Healthy Life Ad
Life Style

သွေးကင်ဆာပျောက်ကင်းတာ ၁၀နှစ်ကြာပြီဖြစ်တဲ့ ကိုစိုးမိုးလှိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“စဖြစ်တုန်းက အရိုးအဆစ်တွေ ကိုက်တယ်၊ ခန္ဓာကိုယ်အရေပြားမှာ အနီစက်လေးတွေ ပေါ်တယ်၊ လူကနုံးတယ်၊ ကိုယ်အလေးချိန်ကျတယ်၊ ညဘက်ကျရင် ချွေးတွေထွက်တယ်၊ အိပ်မပျော်ဘူး၊ ဘာတွေဖြစ်နေမှန်းမသိဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတာသိတယ်။ အစာအိမ်ရောဂါ လိုလို၊ အသည်းရောဂါလိုလို . . ဟိုလိုလို ဒီလိုလိုနဲ့ လည်ပြီး နောက်ဆုံးကျမှ သွေးရောဂါကုဌာနဆီ ရောက်လာခဲ့တာ”ဟု ကိုစိုးမိုးလှိုင်က ၂၀ဝ၆ခုနစ် တွင် သွေးကင်ဆာရောဂါ စတင်ခံစားခဲ့ရချိန်က ဖြစ်ပေါ်လာသည့် လက္ခဏာများအကြောင်းပြောပြ ခဲ့သည်။

ကိုစိုးမိုးလှိုင် သွေးကင်ဆာဖြစ်မှန်း သိသည့် အချိန်တွင် ဆောက်တည်ရာမရဖြစ်ခဲ့ရကြောင်း ဇနီးဖြစ်သူ မဥမ္မာမြင့်က ဆိုသည်။

“မွေးထားတဲ့ သားလေးနှစ်ယောက်ကလည်း သိပ်ငယ်သေးတော့ ကလေးတွေအတွက် ပူတာကတစ်မျိုး၊ ခင်ပွန်းအတွက် ပူတာကတစ်မျိုး ပေါ့။ ဆေးကုသမှုခံယူတဲ့အခါမှာ သူက ဝေဒနာ ခံစားနေရတယ်၊ အစ်မတို့က အကုန်ခံစားရတယ်။ သူ့ကျန်းမာရေး၊ မိသားစုအရေး အကုန်လုံးကို မိန်းမတစ်ယောက် အနေနဲ့ ပူပင်ခဲ့ရတယ်။ သူဆေးရုံတက်တဲ့ ခြောက်လလုံးလုံး မနက်ခုနစ်နာရီ ထိုးတာနဲ့ အစ်မဆေးရုံရောက်ပြီ။ အဲဒီအချိန်မှာ သားလေးတွေက မနိုးသေးဘူး။ ည ၁၀ နာရီ အိမ်ပြန်ရောက်ရင် သားလေးတွေက အိပ်နှင့်နေပြီ။

သားလေးတွေကိုလည်း မကြည့်နိုင်တော့ဘဲ သူ့ကိုပဲ စိတ်ရောကိုယ်ပါ ပုံအပ်ပြီး ပြုစုစောင့်ရှောက်ခဲ့ရတယ်။ အစ်မလည်း ခြောက်လလုံးလုံး ဆေးရုံမှာပဲနေခဲ့ရတယ်။ အခုပြန်စဉ်းစားလိုက်ရင် အစ်မတို့ ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီအချိန်ကာလတွေ က အိပ်မက်ဆိုးတစ်ခုလိုပါပဲ”ဟု မဥမ္မာမြင့်က ဆိုသည်။

၂၀ဝ၆ ခုနစ်၊ အသက် ၃၆ နှစ်အရွယ်တွင် သွေးကင်ဆာရောဂါခံစားခဲ့ရပြီး ခြောက်လတာ ဆေးကုသမှုခံယူခဲ့သည့် ကိုစိုးမိုးလှိုင်က သူဆေး ကုသမှုခံယူစဉ်က အတွေ့အကြုံများကိုပြန်ပြောင်း ပြောပြခဲ့သည်။

