုင်တဲ့ အဘွားအမ်မာဟာ သူ့တူမတွေဆီ ပုံမှန်သွားရောက်လည်ပတ်လေ့ရှိသူပါ။

– အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်ခြင်း

အဘွားအမ်မာက စက်ရုံတစ်ခုမှာ အိတ်တွေကို ဖန်တီးတဲ့အလုပ်ကို လုပ်ခဲ့သူတွေပါ။ နောက်ပိုင်းမှာ ဟိုတယ်တစ်ခုရဲ့ စားဖိုမှူးလုပ်ခဲ့ပါတယ်။ ဘဝက အမြဲတမ်းမလွယ်ကူပါဘူး။ ဒါပေမဲ့ အဘွားအမ်မာကတော့ အငြိမ်းစားယူပြီးတဲ့အထိ အလုပ်ကို ဆက်လုပ်ရင်း အသက်ရှည်ရှည်နေခဲ့သူပါ။

– ပုံမှန်မဟုတ်သော အစာများစားခြင်း

ငယ်စဉ်က သွေးအားနည်းရောဂါ ခံစားခဲ့ရပြီးနောက် အမ်မာဟာနေ့တိုင်း ကြက်ဥ၊ ဘဲဥ နှစ်လုံးနဲ့ အသား ၁၀ဝ ဂရမ်ကို ပုံမှန် မှီဝဲခဲ့ပါတယ်။ ဒါက လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေနိုင်မှာ ဖြစ်ပေမယ့် အဘွားအမ်မာ့အတွက်တော့ တကယ်အလုပ်ဖြစ်ပါတယ်။

– သီချင်းဆိုခြင်း

အသက် ၁၁၆ နှစ်မွေးနေ့မှာတောင် အဘွားအမ်မာက ဧည့်ပရိသတ်တွေကြား သီချင်းဆိုခဲ့ပါသေးတယ်။ အသံက နုပျိုလတ်ဆတ်မှု မရှိတော့ပေမယ့် ဒီလိုသီချင်းပုံမှန်ဆိုတာက သက်ရှည်ကျန်းမာတဲ့ ဘဝနဲ့ ဆက်စပ်မှုရှိတယ်လို့ အမ်မာကဆိုပါတယ်။

– လေကောင်းလေသန့် ရှူရှိုက်ခြင်း

လေကောင်းလေသန့်ရပြီး သာယာတဲ့နေရပ်မှာ နေထိုင်တဲ့ အဘွားအမ်မာဟာ ဒါကကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ အရာတွေဖြစ်တယ်လို့ဆိုပါတယ်။

– အကောင်းမြင်ခြင်း

အဘွားအမ်မာဟာ အမြဲတမ်းတည်ငြိမ်အေးဆေးပြီး အကောင်းမြင်စိတ်ရှိသူလို့ အမ်မာရဲ့ ဆရာဝန်က ဆိုပါတယ်။ “သူက အလွန်ရိုးသားတဲ့သူပါ။ သူပြုံးနေချိန်က အလှဆုံးဖြစ်ပြီး ခက်ခဲတဲ့ အခြေအနေမှာတောင် သူက ဆုံးဖြတ်ချက်ပြတ်သားသူပါ” လို့ အဘွားအမ်မာရဲ့ ဆရာဝန်က ဆိုပါတယ်။

– ကခုန်ခြင်း

“ကျွန်မအစ်မတွေနဲ့ ကျွန်မက ကခုန်ရတာကို သဘောကျတယ်။ အကကြမ်းပြင်ပေါ်မှာ ပြေးလွှား ပြီး ကခုန်ခဲ့ကြလို့ အမေက နောက်ကနေ လိုက်ထိန်းခဲ့ရတယ်”လို့ အဘွားအမ်မာက သူ့ငယ်ဘဝကို ပြန်ပြောပြခဲ့ပါတယ်။ ကခုန်တာက နုပျိုအရွယ်တင်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး စိတ်ချမ်းသာပျော်ရွှင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top