၊ မိုးမင်းထွန်း ၊
ဗြိတိန်နိုင်ငံမှ အသက်၇၀အရွယ် အမျိုးသမီးတစ်ယောက်ဟာ အီတလီအိမ်မွေးခွေးက သူ့မျက်နှာကို လျှာနဲ့လျက်လိုက်တာကြောင့် သတိလစ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။
သွေးစစ်ဆေးမှုရလဒ်အရ သူဟာ ခွေးနဲ့ ကြောင်တွေရဲ့ ပါးစပ်ထဲမှာတွေ့ရတဲ့ Capnocytophaga canimorsus ဘက်တီးရီးယားကူးစက် ခံရတယ်လို့တွေ့ရပါတယ်။ ဒီကူးစက်မှုက သွေးဆိပ်တက်မှုကို ဖြစ်စေခဲ့တာပါ။ ခန္ဓာကိုယ် ခုခံမှုစနစ်က ရောဂါကူးစက်မှုကို အလွန်အကျွံ တိုက်ခိုက်ရတဲ့အခါ ဒီအခြေအနေမျိုး ဖြစ်ပေါ်လေ့ရှိ တယ်လို့သိရပါတယ်။ သွေးဆိပ်တက်တာက ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါတွေ ပျက်စီးစေကာ ချက်ချင်းကုသမှုမခံယူပါက အသက်သေဆုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။
ဗြိတိန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်အတွင်း C.canimorsus ဘက်တီးရီးယားကနေတဆင့် သွေးဆိပ်တက်တာ ၁၃ ကြိမ်သာ ဖြစ်ဖူးတယ်လို့ သိရပါတယ်။ လူနာ သုံးပုံတစ်ပုံပဲ အသက်ဆုံးရှုံးခဲ့ပြီး ၆၀ ရာခိုင်နှုန်းက ခွေးကိုက်ခံရတာကြောင့်ဖြစ်ပြီး ၂၄ ရာခိုင်နှုန်းက ခြစ်ရာလို ခွေးတွေနဲ့ ထိတွေ့မှုတွေကြောင့် သေဆုံးရတာဖြစ်ပါတယ်။
“ခွေးကိုက်ရာ၊ ခြစ်ရာမရှိဘဲ မျက်နာကိုလျှာနဲ့ လျက်တာကြောင့် ဒီလိုသွေးဆိပ်တက်တာကို ပထမ ဆုံးတွေ့ရတာ”လို့ ဆရာဝန်တွေက ပြောပါတယ်။ အသက်ကြီးသူတွေက အိမ်မွေးတိရစ္ဆာန်တွေကို ပိုမိုမွေးမြူလေ့ရှိပြီး သူတိုရဲ့ကိုယ်ခံအားစနစ်က အားနည်းတာကြောင့် သတိထားသင့်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ လူနာအမျိုးသမီးဟာ အထူးကြပ်မတ်ကုသဆောင်မှာ နှစ်ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး သက်သာလာခဲ့ကာ ဆေးရုံက ဆင်းနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။
(Ref; DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)