“ကျွန်တော်တို့ခေတ်တုန်းက ဆေးဝါးတွေ က အခုလောက်ခေတ်မမီပါဘူး။ အခုနောက်ပိုင်းကျတော့ ဆေးဝါးတွေက အရမ်းခေတ်မီနေပါပြီ။ ကျွန်တော် ဆေးကုသမှုခံယူစဉ်တုန်းက သေမလောက်ကို ဝေဒနာခံစားခဲ့ရပါတယ်။ ပထမဆုံး ဆေးစသွင်းတဲ့အချိန်မှာ ကိုယ်အလေးချိန်က လုံးဝကျသွားတယ်။ အရိုးပေါ်အရေတင်ပဲ ကျန်တယ်။ ဆံပင်တွေအကုန်လုံးကျွတ်သွားတယ်။ ကတုံးဖြစ် ရုံတင်မက တစ်ကိုယ်လုံးမည်းပြီး အာဖရိကက အစာရေစာငတ်ပြတ်တဲ့ ဒုက္ခသည်ကလေးတွေ ပုံစံ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ခေတ်တုန်းက ကုသမှုတွေက နည်းနည်းပြင်းတာလည်းပါတယ်။ အခုနောက်ပိုင်း ကုသမှုတွေကတော့ ပိုခေတ်မီ လာတဲ့အတွက် လူနာခံရတာ ပိုသက်သာလာပါတယ်။

ကျွန်တော်တို့ခေတ်တုန်းက ကင်ဆာဆေးသွင်းရင် ဆေးပမာဏများများ သွင်းရတာ၊ မသေရုံတမည်ခံရတယ်။ ခြောက်လအတွင်း ကင်ဆာ ဆေးငါးကြိမ်သွင်းရတယ်။ တစ်ကြိမ်သွင်းပြီးသွားရင် သေမလောက်ကို ခံရတယ်။ ဒါပေမဲ့ ကိုယ်က ‘ငါ မသေနိုင်ဘူး’ဆိုတဲ့ ယုံကြည်ချက်၊ ကိုယ့်ကံကြမ္မာနဲ့ ဆရာဝန်တွေရဲ့ ဆေးအစွမ်းပေါင်းစပ်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်။

အခုခေတ်မှာ ဆေးဝါးရရှိမှုကလည်း ပိုလွယ်လာပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက ဆေးဝါးရရှိမှုကလည်း ခက်ခဲပါတယ်။ အခုဆိုရင် နိုင်ငံတော်ကလည်း ဆေးဝါးတွေကို အများကြီး ပံ့ပိုး ပေးနိုင်လာပါပြီ။

ကျွန်တော့်ကို အရင်ဆုံးကုသပေးတဲ့ ဆရာဝန်က ပါမောက္ခဦးရဲမြပါ။ ပြီးတော့ ပါမောက္ခဒေါက် တာဒေါ်အေးအေးကြီးက ပင်တိုင် ကုသမှုပေးခဲ့ပါ တယ်။ ကျွန်တော်ကလည်း ကုသလို့ ပျောက်ကင်းပြီး သွားချိန်မှာ ပြန်ဖြစ်မှာ ကြောက်ပါတယ်။ ဒီအိပ်မက်ဆိုးကို နောက်တစ်ကြိမ် ပြန်မမက်ချင်တော့ဘူးလေ။ အဲဒါနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ မေးကြည့်လိုက် တော့ “ဘာမှ ထွေထွေထူးထူး မရှိဘူး။ မင်း ဆေး လိပ် အရမ်းသောက်လား၊ အရက်အလွန်အကျွံ သောက်လား”လို့ ဆရာဝန်က မေးပါတယ်။ ကျွန် တော်က “မသောက်ဘူး”လို့ ဖြေတော့ “မင်းမ ဟုတ်တာတွေ ဘာတွေလုပ်လဲ”လို့ ထပ်မေးတယ်။ကျွန်တော်က ဘာမှ မလုပ်ဘူးလို့ ဖြေလိုက်တော့ ဒါ ဆိုရတယ်လို့ ဖြေပါတယ်။

