Healthy Life Ad
International

နှစ်ပေါင်း ၉၆ နှစ်တိုင် အချစ်မပြယ်သေးသည့် အသက်ရာကျော်စုံတွဲ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ ဂွမ်ရှီမှ အိမ်ထောင် သက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ အခုတိုင် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံမက်မြဲဖြစ်တယ်လို့သိရပါတယ်။
လယ်သမားခင်ပွန်းက ဒီနှစ်မှာ ၁၀၂ နှစ်ပြည့်မှာဖြစ်ပြီး ဇနီးက ၁၀၃ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အသက် ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းရဲ့အိမ်ကို ရောက်ခဲ့တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။ သူ့မိဘတွေ သေဆုံးသွားတာကြောင့် တရုတ်ရိုးရာအစဉ်အလာအရ ချွေးမကိုလက်ထပ်မယ့် ခင်ပွန်းရဲ့ မိသားစုက မွေးစားပြုစုပေးခဲ့တယ်လို့ သိရပါတယ်။


ညနေတစ်ခုမှာညစာစားရင်း သက်ကြီးရွယ်အိုတွေရှေ့မှာ လက်ထပ်ခဲ့ကြတယ်လို့ ဇနီးဖြစ်သူက ပြန်ပြောင်းပြော ပြပါတယ်။ သူခင်ပွန်းရဲ့ မိသားစုက ဆင်းရဲတာကြောင့် မွေ့ရာတောင်မဝယ်နိုင်ခဲ့ဘဲ အေးလွန်းတဲ့ညတွေမှာ တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့အိပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။

ခင်ပွန်းနဲ့ ယောက္ခမတွေက သူ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံခဲ့ကြပြီး အစားအစာ အလုံအလောက်မရှိချိန်မှာ တောင် သူ့ကိုဝလင်အောင် ကျွေးမွေးခဲ့ကြောင်းနဲ့ သူကလည်း မိသားစုဝင်ငွေရအောင် တစ်ဖက်တစ်လမ်းကနေအလုပ်လုပ်ပေးခဲ့ကြောင်း ပြောပြပါတယ်။

သူတို့အသက်ရလာတဲ့အခါမှာ ခင်ပွန်းက လယ်လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး သူက ကလေးတွေကို စောင့်ရှောက်ဖို့ အိမ်မှာနေရကြောင်းပြောပါတယ်။ လက်လုပ်ဖိနပ်ကလေးတွေလုပ်ပြီး အပိုဝင် ငွေရှာဖွေပေးခဲ့ကြောင်း သူက ဆက် ပြောပါတယ်။ သူတို့က အသားနည်းနည်းပဲစားပြီး ရာသီဥတုသာယာတဲ့နေ့တွေမှာ တစ်ယောက်လက် တစ်ယောက် ချိတ်ကာ ရွာကိုပတ် လမ်းလျှောက်လေ့ရှိပါတယ်။ သူတို့စုံတွဲ ရန်ဖြစ်စကားများတာ တစ်ခါမှမမြင်ဖူးကြောင်းနဲ့ အေးချမ်းပျော်ရွှင်နေတာပဲမြင်ရကြောင်း ရွာသားတွေက ပြောပြပါတယ်။ အသက်ရာကျော် အဘိုးအဘွားစုံတွဲမှာ သားငါးယောက်၊ သမီးတစ်ယောက်ရှိကာ ကလေးတွေက သူတို့ဆီ ပုံမှန်လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

(Ref; SCAMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top