Healthy Life Ad
International

နေ့စဉ် အားကစားလုပ်နေနိုင်သေးသည့် အသက် ၁၁၁ နှစ် အဘိုးအို

၊ ကိုထက် ၊

လူအများစုဟာ အသက် ၁၀ဝ လောက်ထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ချင်ကြပေမယ့် အလွန်ကံကောင်းတဲ့ လူလောက်သာ ဒီလိုဖြစ်နိုင်မယ်လို့ ထင်ကြပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာနေထိုင်တဲ့ ဟန်နရီရှန်းကတော့ ကံကောင်း ရုံသက်သက်မဟုတ်ပါဘူး။ သူဟာ အသက် ၁၁၁ နှစ်ပြည့်ပြီဖြစ်ပြီး ဒီနေ့အထိ နေ့စဉ် အားကစားတွေ ပြုလုပ်နေနိုင်တုန်းပဲဖြစ်ပါတယ်။
ရှန်းဟာ ဂျပန်နိုင်ငံယိုကိုဟားမားမှာ မွေးဖွား ခဲ့သူဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ လော့အိန်ဂျလိစ်ကို စတင် ပြောင်းရွေ့နေထိုင်ခဲ့တယ်လို့သိရပါတယ်။ ငယ်စဉ်ကတည်းက အားကစားလိုက်စားသူ ရှန်းဟာ နေ့တိုင်းလိုလို အားကစားလုပ်နေပြီး ရေကူးတာကိုလည်း နှစ်သက်တယ်လို့ သမီးဖြစ်သူလင်ဒါက ပြောပြခဲ့ပါတယ်။

“ကျွန်မမိဘတွေက ကျန်းမာတဲ့နေထိုင် စားသောက်မှုပုံစံ အရမ်းရှိတဲ့သူတွေပါ။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေ လုံးဝမတို့မထိတဲ့သူတွေပါပဲ၊ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုလည်း မှန်မှန်ပြုလုပ်ပါတယ်”လို့ လင်ဒါက ပြောပြခဲ့ပါတယ်။
ရှန်းဟာ ၁၉၅၀ခုနှစ်ခန့်ကတည်းက ယောဂနည်းပြဆရာကို အိမ်ခေါ်ပြီး မိန်းမဖြစ်သူနဲ့ အတူ နေ့တိုင်း ယောဂကစားခဲ့တယ်လို့သိရပါတယ်။ ရှန်း ရဲ့အမျိုးသမီးကတော့ ၂၀၁၃ ခုနှစ်က ကွယ်လွန်သွားပြီဖြစ်ပြီး သူဟာ သေဆုံးချိန်မှာ အသက် ၁၀ဝ ပြည့်ပြီးသွားပြီလို့ သိရပါတယ်။

ရှန်းဟာ အသက် ၉၀ အရွယ်အထိ ယောဂကျင့်စဉ်တွေ ကောင်းကောင်းပြုလုပ် နေနိုင်သေးပါတယ်။ အသက် ၁၀၂ နှစ်အရွယ်ထိလဲ တစ်ပတ်ကို သုံးရက် အားကစားခန်းမကို သွားပြီး လေ့ကျင့်ခန်း လုပ်ခဲ့တယ်လို့လဲ သိရပါတယ်။ နောက်ပိုင်းမှာတော့ ရှန်းရဲ့ မိသားစုက စိုးရိမ်တဲ့အတွက် အိမ်မှာပဲ နေ့စဉ် စက်ဘီးနင်းစက်ဖြင့် နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်တာ၊ ထိုင်ခုံပေါ်မှာပဲ ယောဂလေ့ကျင့်ခန်း ပုံစံတွေလုပ်တာကို ပြုလုပ်လျက်ရှိပါတယ်။

“ အဖေက မနက် ၆နာရီခွဲလောက်ဆို နိုးပြီ၊ အရင်ကတော့ အားကစားခန်းမသွားတယ်၊ အခုတော့ အိမ်မှာလေ့ကျင့်ခန်းလုပ်တယ်၊ သူက နာရီ ကိုသေချာကြည့်ပြီး တစ်ခုကို နာရီဝက်ဆို နာရီဝက်ပဲ မပြည့်မချင်းလုပ်တာ၊ အဖေက သူ အသက်ရှည်တာ ဒီအားကစားကြောင့်လို့ အခိုင်အမာ ယုံကြည်တဲ့သူပါ၊ သူအသက် ၉၀ လောက်တုန်းက ပါတီပွဲ တစ်ခုမှာ သူသန်မာသေးကြောင်း သက်သေပြဖို့ ပခုံးနဲ့ထောက်ပြီး ခြေထောက်တွေမိုးပေါ် ထောင်ပြ ခဲ့ပါတယ်၊ အဲဒီတုန်းက အားလုံးလဲ သဘောတွေ ကျလို့ အဖေတော့ အသက်အများကြီးရှည်ဦးမှာလို့ တွေးခဲ့မိပါသေးတယ်”လို့ လင်ဒါက ပြောပြခဲ့ပါတယ်။

ရှန်းဟာ အစားအသောက်ကို စနစ်တကျ စားသောက်သူဖြစ်ပြီး အသင့်စား အစားအစာတွေနဲ့ မုန့်ပဲသရေစာတွေမစားဘဲနဲ့ “မနက်စာကို ဘုရင်ကြီးလိုစား၊ နေ့လယ်စာကို မင်းသားလိုစား၊ ညနေ စာကို သူဆင်းရဲလိုစား”ဆိုတဲ့ ဆိုရိုးစကားအတိုင်း စားသောက်တယ်လို့သိရပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းက ထုတ်ပြန်တဲ့ လေ့လာမှုတွေအရ တစ်နေ့တာအတွင်း မနက်စာကို အများဆုံးစားတာက သွေးတွင်း အင်ဆူလင်၊ ဂလူးဂို့စ်နဲ့ အဆီတွေကို အနည်းဆုံးဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဆီးချိုရောဂါတွေနဲ့ နှလုံးရောဂါတွေဖြစ်နိုင်ခြေ အလွန်လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အစား မရှောင်ပေမယ့် အချိန်အခါနဲ့သာစားပြီး ညနေစာ ဆိုရင် ကြက်ဥပြုတ်၊ ပဲ၊ ကြက်သား ဒါမှမဟုတ် ဝက်သားအနည်းငယ်ပဲ စားတယ်လို့ သိရပါတယ်။

ရှန်းကိုကျန်းမာစွာ အသက်ရှည်စေတဲ့နောက် အကြောင်းရင်းတစ်ခုကတော့ အကောင်း မြင်တတ်တဲ့ စိတ်ထားကြောင့်လို့လည်း ဆိုကြပါတယ်။ ရှန်းဟာအရာရာကို အကောင်းမြင်တတ်သူဖြစ်ပြီး နေ့ရက်တိုင်းကို အပြုံးတွေနဲ့သာ ဖြတ်သန်းတယ် လို့သိရပါတယ်။ အခုလို အသက်ရှည်ပြီး ကျန်းမာနေတဲ့ လျှို့ဝှက်ချက်များရှိရင် ပြောပြပါလို့ သူ့ကို သွားမေးလိုက်တိုင်း “ကျွန်တော် အမြဲတမ်းပြုံး နေပါတယ်”လို့ ရှန်းကပြန်ဖြေလေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top