Healthy Life Ad
Health Tips

အင်ဂျလီနာဂျိုလီဆီက လေ့လာသင့်သည့် အလှအပသင်ခန်းစာငါးရပ်

၊ ငွေကြယ်စင်ယံ ၊

ကလေးခြောက်ဦးမိခင် အင်ဂျလီနာဂျိုလီဟာ ဘယ်အချိန်မဆို ဆွဲဆောင်မှုရှိတဲ့ အလှတရားနဲ့ အမြဲ ပေါ်လွင်ကြည့်ကောင်းနေပါတယ်။ သူရဲ့မင်းသမီး၊ ဒါရိုက်တာစတဲ့ အနုပညာစွမ်းရည်ကြောင့်သာမကဘဲ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးအတွက်ရပ်တည်မှု စတာတွေအတွက်လည်း လူတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိထားသူပါ။ အမြဲကျော့ရှင်းနေတဲ့သူ့ဆီက မဖြစ်မနေလေ့လာသင့်တဲ့ သင်ခန်းစာ ငါးရပ်ရှိနေပါတယ်။

(၁) ရိုးစင်းမှု၏အစွမ်းကို လျှော့မတွက်သင့်ပါ
တစ်ခါတစ်ရံ အနက်ရောင် ဂါဝန်ဝတ်ထားတဲ့ ဂျိုလီဟာ အနီရောင်တောက်တောက် နှုတ်ခမ်းနီကလွဲလို့ မျက်နှာမှာ ဘာမှပြင်ဆင်မထားဘဲ ကြည့်ကောင်းနေတာ သင်သတိထားမိမှာပါ။ ဒါက ရိုးစင်းကြည်လင်တဲ့အလှတရားကို ပေါ်လွင်စေတာဖြစ်ပြီး ဂျိုလီဟာ အဲဒီရိုးစင်းတဲ့ အလှကမှ စမတ်ကျတာဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသူပါ။

(၂) မျက်ခုံးကို သေချာပြင်ဆင်ပါ
သင့်မျက်ခုံးကို သင်ကောင်းကောင်း ပြင်ဆင်ဖူးပါသလား။ ဂျိုလီက သူ့မျက်ခုံးကို အမြဲကြည့်ကောင်းနေအောင် ပုံသွင်းလေ့ရှိသူပါ။ သဘာဝကျကျ ထူထဲတဲ့ မျက်ခုံးကိုပုံသွင်းပြီး အရောင်တင်ပေးလိုက်ရင် မျက်နှာတစ်ခုလုံး၊ အထူးသဖြင့် လေးထောင့်ကျတဲ့ ဂျိုလီရဲ့ မျက်နှာကျကို သွယ်လျပျော့ပျောင်းသွားစေပါတယ်။

(၃) ကိုယ့်အတွက် အလှဆုံးနည်းကို ရှာဖွေလုပ်ဆောင်ပါ
ဆံပင်နဲ့ မျက်နှာအလှပြင်ဖို့ မိတ်ကပ်တွေအများကြီး သုံးစရာမလိုပါဘူး။ မီးခိုးရောင်မျက်ဝန်း၊ တောက်ပတဲ့ အသားအရေ၊ နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာ . . အဲဒီအလှအပတွေအတွက် ပံ့ပိုးပေးနိုင်မယ့် အလှပြင်ပစ္စည်းတွေသာရှိရင် ဂျိုလီရဲ့ လိင်ဆွဲဆောင်မှုရှိတဲ့အလှကို နူးညံ့တဲ့ မိန်းမသားအသွင် ပြောင်းပေးနိုင်ပါသတဲ့။

(၄) အသားအရေကို ကောင်းကောင်းထိန်းသိမ်းပါ
ပင်ပန်းတဲ့ နေ့ရက်တွေမှာ ဂျိုလီဟာ အလှအပအတွက် သိပ်အရေးမစိုက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက အဲဒီလို နေ့ရက်တွေမှာ မပျက်မကွက်လုပ်လေ့ရှိတာက အသားအရေကို သေချာထိန်းသိမ်းတာပါပဲ။

(၅) မိတ်ကပ်အလှထက် စိတ်အလှက ပိုအရေးပါ
သူ့အကြောင်း ကြားဖူးသူတိုင်း ဂျိုလီရဲ့ စိတ်အလှကို လေးစားတန်ဖိုးထားကြပါတယ်။ လူသားဆန်မှု၊ ချစ်ခင်နွေးထွေးကြင်နာမှုနဲ့ ဖေးမကူညီမှုတွေပါတဲ့ ပရဟိတလုပ်ငန်းတွေအစ မိဘမဲ့ကလေးတွေကို မွေးစားမှုအဆုံး . . သူရဲ့စိတ်အလှကြောင့် သူ့ရုပ်ရည်အလှက ပိုမိုကြည့်ကောင်းနေရတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top