အရက်၊ ဆေးလိပ် အလွန်အကျွံသောက်တာ၊ မူးယစ်ဆေးဝါးသုံးတာ၊ အပျော်အပါးလိုက်စားတာ၊ အစာကို အချိန်မှန်မစားတာ၊ သန့်ရှင်းတဲ့ အစား အသောက်ကို မစားသောက်တာတွေကို ကျွန်တော်တို့မှ မဟုတ်ဘူး၊ လူတိုင်းရှောင်သင့်တယ်၊ ဒါဆိုရင် ရပြီလို့ ဆရာဝန်ကဖြေတယ်။ သွေးကင်ဆာ ပျောက်ကင်းသွားပြီဆိုပေမယ့် တစ်သက်လုံးမဖြစ်တော့ဘူး လို့တော့ မပြောလိုက်ပါဘူး။

၃လတစ်ကြိမ် သွေးစစ်ပါ၊ ပြန်ပြပါ၊ နောက်တစ်ခါ ခြောက်လတစ်ကြိမ် သွေးစစ်ပါ၊ ပြန်ပြပါလို့ မှာလိုက်ပါတယ်”

သွေးကင်ဆာရောဂါဖြစ်ရသည့် အကြောင်းရင်းကို ဆရာဝန်ကြီးများအား မေးခဲ့ရာ ယခုအချိန် အထိ အဖြေရှာမရသေးဆိုသည့် အဖြေကိုသာရခဲ့ သည်ဟု မဥမ္မာမြင့်က ဆိုသည်။

“ဗုဒ္ဓဘာသာအရပြောရရင် သူ့ကုသိုလ်ကံပဲ။ ဖြစ်ချိန်တန်လို့ဖြစ်တယ်။ သူ ဆေးကုသမှု ခံယူနေစဉ် တစ်လျှောက်လုံးမှာလည်း ဘုရား၊ တရား အများ ကြီးလုပ်ဖြစ်ခဲ့တယ်။ ဝေဒနာခံစားရတာက ခံစားရတာပဲ၊ ဒါပေမဲ့ ဘုရား၊ တရားကို မမေ့ဖို့ အမြဲ ပြောဖြစ်ခဲ့တယ်။ လူနာတင်မက ပြုစုစောင့်ရှောက်ပေးတဲ့ သူကလည်း လူနာ ကုသိုလ်ရအောင် အလှူဒါန လုပ် ပေးတာ၊ ဆုတောင်းပေးတာ၊ ဘုရားမှာ သစ္စာဆိုတာ တွေ လုပ်ပေးခဲ့ရတယ်။ ဘုရားဂုဏ်တော်တွေ ရွတ် တယ်။ သစ္စာဆိုပြီး “ဒီမှန်ကန်သော သစ္စာစကား ကြောင့် သူခံစားနေရတဲ့ ရောဂါဝေဒနာတွေ ပျောက် ကင်းပါစေ”လို့ ဆုတောင်းခဲ့ပါတယ်။ ဆေးရုံထဲမှာ လည်း ဆင်းရဲတဲ့ လူနာတွေ တွေ့ရင် အစ်မသွား လှူပြီး သူ့ကို “ဒီလို လှူခဲ့တယ်၊ သာဓုခေါ်ပါ”လို့ ပြောပြီး သာဓုခေါ်ခိုင်းခဲ့တယ်။ ကိုယ်ပံ့ပိုးနိုင်တဲ့ အ တိုင်းအတာ၊ ကိုယ်လုပ်နိုင်တဲ့ အရာ မှန်သမျှ အစ်မ လုပ်ပေးခဲ့တယ်။

