Healthy Life Ad
Life Style

အမျိုးသမီးတို့တွင် အဖြစ်များသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားတွေလည်း ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမို အဖြစ်များပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ချိန်မှာ သက်သာစေမယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ဆော်ဒါမှုန့်
ဆီးလမ်းကြောင်းပိုးဝင်တာကို စနစ်တကျ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဆေးကုသမှု မခံယူဘဲနေရင် ကျောက်ကပ်ပိုးဝင်နိုင်ခြေရှိပြီး ပိုမိုပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးကုသမှုမခံယူခင်အတောအတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်မှု အန္တရာယ်လျော့ကျစေဖို့ ရေတစ်ဖန်ခွက်ထဲကို ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းစာပမာဏထည့်ပြီး သောက်ပေးပါ။ ဆော်ဒါမှုန့်ဟာ ဆီးထဲက အက်စစ်ဓာတ်ကို ချေဖျက်ပေးတာကြောင့် ရောဂါသက်သာနှုန်းကို မြန်ဆန်စေပါတယ်။

(၂) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ ဘက်တီးရီးယားပိုးကိုတား ဆီးပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတစ်ခုအရ ဘလူးဘယ်ရီသီးဖျော်ရည်ဟာ ဆီးလမ်းကြောင်းပိုး ဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်မှုမဖြစ်အောင် နံနက်စာစားချိန်မှာ ဘလူးဘယ်ရီသီး လက်တစ်ဆုပ် စာစားပေးပါ။

(၃) ခရမ်ဘယ်ရီသီးဖျော်ရည်
ခရမ်ဘယ်ရီသီးဖျော်ရည်သောက်တာက ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုများစွာအရ သိရပါတယ်။ ခရမ်ဘယ်ရီဖျော်ရည်ဟာ ဆီးအိတ်ဆီကို ဘက်တီးရီးယား ရောက်ရှိမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပဋိဇီဝပိုးသတ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ တစ်နေ့မှာ ခရမ်ဘယ်ရီသီးဖျော်ရည် ခွက်တစ်ဝက်စာ သောက်တာက ဆီးအိတ်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုရင် တစ်နေ့ ခရမ်ဘယ်ရီသီးဖျော်ရည် နှစ်-လေးဖန်ခွက် သောက်ပေးပါ။ (မှတ်ချက်။ ။ CityMart တွေမှာ Cranberry Juice အနေနဲ့ ရနိုင်ပါတယ်။)

(၄) နာနတ်သီး
နာနတ်သီးမှာ ဘရိုမီလိန်းဆိုတဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။ လေ့လာမှုတစ်ခုအရ ဆီးလမ်း ကြောင်းပိုးဝင်နေသူ တွေဟာ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရင်း နာနတ်သီးစား ပေးတာကြောင့် ကူးစက်ပိုးတွေ အမြန်ကင်းဝေးစေတယ်လို့ သိရပါတယ်။

(၅) ရေ
ဆီးလမ်းကြောင်းပိုးဝင်နေရင် တစ်နေ့ ရေရှစ် ဖန်ခွက်လောက် သောက်ပေးပါ။ အနည်းဆုံး အချိန် ၄-၅နာရီကြာတိုင်း တစ်ကြိမ် ဆီးသွားရပါမယ်။ ဆီးလမ်းကြောင်းကူးစက်ပိုး ဝင်နေရင် ရေများများ သောက် ပေးပါက ဆီးမကြာခဏ သွားပြီး ပိုးတွေ ထွက်သွား နိုင်ပါတယ်။ ဆီးပိုးဝင်တာကြောင့် ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်မှုခံစားနေရရင်လည်း ရေနွေးအိတ်ကပ်ပေးပါ။

(၆) ဗီတာမင်စီ
ဗီတာမင်စီဟာ ဆီးလမ်းကြောင်းပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို တွန်းလှန်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အချိန် နှစ်ရက်ထက်ပိုကြာနေရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့လိုပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်နေသူတွေအတွက် ဆရာဝန်တွေ ဗီတာမင်စီ သောက်ဖို့ ညွှန်လေ့ရှိပါတယ်။ ဗီတာမင်စီဟာ ဆီးအိတ်ကျန်းမာစေပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်မှု ကင်းစေရန်

– ပုံမှန် ဆီးသွားပါ
ဆီးသွားဖို့ လိုတဲ့အခါ ပုံမှန်သွားပါ။ ဘယ်တော့ မှ ဆီးကိုအောင့်မထားပါနဲ့။ ဆီးအောင့်ထားရင် ဘက်တီးရီးယားဝင်ရောက်မှုကို များစေနိုင်ပါတယ်။

– ချည်သားကို ဝတ်ပါ
အမျိုးသမီးတွေအနေနဲ့ အတွင်းခံ ဘောင်းဘီဝတ်တဲ့အခါ ချည်သားအမျိုးအစားကိုဝတ်ဖို့ လိုသလို ဘောင်းဘီကအမြဲတမ်းခြောက်သွေ့သန့်ရှင်းနေဖို့ လိုပါတယ်။

– အရက်မသောက်ပါနှင့်
အယ်လ်ကိုဟောဟာ ဆီးအိတ်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေချိန်မှာ အရက်မသောက်ပါနဲ့။

– ကဖင်းဓာတ်ကို ဖြတ်ပါ
ကဖင်းပါတဲ့ ဆော်ဒါ၊ ကော်ဖီ၊ လက်ဖက်ရည် တွေကို ရှောင်ပါ။ ကဖင်းဓာတ်ဟာ ဆီးအိတ်ကို စပ် ဖျဉ်းဖျဉ်းဖြစ်စေနိုင်တာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ချိန်မှာ ရှောင်သင့်ပါတယ်။

– အကိုက်အခဲပျောက်ဆေး သောက်ပါ
ဆီးလမ်းကြောင်းပိုးဝင်ပြီး နာကျင်မှု ခံစားရချိန်မှာ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်နဲ့ အက်စ်ပရင်တို့လို အကိုက်အခဲပျောက်ဆေးတွေကို သောက်သင့်ပါတယ်။

– ဆီးသွားပြီးတိုင်း သန့်စင်ပါ
ဆီးသွားပြီးတဲ့အခါတိုင်း အရှေ့ကနေ အနောက် ဘက်သို့သန့်ရှင်းတဲ့ တစ်သျှူးစနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top