Healthy Life Ad
Life Style

ဘာသာရေး ယုံကြည်ကိုးကွယ်ခြင်းနှင့် စိတ်ကျန်းမာရေး (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဘာသာရေးယုံကြည်ကိုးကွယ်ခြင်းနှင့် စိတ်ရောဂါ

ဘာသာရေးကို ယုံကြည်ကိုးကွယ်တာက စိတ်ရောဂါခံစားနေရသူတွေကို အထောက်အကူပြုနိုင်ပါတယ်။

မိမိယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးသွန်သင် ဆုံးမချက်တွေကို နှစ်နှစ်ကာကာ လိုက်နာကျင့်သုံသူတွေ စိတ်ကျရောဂါ ခံစားလာရရင် ရောဂါရဲ့ဒဏ်ကို ခုခံနိုင်အားရှိနိုင်ပါတယ်။ စိတ်ကျရောဂါမှာ အရေးကြီးတဲ့ လက္ခဏာတစ်ခုက မိမိကိုယ်ကိုယ်အန္တရာယ်ပြုလိုတာဖြစ်ပါတယ်။ ဘာသာရေးအဆုံးအမကို ယုံကြည်လိုက်နာရင် . . .

(က) စိတ်ကျရောဂါ

မိမိယုံကြည်ကိုးကွယ်တဲ့ ဘာသာရေး သွန်သင်ဆုံးမချက်တွေကို နှစ်နှစ်ကာကာ လိုက်နာကျင့်သုံးသူတွေ စိတ်ကျရောဂါခံစားလာရရင် ရောဂါရဲ့ဒဏ်ကို ခုခံနိုင်အားရှိနိုင်ပါတယ်။ စိတ်ကျရောဂါမှာ အရေးကြီးတဲ့ လက္ခဏာတစ်ခုက မိမိကိုယ်ကိုယ် အန္တရာယ်ပြုလိုတာဖြစ်ပါတယ်။ ဘာသာရေးအဆုံးအမကို ယုံကြည်လိုက်နာရင် အဲဒီလိုစိတ်မျိုးကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူပါတယ်။

(ခ) ဘေးအန္တရာယ်ဒဏ်ပိ စိတ်ဖိစီးမှုဝေဒနာ

ဘေးအန္တရာယ်ဒဏ်ပိစိတ်ဖိစီးမှုဝေဒနာ (Post-Traumatic Stress Disorder)ဟာ ဘေးဒုက္ခနဲ့ကြုံတွေ့ရရင် ဖြစ်ပေါ်လာတဲ့ စိတ်ဝေဒနာဖြစ်ပါတယ်။ အပြင်းအထန် ခံစားနေရတဲ့ စိတ်ဖိစီးမှုလက္ခဏာတွေကို တရားသဘောနဲ့ ဆင်ခြင်စဉ်းစားနိုင်ရင် ဝေဒနာကို သက်သာမှုရစေပါတယ်။

(ဂ) စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ (Schizophrenia)

စိတ်ကစဉ့်ကလျားစိတ္တဇရောဂါဟာ နာတာရှည်ရောဂါဖြစ်ပါတယ်။ တွေးတောဆင်ခြင်စဉ်းစားမှု မှားယွင်းတာ၊ အကြောင်းမဲ့ အာရုံတွေခံစားရတာ၊ အမူအရာအပြောအဆို ချို့ယွင်းတာ စတဲ့ ရောဂါလက္ခဏာတွေကို တွေ့ရှိရပါတယ်။ စိတ်ကစဉ့်ကလျား ဖြစ်သွားတဲ့အတွက် ဝေဒနာရှင်ရဲ့ဘဝမှာ အထိန်းအကွပ်လိုအပ်လာပါတယ်။ ဘာသာရေး ယုံကြည်ကိုးကွယ်မှုက ကစဉ့်ကလျားဖြစ်နေတဲ့စိတ်ကို ထိန်းကျောင်းပေးနိုင်ပါတယ်။

(ဃ) စိုးရိမ်ကြောင့်ကြစိတ်လွန်ကဲဝေဒနာ

ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ စိုးရိမ်ကြောင့်ကြစိတ်ကို လျော့နည်းစေတဲ့ သွန်သင်ဆုံးမမှုတွေရှိပါတယ်။ ဝိပဿနာတရားကို နှစ်နှစ်ကာကာ ယုံကြည်ပွားများရင် စိုးရိမ်စိတ်ကို အနိုင်ယူနိုင်ပါတယ်။ ကမ္မဋ္ဌာန်းထိုင်ရင် စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရပါတယ်။

(င) အရက်စွဲ ဆေးစွဲရောဂါ

ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းနိုင်ရင် အရက်သောက်ခြင်း၊ ဆေးစွဲခြင်းဝေဒနာကို ခံစားရမှာမဟုတ်ပါဘူး။ အရက်သောက်တာကို ဘာသာရေးနဲ့ ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတွေမှာ တစ်ဦးချင်းအရက်သောက်တဲ့ အချိန်အတွယ်ပမာဏ အလွန်နည်းပါတယ်။ အရက်စွဲရောဂါရှိသူလည်း အလွန်ရှားပါတယ်။ အရက်စွဲ ဆေးစွဲရောဂါကို ကုသတဲ့အခါမှာ ဘာသာရေးအယူအဆကို ကုသမှုအစီအစဉ်ထဲမှာ ထည့်သွင်းဖော်ပြပေးရင် အောင်မြင်မှုရှိကြောင်း သိရပါတယ်။