အရေးကြီးဆုံးက ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်ကို တိတိကျကျ လိုက်နာရမယ်၊ ဆရာဝန်နဲ့ ဆေးဝါးအပေါ် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုက အနည်းဆုံး ၁၀ဝ ရာခိုင်နှုန်း ရှိရမယ်၊ ငါပျောက် ရမယ်ဆိုတဲ့ ကိုယ့်ကံကြမ္မာအပေါ်မှာလည်း ယုံကြည်ရမယ်၊ အဲဒီသုံးမျိုးဟန်ချက်ညီရင် ကုသလို့ အောင်မြင်မှာပဲ . . .

ကုသမှုပိုင်းမှာ လူနာကလည်း ဆရာဝန်တွေ စကားအတိုင်း လိုက်နာဖို့လိုတဲ့အပြင် မိသားစုရဲ့ ကူ ညီအားပေးစောင့်ရှောက်မှုကလည်း အရမ်းအရေး ကြီးပါတယ်။ ကိုယ်က သူ့ကို အားဖြစ်စေရမယ်ဆို တဲ့ စိတ်နဲ့ သူ့ရှေ့ရောက်ရင် ဘာစိတ်ညစ်စရာ၊ စိတ်ငြိုငြင်စရာကိုမှ မပြောဘူး။ ငွေအားဆိုလည်း အစ်မ အဆင်ပြေအောင် ကြိုးစားခဲ့တယ်။ သူက ကုသမှု တစ်ခုတည်းပဲ အာရုံစိုက်ပြီး ကျန်တာ ဘာတစ်ခုမှ ခေါင်းထဲ မရှိအောင် အစ်မ ကူညီပေးခဲ့တယ်။ သား လေးတွေကိုလည်း စိတ်အားမငယ်အောင် စောင့် ရှောက်ခဲ့တယ်။ အဲဒီရက်တွေကတော့ ဘဝမှာအခက် ခဲဆုံးနေ့ရက်တွေပါပဲ”ဟု မဥမ္မာမြင့်က ပြောပြသည်။

ဆေးရုံဆင်းသွားပြီး ပျောက်ပြီဆိုသော်လည်း အနေအထိုင်၊ အစားအသောက်၊ သန့်ရှင်းရေးကိုအ လေးမထားသည့်အတွက် ဆုံးသွားသောလူနာများကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုသို့မဖြစ်စေရန် ကိုစိုးမိုးလှိုင် အား ကလေးတစ်ယောက်ကဲ့သို့ ပြုစုစောင့်ရှောက်မှု ပေးရကြောင်း မဥမ္မာမြင့်က ဆိုသည်။

“တချို့ကလေးတွေဆိုရင် ရောဂါပျောက်ပြီ ဆိုပြီး ကျောင်းတက်ချင်ဇောနဲ့ မိုးထဲလေထဲ ကျောင်းသွားပြီး ဖျားပြီး ပြန်ရောက်လာတယ်၊ ဆုံးသွားတယ်။ တချို့ ကလေးတွေကျတော့ အစားအသောက်မဆင် ခြင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆုံးသွား တယ်။ အဲဒီလိုတွေ အများကြီး မြင်တွေ့ထားတော့ ကိုယ့်လူနာကို အဲဒီလိုဖြစ်မှာစိုးလို့ မျက်စိအောက်က အပျောက်မခံနိုင်ဘူး။ သေချာပြုစုခဲ့တယ်။ အစ်မက သူ့ကို ရေချိုးတာကအစ အအေးမိမှာစိုးလို့ သေချာ ဂရုစိုက်ပေးတယ်။ အစားအသောက်မမှားအောင် သန့်ရှင်းတဲ့ အစားအသောက်တွေကို သေချာပြင် ဆင်ကျွေးတယ်။ ဆေးရုံဆင်းပြီးလည်း အစ်မ သူ့ကို သေချာပြုစုစောင့်ရှောက်ပေးခဲ့တယ်”

