Healthy Life Ad
Life Style

သာလာဆီးမီးယားသွေးအားနည်းရောဂါရှိသော်လည်း သီချင်းဆိုရင်း ပေါ့ပါးစွာရှင်သန်နေသူ ရှင်ရှင်ခ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နာမည်ရင်းက မငယ်ငယ်ငြိမ်းမောင်ဖြစ်ပြီး ရှင်ရှင်ခဆိုသည့် နာမည်ဖြင့် သီချင်းများ သီဆိုလျက်ရှိသူ၊ စုပေါင်းအခွေအချို့တွင် ကြိုကြား ကြိုကြား ပါဝင်သီဆိုခဲ့သူ၊ ရေဘေးအလှူပွဲများတွင် ပရဟိတစေတနာဖြင့် သီချင်းဆိုလေ့ရှိသူ၊ သာလာဆီးမီးယားဖောင်ဒေးရှင်းဖြစ်မြောက်ရေးအတွက် ဘဏ္ဍာထိန်း အဖြစ် ဆောင်ရွက်နေသူ ၃၀ အရွယ် ရှင်ရှင်ခက သာလာဆီးမီးယား သွေးအားနည်းရောဂါ(Thalassaemia)ရှိမှန်း စသိခဲ့ပုံကို ပြောပြခဲ့သည်။

“၂၀ဝ၃ ခုနစ်လောက်မှာ ငယ်က မမကို ဆေးခန်းသွားပြရင်းနဲ့ ဆရာကြီး ပါမောက္ခဦးရဲမြရဲ့ကျေးဇူးကြောင့် ရောဂါရှိမှန်းသိခဲ့ရတာပါ။ မမက မွေးရာပါ သာလာဆီးမီးယားရောဂါရှိတယ်လေ။

“သမီးက အရမ်းဖျော့လွန်းတယ်၊ စစ်ကြည့် လိုက်ပါ”လို့ ဆရာကြီးက ပြောပေမယ့် “သမီးက သီချင်းဆိုတာ ဝါသနာပါတော့ ညဘက်တွေမှာ သီချင်းဆိုတာများသွားလို့ပါ”လို့ အတွန့်တက်ခဲ့မိတယ်။ အဲဒီအချိန်မှာ အသက်ကလည်း ၂၀ ကျော်ပဲရှိသေးတော့ မမလို ရောဂါဖြစ်မှာကြောက်လို့ စစ်ဖို့ ငြင်းခဲ့တယ်။ ဆရာက “သမီးသီချင်းဆက်ဆိုချင်ရင် စစ်လိုက်ပါ”ဆိုပြီးပြောလို့ သီချင်းမဆိုရမှာစိုးတာနဲ့ စစ်လိုက်တော့မှ ရောဂါရှိမှန်းသိခဲ့ရတာပါ။ အဲဒီမှာ ဆရာဦးရဲမြက ဆေးရုံကြီးကိုလာပြီး သွေးသွင်းခိုင်းပါတယ်။ အဲဒါနဲ့ စစချင်း သွေးတစ်အိတ်သွင်းရပါတယ်”ဟု ရှင်ရှင်ခက ပြောပြခဲ့သည်။

သွေးသွင်းရမည် စိုး၍ ကြောက်ရွံ့ကာ ငိုယိုခဲ့သဖြင့် စစချင်းဆေးရုံတွင် အစ်မဖြစ်သူနှင့် အတူ တစ်ခန်းတည်း၌ သွေးသွင်းခဲ့ရကြောင်း သိရသည်။
သာလာဆီးမီယားရောဂါဆိုသည်မှာ မျိုးရိုးလိုက်တတ်သည့် သွေးအားနည်းရောဂါဖြစ်ပြီး သွေးနီဥအတွင်းရှိ သွေးအား(ဟေမိုဂလိုဘင် မောလီကျူး) အားနည်းသည့် ရောဂါဖြစ်သည်။ ကူးစက်ရောဂါ မဟုတ်သည့်အတွက် ရောဂါရှိသူနှင့် အတူ စားသောက်ခြင်း၊ အရေပြားချင်း ထိတွေ့ခြင်းတို့ကြောင့် ကူးစက်ခြင်း မရှိပါ။ သာလာဆီးမီးယားရောဂါတွင် အယ်လ်ဖာသာလာဆီးမီးယားရောဂါနှင့် ဘီတာသာလာဆီးမီးယားရောဂါဆိုပြီး နှစ်မျိုးရှိပြီး မြေထဲ ပင်လယ်သွေးအားနည်းရောဂါဟုလည်း အချို့က ခေါ်ဆိုကြသည်။

