Healthy Life Ad
International

ကမ္ဘာ့စတုတ္တအချမ်းသာဆုံး သူဌေးကြီးက အလုပ်ချိန် တစ်ပတ် ၃ ရက်သတ်မှတ်ခြင်းက ပြဿနာများစွာကို ဖြေရှင်းပေးမည့် အဖြေဟုဆို

၊ မိုးမင်းထွန်း ၊

မက္ကဆီကိုဘီလျံနာ ကားလို့စ်ဆလင်းက တစ်ပတ် ၃ ရက်အလုပ်ချိန်သတ်မှတ်တာက ကမ္ဘာ့ပြဿနာများစွာရဲ့ အဖြေလို့ဆိုပါတယ်။ အရင်က ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးဖြစ်ဖူးတဲ့ ဆလင်းက အခုနံပါတ်တစ် အချမ်းသာဆုံး ဘီလ်ဂိတ်ထက် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံနီးပါး လျော့နည်းကာ စတုတ္တအချမ်းသာဆုံးနေရာမှာ ရပ်တည်နေပါတယ်။

၂၀၁၄ ခုနှစ်က သူရဲ့မက္ကဆီကိုအခြေစိုက် ဖုန်းကုမ္ပဏီ Telmex မှာ ဒီအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဝန်ထမ်းတွေကို တစ်ပတ် ၃ရက် လစာအပြည့်ပေးကာ အငြိမ်းစားယူတဲ့ အသက်အရွယ်ထက် ကျော်လွန်အလုပ်လုပ်စေဖို့ ကမ်းလှမ်းခဲ့ပြီး ၄၀ ရာခိုင်နှုန်းက လက်ခံခဲ့တယ်လို့သိရပါတယ်။ သမိုင်းအစဉ်အလာအရ နည်းပညာတိုးတက်လာလေ ကုန်ထုတ်လုပ်မှုနှုန်း မြင့်မားလာလေဖြစ်ပြီး လူတွေအလုပ်လုပ်ရနှုန်း နည်းလာလေဖြစ်ကာ လူတွေက ပိုအသက်ရှည်၊ ပိုကျန်းမာလာကြပါတယ်။

“လူ့ယဉ်ကျေးမှုဖြစ်စဉ်က အသိပညာ၊ အတွေ့အကြုံတွေကို ပိုတောင်းဆိုလာကြပြီး ရုပ်ပိုင်းဆိုင်ရာအားထုတ်ရမှု နည်းနည်းသာ လိုအပ်တော့တာပါ။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်း ပိုများလာစေပြီး အားလပ်ချိန်များတာက ခရီးသွား၊ ဖျော်ဖြေရေး၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပညာရေးနယ်ပယ်တွေမှာ ပိုတိုးတက်စေမှာပါ”လို့ ဆလင်းက ဆိုပါတယ်။

“အရင်က တစ်ပတ် ၆ ရက် ၇၂ နာရီအလုပ်ချိန်ကနေ တစ်ပတ် နာရီ ၆၀၊ တစ်ပတ် ၄၈ နာရီကနေ တစ်ဖြည်းဖြည်းနဲ့ တစ်ပတ် ၃၅ နာရီ အလုပ်ချိန် ပြောင်းလဲလာတဲ့ဖြစ်ရပ်အတိုင်း သူရဲ့အစီအစဉ်က အနာဂတ်ရဲ့အလုပ်ချိန်ပါပဲ”လို့ သူဌေးကြီးက ပြောဆိုလိုက်ပါတယ်။ ဆွီဒင်နိုင်ငံရှိ Toyota centres ကုမ္ပဏီက လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက အလုပ်ချိန်လျှော့ချတဲ့အစီအစဉ်ကို ကျင့်သုံးခဲ့ပြီး ဝန်ထမ်းတွေ ပျော်ရွှင်တာ၊ အလုပ်ပြောင်းရွှေ့နှုန်းနည်းပါးတာနဲ့ အမြတ်ငွေ တိုးပွားတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top