Healthy Life Ad
Life Style

အိမ်ထောင်သာယာစေတဲ့ စကားလေးတစ်ခွန်း

စူး ( ဆေးဝါးတက္ကသိုလ် )
ကျွန်မတို့အိမ်ထောင်သက်တမ်းဟာ ဒီနေ့ဆိုရင် ၁၀နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အိမ်ထောင်စကျကတည်းက “သျှောင်နောက် ဆံထိုးပါ”ဆိုသလို ကျွန်မဟာ ယောက္ခမအိမ်ကို လိုက်နေခဲ့ရပါတယ်။ အစပိုင်းမှာ ယောက္ခမက ကျွန်မကို သိပ်မကြည်ပါဘူး။ ကျွန်မကလည်း သူမကြည်တဲ့ကြားထဲက သူဖြစ်စေချင်တာနဲ့ တလွဲတချော်တွေချည်းလုပ်မိနေတာပါ။ ကျွန်မ အမှားလုပ်လေ၊ သူက ဆူလေ၊ ကျွန်မက ပိုမှားလေ၊ သူက ပိုဆူလေ . . ဒါပေမဲ့ ကျွန်မ အပြုံးမပျက်ခဲ့ပါဘူး။

နောက်ဆုံးကျတော့ စေတနာရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားလိုပဲ ကျွန်မ ယောက္ခမတွေက ကျွန်မကို ချစ်ခင်စိတ်ဝင်လာခဲ့ပါတယ်။ အရင်လို အပြစ်ရှာပြီး မဆူပူတော့တဲ့အပြင် သမီးအရင်းလို ချစ်ခင်လာပါတယ်။ တစ်ခါတစ်ခါ သူ့သားကို ကျွန်မ မကျေနပ်ရင်တောင် ကျွန်မဘက်က နားလည်လက်ခံပေးလာပါတယ်။

ဒီနေ့ မနက်မှာတော့ ကျွန်မ အမျိုးသားက ကျွန်မနဲ့ အိမ်ထောင်ကျတာဟာ သူ့ဘဝအတွက် ကံ အကောင်းဆုံး ဆုလာဘ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်းသော သားအတွက် သူ့မိဘတွေကို သည်းညည်းခံခဲ့ပြီး သူ့မိဘတွေနဲ့ အဆင်ပြေပြေနေပေးလို့ပါတဲ့။

တကယ်ဆိုရင် သူဟာ ကျွန်မ အမေကို ကျေးဇူးတင်သင့်တာပါ။ ကျွန်မ အိမ်ထောင်ကျလို့ ယောက္ခမ အိမ်လိုက်နေမယ်ဆိုတော့ ကျွန်မ အမေမှာလိုက်တဲ့ ဆုံးမစကားလေး တစ်ခွန်းကြောင့်သာ အခုထက်ထိ သာယာချောမွေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့တာပါ။

အမေပြောလိုက်တဲ့ စကားလေးကို အခုထက်ထိ ကျွန်မ ကြားယောင်နေတုန်းပါပဲ။
“ ယောက္ခမတွေကို မိဘလို သဘောထား၊ သူတို့က ဘယ်လိုပဲ သဘောထားပါစေ . . တစ်ခုခုစိတ်ခုစရာကြုံတိုင်း ‘ သူတို့မွေးပေးလိုက်လို့သာ ငါကကိုယ်ချစ်တဲ့သူကို ယူခွင့်ရခဲ့တာ ’လို့ သဘော ထား”

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top