ကိုစိုးမိုးလှိုင်ကလည်း-

“ကျွန်တော်ကလည်း ဆရာဝန်မှာတဲ့အတိုင်း လိုက်နာပါတယ်။ အခုထိတော့ ကောင်းနေပါသေး တယ်။ စစ်ခါနီးရင်တော့ ငါများ ပြန်ဖြစ်မလားဆိုတဲ့ စိတ်ပူပန်မှုရှိပေမယ့် ဘာပဲဖြစ်ဖြစ် လူဆိုတာ တစ် နေ့သေမှာပဲဆိုပြီး နှလုံးသွင်းထားပါတယ်”ဟု သွေး ကင်ဆာပျောက်ပြီးနောက်ပိုင်း နေထိုင်မှုပုံစံကိုပြော ပြခဲ့သည်။
ကိုစိုးမိုးလှိုင်အား ပြုစုစောင့်ရှောက်မှု အပြည့် ပေးခဲ့သည့် ဇနီးဖြစ်သူ မဥမ္မာမြင့်က-

“သွေးကင်ဆာ လူနာတွေကို စောင့်ရှောက်မှု ပေးတဲ့ လူနာရှင်တွေက တကယ်အရေးကြီးပါတယ်။ လူနာကို စိတ်ရော ကိုယ်ပါ မေတ္တာအပြည့်ပေးပြီး ပြုစုစောင့်ရှောက်ရတဲ့အပြင် လူနာဆိုတာကဝေဒနာ ခံစားနေရတယ်လေ။ သူ့မှာ ဒီဝေဒနာနဲ့ ဆေးကုသမှု ဘေးထွက်ဆိုးကျိုးတွေကြောင့် စိတ်တိုတာတွေ၊ သည်းမခံနိုင်တာတွေ အကုန်လုံး ကိုယ့်ဆီမှာပုံချရင် လည်း ကိုယ်က စိတ်ရှည်ရှည်ထားပေးရတယ်။

အဓိကက သူ့ကို သန့်သန့်ရှင်းရှင်းနဲ့ ကလေး တစ်ယောက်လိုထားပြီး ပြုစုရတယ်။ သွေးကင်ဆာ လူနာတွေက အရမ်းသန့်ရှင်းမှ ဖြစ်တာ။ သူစားမယ့် အစားအသောက်ဆိုရင် ဆရာဝန်ကြီးတွေ ညွှန်ကြား တဲ့အတိုင်း ပူပူနွေးနွေး ပြင်ဆင်ပေးရတယ်။ မနက် ဆိုရင် လေးနာရီ ထပြီး ကြက်သားစွပ်ပြုတ်တို့ ဆန် ပြုတ်တို့ကို သန့်သန့်ရှင်းရှင်း ချက်ပြုတ်ရတယ်။

လူနာကလည်း ရှင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခွန် အားက ပြင်းပြနေတော့ ကင်ဆာဆေးသွင်းရင် အန် တယ်၊ မစားချင်ဘူး . . ဒီလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေမယ့်လည်း ကြိတ်မှိတ်ပြီး စားတယ်။ ကိုယ်က လည်း ဒါတွေမြင်နေတဲ့အခါကျတော့ ကိုယ်ကဘယ် လိုအစားအသောက်ပဲဖြစ်ဖြစ် လုပ်ပေးရကျိုးနပ်ပါ တယ်။ အစားအသောက်နဲ့ သန့်ရှင်းရေးကို အထူး ဂရုစိုက်ပေးခဲ့တယ်။