ဘာသာရေး အယူသည်းခြင်းနှင့် အစွန်းရောက်ခြင်း

ဘာသာရေး အယူသည်းတာနဲ့ ဘာသာရေး အစွန်းရောက်တဲ့ ကျင့်စဉ်တွေကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဥပမာတချို့ကို ပြောပြပါမယ်။ ဆိတ်ငြိမ်လွန်းတဲ့နေရာမှာ တစ်ဦးတည်း ရက်ရှည်လများ အလွန်အမင်း ကမ္မဋ္ဌာန်းထိုင်ရင် စိတ်ကယောင်ကတမ်း ဖြစ်လာနိုင်ပါတယ်။ အာရုံခံစားမှုအားလုံးကို ဖြတ်တောက်ခြင်းခံရတဲ့ အခြေအနေ (Sensory Deprivation)ကြောင့် ဖြစ်ပါတယ်။

တချို့စိတ်ကျန်းမာရေးဝေဒနာရှင်တွေဟာ မိမိတို့ခံစားနေရတဲ့ ရောဂါလက္ခဏာကို အမြင်တစ်မျိုးနဲ့ နားလည်လက်ခံနေတတ်ပါတယ်။ ဥပမာ- နားထဲမှာ အသံတွေကြားနေတာဟာ ရောဂါလက္ခဏာမဟုတ်ဘူး၊ မကောင်းဆိုးဝါးကပ်လို့ ဖြစ်တာလို့ ယုံကြည်တာ၊ စိတ်ကျရောဂါခံစားနေရရင် စိတ်ရောဂါလို့ မယူဆဘဲ ဝဋ်နာကံနာလို့ သဘောထားတာတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးကုသမှုခံယူဖို့ ငြင်းဆိုတတ်ပါတယ်။ အယူသည်းတဲ့ ခရစ်ယာန်ဂိုဏ်းတစ်မျိုးရှိပါတယ်။ အဲ့ဒီ ဘာသာရေးဂိုဏ်းရဲ့ အဆုံးအမကို လက်ခံသူတွေဟာ ဆေးထိုးကုသတာ၊ သွေးဖောက်စစ်ဆေးတာတို့ကို လက်မခံလိုကြပါဘူး။

ဘာသာရေး ယုံကြည်ကိုးကွယ်ခြင်းနှင့် စိတ်ကျန်းမာရေးဝန်ထမ်း

စိတ်ကျန်းမာရေးဝန်ထမ်းတွေဟာ ဘာသာရေးအမျိုးမျိုးကို ကိုးကွယ်တဲ့ ဝေဒနာရှင်တွေနဲ့ ထိတွေ့ ဆက်ဆံကုသပေးရမှာ ဖြစ်ပါတယ်။ ဘာသာရေးကို အလွန်အမင်း ယုံကြည်လိုက်စားသူတွေ၊ ဘာသာရေးကို ယုံကြည်လိုက်နာမှု မရှိသူတွေ၊ ဝိဉာဉ်လောကကို ယုံကြည်ကိုးကွယ်သူတွေ စသဖြင့် ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာ စိတ်ကျန်းမာရေးဝန်ထမ်းတွေ ထားရှိရမယ့် သဘောထားတွေကို စိတ်ကျန်းမာရေး အဖွဲ့အစည်းတွေက လမ်းညွှန်ထားတဲ့ ထုတ်ပြန်ချက်တွေရှိပါတယ်။

“ဗြိတိသျှနိုင်ငံ စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ တော်ဝင်ကောလိပ်” (The Royal College of Psychiatrists,UK)ရဲ့ ညွှန်ကြားချက်တွေကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်။

– လူနာတွေကို စမ်းသပ်စစ်ဆေး၊ ရောဂါဖော်ထုတ်၊ ကုသပြုစု၊ ပံ့ပိုးပျိုးထောင်တဲ့အခါ လူနာရဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုကို ထည့်သွင်းစဉ်းစားရပါမယ်။

– လူနာရဲ့ ဘာသာရေး ယုံကြည်ကိုးကွယ်မှုကို လေးစားရပါမယ်၊ တန်ဖိုးထားရပါမယ်၊ ဆန့်ကျင်ပြောဆိုတာ၊ ပြက်ရယ်ပြုတာ မလုပ်ရပါဘူး။

– လူနာပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိနေတဲ့ ဘာသာရေးအခမ်းအနားတွေကို အခြေအနေပေးသလောက် တက်ရောက်ခွင့်ပြုရမယ်။ မလိုအပ်ဘဲ တားမြစ်ပိတ်ပင်မှု မပြုရပါဘူး။

– စိတ်ကျန်းမာရေးဝန်ထမ်းဟာ မိမိယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအယူအဆကို (ကိုးကွယ်တဲ့ ဘာသာမတူတဲ့) လူနာလိုက်နာကျင့်သုံးအောင် ပညာပေးတာ၊ ဆွေးနွေးတာ၊ တိုက်တွန်းတာ၊ မဲဆွယ်တာမပြုရပါဘူး။

Most Popular

Healthy Life Ad
To Top