“ငယ်ဖြစ်တဲ့ အမျိုးအစားက ဘီတာသာလာဆီးမီးယားဆိုတော့ သိပ်တော့ မဆိုးဘူးပေါ့။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြေးဟယ်၊ ဆော့ဟယ် ဆိုရင် မောတယ်၊ အသားဝါတယ်၊ မျက်လုံးဝါတယ်၊ ဒါပေမဲ့ မသိခဲ့ဘူး။ နောက်ပိုင်းလည်း မောတယ်၊ ခေါင်းမူးတယ် . . ဒါတွေက ဖြစ်နေကျဆိုတော့ ဒီရောဂါနဲ့ မဆိုင်ဘူးလို့ ထင်တာပေါ့”ဟု ရှင်ရှင်ခကဆိုသည်။

မောင်နှမလေးယောက်တွင် ဒုတိယဖြစ်သည့် အစ်မနှင့် အငယ်ဆုံးဖြစ်သည့် ရှင်ရှင်ခတွင်သာ မွေးရာပါ သာလာဆီးမီးယားသွေးအားနည်းရောဂါပါ လာခဲ့ကြောင်း သိရသည်။

သာလာဆီးမီးယားသွေးအားနည်းရောဂါသည် သံဓာတ်အားနည်းသော ရောဂါ မဟုတ်ပေ။ သံဓာတ်များခြင်းက အဓိက ပြဿနာဖြစ်၍ သံဓာတ်မများစေရန် အမြဲတမ်း စစ်ဆေးထိန်းချုပ်ရလေ့ရှိသည်။

များသောအားဖြင့် ဒီရောဂါ က သံဓာတ်ကို ဂရုမစိုက်မိ ကြလို့ သံဓာတ်များပြီး သေဆုံးကြရပါတယ်။ အဲဒါ ကြောင့် တိရစ္ဆာန်အူကလီစာ၊ အသည်း၊ မုန်လာဥနီ စတာတွေကို ရှောင်ရပါ တယ်။ စစချင်းတုန်းက သွေးအား မကောင်းဘူး ထင်ပြီး မုန်လာဥနီစားလို့ တချို့က ပြောကြတယ်။ ကိုယ်ကလည်း မသိတော့ စားဖြစ်တယ်။ နောက်ပိုင်း ကျမှ ဆရာတို့က ‘မုန်လာ ဥနီက သံဓာတ်များတာ၊ မ တည့်ဘူး’ဆိုတာနဲ့ ရှောင်ရ ပါတယ် . . .

“ဆရာတို့က သံဓာတ်များတဲ့ အစားအစာ မစားခိုင်းဘူး။ များသောအားဖြင့် ဒီရောဂါက သံဓာတ်ကို ဂရုမစိုက်မိကြလို့ သံဓာတ်များပြီး သေဆုံးကြရပါတယ်။ အဲဒါကြောင့် တိရစ္ဆာန်အူကလီစာ၊ အသည်း၊ မုန်လာဥနီ စတာတွေကိုရှောင်ရပါတယ်။ စစချင်း တုန်းက သွေးအားမကောင်းဘူးထင်ပြီး မုန်လာဥနီ စားလို့ တချို့က ပြောကြတယ်။ ကိုယ်ကလည်း မသိ တော့စားဖြစ်တယ်။ နောက်ပိုင်းကျမှ ဆရာတို့က’မုန် လာဥနီက သံဓာတ်များတာ၊ မတည့်ဘူး’ဆိုတာနဲ့ ရှောင်ရပါတယ်။ငယ့်အစ်မက သာလာဆီးမီးယားရောဂါဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွားပါတယ်။ မွေးရာပါ သာလာဆီးမီးယားရောဂါလို့သိပြီး ငယ်ငယ်လေးကတည်းက ဆေးကုသမှုခံယူခဲ့သူပါ။ သူက သူ့ကိုယ်သူ အရမ်းဂရုစိုက်တဲ့အတွက် အသက် ၄၅ နှစ်အထိ နေခဲ့ရပါတယ်။ အသည်းမှာ သံဓာတ်များပြီး အသည်းကင်ဆာအဆင့်နဲ့ ဆုံးသွားပါတယ်”ဟု ရှင်ရှင်ခက ဆိုသည်။

