Healthy Life Ad
Life Style

အသက်ကြီးချိန် ဖြစ်တတ်သည့် အတွင်းတိမ်ရောဂါ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အတွင်းတိမ်က ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အတွင်းတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျပြောဖို့ မလွယ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ်ရောဂါ(Age Related Cataract) နဲ့ ရောဂါတစ်ခုခုကို အခြေခံပြီးဖြစ်တဲ့ အတွင်းတိမ်ရောဂါ (Secondary Cataract)ဆိုပြီး အုပ်စုနှစ်ခုရှိပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တာမှာ အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်ရောဂါ (Serile Cataract) နဲ့ မွေးရာပါအတွင်းတိမ် (Congenital Cataract)) ဆိုပြီး နှစ်မျိုးရှိတယ်။

Secondary Catara အကြောင်း ပြောပြရမယ်ဆိုရင် မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးကနောက်သွားရာက အတွင်းတိမ်ဖြစ်တာ။ အဲဒီမှန်ဘီလူးက သန္ဓေသားဘဝမှာ Ectodermဆိုတဲ့အရာ (Structure) တစ်ခုထွက်လာပြီး အတွင်း Ectoderm က အရေပြားကလည်း ဖြစ်လာတယ်၊ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးကလည်း ဖြစ်လာတယ်။ အသက်ကြီးလို့ ပါးရေတွန့်သလိုပဲ အတွင်းတိမ်ဖြစ်လာတာက သဘာဝဖြစ်စဉ်တစ်ရပ်ပါပဲ။

ဒါ့အပြင် အရေပြားနဲ့ ဆက်စပ်နေတဲ့ အရေပြားရောဂါတွေဖြစ်တဲ့ Atopic Dermatitis နဲ့နှင်းခူ (Eczer­ma) တို့ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ ကြွက်သားကြုံလှီတဲ့ရောဂါ (Muscular Dystrophy ) ဖြစ်တဲ့ ကလေးငယ်တွေမှာလည်း အတွင်းတိမ်ဖြစ်တာ ပိုများတယ်။ အရိုးမှာဆိုရင်လည်း အရိုးရောဂါတစ်မျိုးဖြစ်တဲ့ Osteogenesis Imper-fecta ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်တယ်။ Endocrine မှာဆိုရင် ဆီးချိုသွေးချိုရောဂါနဲ့ သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းနည်းတဲ့ (Hypothyroidi­sm )ရောဂါသည်တွေမှာလည်း အတွင်းတိမ်ဖြစ်တာ များပါတယ်။

Trauma လို့ခေါ်တဲ့ မျက်စိမှာ ထိခိုက်ဒဏ်ရာရတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ မျက်စိကို ထိခိုက်ဒဏ်ရာရတာမှာ မျက်စိကို လက်နဲ့ ထိုးမိတာ၊ တုတ်နဲ့ထိုးမိတာစတဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် အတွင်းတိမ်ဖြစ်တတ်သလို ဓာတ်ရောင်ခြည်သင့်ခြင်း (Radiation) ကြောင့်လည်း အတွင်းတိမ် ဖြစ်တတ်တယ်။ ပြီးတော့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV Light ) နဲ့ ထိတွေ့မှုများတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။

Intraoccular Inflammation ဆိုတဲ့ မျက်လုံးရောင်ရမ်းခြင်းကြောင့်လည်း omplicated Cataract ဆိုတဲ့ အတွင်းတိမ်ဖြစ်လာပါတယ်။

မေး။ ။ အတွင်းတိမ်မဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆရာ။
ဖြေ။ ။ အတွင်းတိမ်မဖြစ်အောင် ကာကွယ်မယ်ဆိုရင် အသက်အရွယ်ကြီးတာကြောင့်ဖြစ်တဲ့ အတွင်းတိမ်ကိုတော့ ကာကွယ်လို့မရပါဘူး။ ရောဂါအခံတစ်ခုခုကို အခြေခံပြီးဖြစ်တဲ့ Secondary Cataractကိုတော့ ကာကွယ်လို့ ရပါတယ်။

မေး။ ။ အသက်ကြီးလာရင် လူတိုင်းအတွင်းတိမ် ဖြစ်တတ်ပါသလား ဆရာ။ ဘယ်အသက်အရွယ်မှာ ဖြစ်လေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ အသက်ကြီးလာရင် လူတိုင်းရာနှုန်းပြည့်လိုလို အတွင်းတိမ်ဖြစ်တတ်ပါတယ်။ အသက်ကြီးလာရင် ဇရာရဲ့သဘောအရ ပါးရေနားရေတွန့်လာတယ်။ ဆံပင်ဖြူလာတယ်။ လက်သည်း၊ ခြေသည်းတွေက ငယ်ငယ်တုန်းကလောက် မတောက်ပတော့ဘူး။ အဲဒီလိုပဲ အတွင်းတိမ်ကလည်း ဝင်လာတတ်ပါတယ်။ အသက်အရွယ်ကတော့ တချို့က အသက် ၆၀မှာ ဖြစ်ပြီး တချို့က အသက် ၇၀ အရွယ်မှာ ဖြစ်တတ်ပါတယ်။ ဒါကိုတော့ ကာကွယ်လို့မရပါဘူး။