စေတနာအပြည့်နဲ့ ကုသမှုပေးခဲ့ကြတဲ့ ဆရာ ဝန်ကြီးတွေ၊ သူနာပြုဆရာမတွေနဲ့ နေ့မအား ည မအား ပြုစုပေးခဲ့သလို လိုအပ်တဲ့အခါ သွေးလှူ ပေးခဲ့တဲ့ ကိုစိုးမိုးလှိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လည်း ကျေးဇူးတင်ပါတယ် “ဟု ပြောပြခဲ့သည်။

ယခုအခါ အလုပ်တစ်ဖက်နှင့် သွေးကင်ဆာ ရောဂါဝေဒနာရှင်များ ကူညီစောင့်ရှောက်မှုအသင်း ဥက္ကဌအဖြစ် စေတနာ့ဝန်ထမ်းလုပ်ဆောင်ရင်း သွေး ကင်ဆာလူနာအသစ်များကို လိုက်လံကူညီအား ပေးနေသူ ကိုစိုးမိုးလှိုင်က လူနာများနှင့် တွေးတိုင်း သူ့အတွေ့အကြုံကို အခြေခံ၍ အားပေးစကား ပြောလေ့ရှိသည်။

“အရေးကြီးတာက လူနာတွေရဲ့ စိတ်ထဲမှာ သွေးကင်ဆာရောဂါဖြစ်ရင် ကုလို့ပျောက်တယ်ဆို တဲ့အတွေးရှိဖို့နဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ပဲဖြစ်ပါတယ်။ ကုလို့ပျောက် တယ်ဆိုတဲ့အတွေးရှိဖို့က ကျွန်တော်တို့ကလည်း တကယ်ကုလို့ ပျောက်ထားတာကိုး။ အဲဒီအတွက် ကျွန်တော်တို့ အားပေးလိုက်ရင် လူနာတွေစိတ်ထဲ မှာ မမြင်နိုင်တဲ့ စိတ်စွမ်းအားနဲ့ ယုံကြည်မှုရသွား ပါတယ်။ လူနာတွေက ကုသလို့ ပျောက်မယ်လို့ ယုံထားရင် ဆရာဝန်တွေပေးတဲ့ဆေးက ပိုစွမ်းပါ တယ်။ ဆရာဝန်တွေရဲ့ ဆေးပညာအစွမ်းရယ်၊ လူနာရဲ့ကံကြမ္မာရယ်၊ လူနာရဲ့ကျန်းမာချင်တဲ့စိတ်၊ ငါကုသလို့ အောင်မြင်မှာ၊ ငါ့ရှေ့မှာ ဒီလူတွေတောင် ကုသပျောက်ကင်းသေးတာပဲဆိုတဲ့ ယုံကြည်ချက် . . ဒါတွေသာရှိမယ်ဆိုရင် အခက်အခဲက ကျော် လွှားနိုင်မှာပဲ။

အရေးကြီးဆုံးက ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်ကို တိတိကျကျ လိုက်နာရမယ်၊ ဆရာဝန်နဲ့ ဆေးဝါးအပေါ် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုက အ နည်းဆုံး ၁၀ဝ ရာခိုင်နှုန်း ရှိရမယ်၊ ငါပျောက်ရမယ် ဆိုတဲ့ ကိုယ့်ကံကြမ္မာအပေါ်မှာလည်း ယုံကြည်ရ မယ်၊ အဲဒီသုံးမျိုးဟန်ချက်ညီရင် ကုသလို့ အောင် မြင်မှာပဲ။ တစ်ခုတော့ရှိပါတယ်။ ငွေကြေးပံ့ပိုးမှု လည်း လိုပါတယ်။ ဒါက သာမန်နှာ စေးချောင်းဆိုး မဟုတ်ဘဲ ရေရှည်တိုက်ရတဲ့ စစ်ပွဲဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှုက သာမန်ထက် ပိုများပါတယ်။ ဒါကိုလည်း လိုက်နိုင်ဖို့ လိုပါတယ်”ဟု အကြံပြု ချက်များကို ပေးလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top