“စစချင်း သွေးသွင်းတုန်းက တစ်အိတ်ပဲ၊ တစ်နှစ်ခံတယ်။ နောက်ပိုင်းကျတော့ သွေးနှစ်အိတ်သွင်း ရတယ်။ ခြောက်လခံတယ်။ နောက်ပိုင်း လေးလ၊ သုံးလနဲ့ အခုဆို နှစ်လတစ်ခါ သွေးနှစ်အိတ်သွင်းရတယ်။ ပင်ပင်ပန်းပန်း ဘာမှ မလုပ်ဘဲ အိမ်မှာပဲ နားနားနေနေ နေရင်တော့ နှစ်လခွဲ-သုံးလနီးပါး ခံပါ တယ်။ ကိုယ်ကတော့ နေနိုင်သလောက် နေကြည့်ပါတယ်။ သွေးက ခဏခဏသွင်းတာတော့ မကောင်းဘူးလေ”

သာလာဆီးမီးယား သွေးအားနည်းရောဂါကြောင့် မကြာခဏ သွေးသွင်းခြင်း၊ သွေးစစ်ခြင်းတို့ ပြုလုပ်နေရသော်လည်း ကျန်သည့်အချိန်များတွင် လူကောင်းကဲ့သို့ နေနိုင်ခြင်းမှာ ဘာသာတရားက အလွန်အရေးပါကြောင်း ရှင်ရှင်ခက ပြောပြသည်။

“ပဋ္ဌာန်းအမြဲရွတ်ဖြစ်ပါတယ်။ မမက ဘုရား၊ တရားလုပ်တော့ သူရှိစဉ်ကတည်းက ပဋ္ဌာန်းရွတ်ဖို့၊ တရားမှတ်ဖို့ အမြဲပြောတယ်။ အဲဒီကတည်းက လုပ်ဖြစ်ခဲ့တယ်။ တရားစခန်းကို ငယ်ငယ်တုန်းက မကြာခဏ သွားထိုင်ဖြစ်တယ်။ အခုကြီးလာတော့ မူးမှာ စိုးတာနဲ့ တရားစခန်းကို သွားမထိုင်ဖြစ်တော့ပါဘူး။ အိမ်မှာတော့ တရားမှတ်ဖြစ်ပါတယ်”

ရန်ကုန်ဆေးရုံကြီး၊ သွေးရောဂါကုဌာနမှာပင် ပြင်ပလူနာပြခြင်း၊ သွေးစစ်ခြင်းနှင့် သွေးသွင်းခြင်းတို့ကို ပုံမှန်လိုက်နာနေသည့် ရှင်ရှင်ခတို့လို သာလာဆီးမီးယားရောဂါသည်တို့အတွက် ယခုနောက်ပိုင်းတွင် အခကြေးငွေတစ်စုံတစ်ရာပင် ပေးရန်မလိုတော့ပေ။