မေး။ ။ အတွင်းတိမ်ဖြစ်တာကို ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အတွင်းတိမ်ဖြစ်တာကို စစချင်း သံသယဝင်ရမှာက မျက်မှန်ပါဝါက တစ်ချိန်လုံးပြောင်းနေရင် (Fre­quent Change of Glass ) အတွင်းတိမ်ဖြစ်နေသလားဆိုတာကို သံသယရှိဖို့လိုတယ်။

နောက်တစ်ခုက မျက်စိမှုန်လာတယ်။ မျက်စိမှုန်လို့ မျက်စိစမ်းပြီး မျက်မှန်တပ်တယ်။ တစ်လ၊ နှစ်လ လောက်ကြာတော့ မျက်စိမှန်ပါဝါက မကိုက်တော့ဘူး။ အဲဒီလိုဖြစ်နေရင် အတွင်းတိမ်ဖြစ်နေသလား ဆိုတာကို သံသယဝင်သင့်တယ်။

တချို့အတွင်းတိမ်တွေကဖြစ်လာရင် အနုတ်ပါဝါဘက် ကူးသွားတယ်။ အဲဒီအခါ အနီးမှုန်လို့ မျက်မှန်တပ်နေတဲ့သူတွေက အနီးပြန်မြင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ အဘိုး၊ အဘွားတွေက “ မျက်စိအရင်က မှုန်နေတာ၊ အခုတော့ အပ်ပေါက်တောင် ပြန်ထိုးနိုင်သွားတယ်ဆရာ” လို့ ပြောလာရင် ဒါကအတွင်းတိမ်ဖြစ်နေလို့ဆိုတာ ဆရာတို့သိပါတယ်။
အသက် ၄၀ ကျော်လို့ အနီးကြည့်မျက်မှန်တပ်ရမယ့် အချိန်မှာ အနီးမျက်မှန် မလိုအပ်ဘဲ မြင်နေတယ်ဆိုရင် အတွင်းတိမ် ဖြစ်နိုင်ခြေများပါတယ်။
နောက်တစ်ခုက အလင်းတန်းတွေက မျက်စိမှန် ဘီလူးပေါ်သက်ရောက်နေရင် ဆုံချက်က အားကောင်းပေမယ့် Spot Opacity ရှိနေရင်တော့ အလင်းတန်းတွေက ဖြာထွက်ပြီး ပုံရိပ်တွေ အများကြီးမြင်ရတယ်။ မျက်လုံးတစ်ဖက်တည်းနဲ့ ကြည့်လိုက်လို့ လူတစ်ယောက်ကို ပုံရိပ်အမျိုးမျိုးမြင်နေရရင် အတွင်းတိမ်ရဲ့လက္ခဏာတစ်ရပ်ပဲ။

မေး။ ။ အတွင်းတိမ်ကို ကုသလို့ရပါသလား ဆရာ။
ဖြေ။ ။ အတွင်းတိမ်က ကုသလို့ရပါတယ်။ အတွင်းတိမ်ကုသတဲ့နည်းက ခွဲစိတ်ကုသနည်းပါ။ ခွဲစိတ်တဲ့နည်းမှာမှ လက်နဲ့ ခွဲစိတ်တဲ့နည်း (Manual) နဲ့ စက်နဲ့ခွဲ စိတ်တဲ့နည်း (Phacoemul­sification) ဆိုပြီး နှစ်မျိုးရှိတယ်။ နုတဲ့ အတွင်းတိမ်ကိုတော့ လက်နဲ့ပဲ ခွဲစိတ်ကုသပါတယ်။ မှန်ဘီလူးကို စားပြီးခွဲစိတ်တဲ့ စက် နဲ့ ကုသနည်းကိုသုံးပြီး အတွင်းတိမ်ကိုကုမလား၊ လက်ကိုသုံးပြီးအတွင်းတိမ်ကို ကုသမလားဆိုတာကို မျက်စိဆရာဝန်ကပဲ ဆုံးဖြတ်ပါတယ်။ အတွင်းတိမ်ကို ကုသတဲ့အခါမှာ ဆေးနဲ့ကုသလို့မရဘူး။ မျက်မှန်တပ်ရုံနဲ့ ကုသလို့မရဘူး။ ခွဲစိတ်ပြီး ကုသမှပဲရပါတယ်။

မေး။ ။ အတွင်းတိမ်ကို ခွဲစိတ်ကုသပြီးရင်ကော အနေအထိုင် ဂရုစိုက်ရတာမျိုး ရှိပါသလား ဆရာ။
ဖြေ။ ။ အတွင်းတိမ်ကို ခွဲစိတ်ကုသပြီးရင် ၄၅ ရက် အထိက စည်းကမ်းချက်နှစ်ချက်ကို လိုက်နာဖို့ လိုပါတယ်။ တစ်ခုက ခွဲထားတဲ့ မျက်စိထဲကို မျက်စဉ်းဆေးက လွဲပြီး ဘာရေ၊ ဘာဖုန်မှ မဝင်ရပါဘူး။ နောက်တစ်ခုက အလုပ်ကြမ်းမလုပ်ရပါဘူး။ ပုံမှန်စာရေး၊ စာဖတ်စတဲ့ Light Duty လုပ်လို့ရပေမယ့် စားပွဲခုံမတာ၊ အလေးအပင်မတာတွေကိုတော့ မလုပ်ရပါဘူး။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top