“ရန်ကုန်ဆေးရုံကြီးမှာ သွေးသွင်းရတာ အဆင်ပြေပါတယ်။ အခုဆိုရင် သွေးကလည်း အခမဲ့၊ အပ်တွေ၊ အိတ်တွေကအစ အခမဲ့ . . ဘာဆိုဘာမှ ပေးစရာမလိုပါဘူး။ အရင်က သွေးဖိုးတော့ မပေးရဘူး၊ သွေးအိတ်(Blood Set) ဖိုးပေးရတယ်။ အခုဆိုရင် တစ်ပြားမှပေးစရာမလိုတဲ့အပြင် ငယ်လိုတဲ့ အေသွေးကို အလွယ်တကူ သွင်းလို့ရပါတယ်။ ဆေးရုံကြီး၊ သွေးရောဂါ ပြင်ပလူနာကုဌာနမှာ တနင်္လာ၊ ကြာသပတေး နှစ်ရက်သတ်မှတ်ပေးထားတယ်။ အဆင်ပြေတဲ့ ရက်မှာသွားပြပြီး ကိုယ့်အခြေအနေပေါ်မူတည်ပြီး ဆေးရုံတက်ရပါတယ်။ သွေးဌာနက ဆရာဝန်၊ ဆရာမတွေအကုန် သဘောကောင်းတယ်၊ ခင်နေပြီဆိုပေမယ့် ငယ်ကအလှည့်ကျော်ပြီး ဘယ်တော့မှမပြဘူး၊ လူနာ အကုန်စောင့်တယ်၊ ကူညီလို့ရတာ ကူညီတယ်၊ အဲဒီလို ပြတဲ့နေ့ဆို စောင့်ရတာကြာလို့ မနက်စာ အမြဲလွတ်တယ်၊ အဲဒီအခါ စစ္စတာတွေက ထမင်းတွေ ဘာတွေကျွေးတာတောင်ရှိတယ်”ဟု ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသရ အဆင်ပြေပုံ အကြောင်း ပြောပြခဲ့သည်။
သာလာဆီးမီးယားရောဂါအတွက် CBC(Complete Blood Count) စစ်ဆေးနည်းနှင့် CP(Complete Picture) ပုံမှန် သွေးစစ်နည်းနှစ်မျိုးရှိရာ ရှင်းရှင်းခက CP (Complete Picture) သွေး စစ်ဆေးမှုကို ပုံမှန်ခံယူဖြစ်ကြောင်း သိရသည်။

“သွေးသွင်းတယ်ဆိုတာ အားမရှိလို့၊ အားပြတ်လို့ အားဆေးသောက်လိုက်ရင် လန်းလာသလိုမျိုးပဲ ငယ်ကလည်း အားမရှိလို့ အားပြတ်သွားရင် သွေးသွင်းလိုက်တယ်၊ ဒါဆိုရင် ပုံမှန်လူလိုပဲ ပြန်ကောင်း သွားပါတယ်။ သွေးသွင်းခါနီးကျရင် ခေါင်းမူးတယ်၊ ခေါင်းတွေ အရမ်းကိုက်လာတယ်၊ တစ်ခါတလေ ကြည့်နေရင်းနဲ့ကို ရိပ်ခနဲမူးမူးကျသွားတယ်။ အဲဒီအခါ ကိုယ့်ဘာသာပြန်ပြန်ထိန်းရတယ်။ အဲဒီလိုအခြေ အနေမှာ လူများတဲ့နေရာတွေသွားလို့မရဘူး။ အပြင်တွေကို သိပ်သွားလို့ မရဘူး။ သွားရင် မောတယ်။ သွေးသွင်းပြီးသွားရင်တော့ လူကောင်းပါပဲ။ သီချင်းဆိုလည်း ရတယ်၊ ခရီးသွားလည်း ရတယ်။ ငယ်ဆို တစ်ယောက်တည်း နိုင်ငံခြားခရီးတွေလည်း သွားတယ်၊ တောင်ကြီးမီးပုံးပျံပွဲတွေလည်း သွားတယ်။ ရေဘေးအလှူတွေ၊ မိဘမဲ့ကလေး ရန်ပုံငွေပွဲတွေမှာ ကူညီပြီး သီဆိုပေးပါတယ်။ ပုံမှန်အားဖြင့်တော့ ဟို တယ်တွေမှာ အင်္ဂလိပ်သီချင်းတွေဆိုတာ များပါတယ်။

ဆေးရုံတက်ရင်း တွေ့တဲ့ သူတွေကိုလည်း အလုပ်မထွက်ဖို့၊ အလုပ်လုပ်ရင်းနဲ့ ရောဂါသည်ဆိုတာ မေ့ပြီး စိတ်ဓာတ်က မြင့်တက်လာအောင် ကြိုးစားဖို့ အမြဲအားပေးတယ်။ ကိုယ်လည်း ရောဂါရှိပေမယ့် ရောဂါသည်လို မနေဘူး။

အခုဆို ဆေးရုံသွားရင် ပြနေကျ ဆရာဝန်တွေ မဟုတ်ရင် လူနာ ဘယ်မှာလဲ မေးနေကျပါ။ ကိုယ်က လန်းလန်းဆန်းဆန်း ကျန်းကျန်းမာမာနဲ့ သီချင်းဆို နိုင်ပါတယ်။ သာလာဆီးမီးယားဖောင်ဒေးရှင်း ဖြစ် မြောက်ရေးအတွက်လည်း အများကြီး အကူအညီ ပေးနိုင်ပါတယ်။ ဘဏ္ဍာထိန်းအဖြစ် ငယ်က တာဝန် ယူပေမယ့် ပိုက်ဆံကိုင်ပြီး ဒီအတိုင်းမနေဘူး။ တိုး ပွားလာအောင် ရှာပါတယ်။ တီရှပ်တွေ တံဆိပ်ရိုက်ပြီး ရောင်းတယ်၊ ရလာတဲ့ ငွေတွေကို ဒီဖောင်ဒေးရှင်းမှာ ထည့်ပါတယ်။ နည်းနည်း မောလာရင် ကြက်ပေါင်းရည်၊ ငှက်သိုက်ရည်သောက်ပြီး အမောဖြေပါတယ်” ဟု ရှင်ရှင်ခက ဆိုသည်။

သာလာဆီးမီးယားရောဂါအတွက် ဆေးစစ်ခြင်း၊ သံဓာတ်စစ်ဆေးခြင်း၊ သွေးသွင်းခြင်း၊ ပုံမှန် သွားလာ လှုပ်ရှားနေထိုင်ခြင်းတို့ကို လိုက်နာရင်း ရှင်ရှင်ခသည် ဘဝတူ သာလာဆီးမီးယားရောဂါသည်တို့ အကူ အညီရရှိစေရေးအတွက် သာလာဆီးမီးယားဖောင်ဒေးရှင်းဖြစ်မြောက်ရန် တတပ်တအား ကူညီအား ဖြည့်နေသူဖြစ်သည်။ သူက အခြားသူတို့အား-

ရောဂါသည်ကြီးဆိုပြီး စိတ်မဆင်းရဲပါနဲ့။ လူကြားထဲ တိုးပါ၊ သွားပါ၊ မိဘတွေကလည်း ကိုယ့်ကလေးတွေ ကို လူကြားထဲ မတိုးရဲအောင် မလုပ်ထားပါနဲ့။ မွေးနေ့ ဆိုလည်းသွားခိုင်းပါ၊ ရောဂါသည်ပဲဆိုပြီး လူတွေကြား ထဲမသွားခိုင်းရင် ကလေးက စိတ်အားငယ်သွားပါ လိမ့်မယ်။ အဲဒီလိုသွားလာနေရင် ရောဂါသည်ဆို တာကို မေ့ပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေ ပါလိမ့်မယ်။

“ရောဂါသည်ကြီးဆိုပြီး စိတ်မဆင်းရဲပါနဲ့။ လူကြားထဲ တိုးပါ၊ သွားပါ၊ မိဘတွေကလည်း ကိုယ့်ကလေးတွေကို လူကြားထဲ မတိုးရဲအောင် မလုပ်ထားပါနဲ့။ မွေးနေ့ဆိုလည်း သွားခိုင်းပါ၊ ရောဂါသည်ပဲ ဆိုပြီး လူတွေကြားထဲ မသွားခိုင်းရင် ကလေးက စိတ်အားငယ်သွားပါလိမ့်မယ်။ အဲဒီလို သွားလာနေရင် ရောဂါသည်ဆိုတာကို မေ့ပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပါလိမ့်မယ်။ လူတွေထဲတိုးမှ ငါလည်း သူတို့လို လုပ်နိုင်တာပဲ၊ သူတို့လောက် မဟုတ်တောင် သူတို့နီးနီး လုပ်နိုင်တာပဲဆိုပြီး စိတ်ဓာတ်ခိုင်မာ လာပါလိမ့်မယ်”ဟု အားပေးစကား ပြောကြားလိုက် ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top