Healthy Life Ad
Health Tips

ကင်ဆာကာကွယ်ရေးအတွက် နေ့စဉ် လုပ်ဆောင်နိုင်သည့် အလွယ်နည်းလမ်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဟောလိဝုဒ်အနုပညာရှင်တွေရဲ့ အတိုင်ပင်ခံဆရာဝန် Dr.OZ က လူတိုင်းလူတိုင်း ကင်ဆာအန္တရာယ်ကင်းဝေးဖို့ လွယ်ကူရိုးစင်းတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို အခုလို မျှဝေထားပါတယ်။


(၁) အက်စပရင်၏ ကောင်းကျိုးကို ရယူပါ
တစ်နေ့မှာ အက်စ်ပရင် တစ်ခြမ်း (လူကြီးသုံး အက်စ်ပရင်တစ်ပြားရဲ့တစ်ခြမ်း ဒါမှမဟုတ် ကလေး အက်စ်ပရင်နှစ်ပြား) မှီဝဲပေးရင် အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်နှုန်းတို့ကို ၄၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ တခြား ကင်ဆာအတော်များများကိုလည်း လျော့ကျစေပါတယ်။ ဒါပေမဲ့ အက်စ်ပရင်မှာ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးပါ။


(၂) ကောင်းမွန်သော ဆီသုံးပါ
သံလွင်ဆီကို စမ်းသပ်ခဲ့တဲ့အခါ မပြည့်ဝဆီဖြစ်တဲ့အတွက် ကင်ဆာရောဂါကိုဟန့်တားတဲ့ အစွမ်းတွေရှိတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သံလွင်ဆီက နှလုံးကို ကူညီပေးရုံသာမက ကင်ဆာကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် သံလွင်ဆီ အဓိကသုံးတဲ့ တောင်ပိုင်း ဥရောပသားတွေက မြောက်ပိုင်း ဥရောပသားတွေထက် နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။


(၃) ဖောလိတ်ရယူပါ
ဖောလိတ်ဓာတ်ချို့တဲ့မှုက ကင်ဆာနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဖောလိတ်ပါတဲ့ အစာတွေစားတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းကို ၂၀-၅၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဟင်းနုနယ်ရွက်၊ ခရမ်းချဉ်သီးနဲ့ လိမ္မော်ရည်တို့လို အစားအသောက်တွေမှာ ဖောလိတ်ပါဝင်ပါတယ်။


(၄) ဆီလီနီယမ် ပါဝင်မှုများသော အစာ စားပါ
ကြက်သွန်ဖြူ၊ ငါးနဲ့ တခြားအစာတွေမှာ ပါဝင်တဲ့ ဆီလီနီယမ်ဓာတ်ကလည်း ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။


(၅) ကားထဲမှာအရေပြားကို ကာကွယ်ပါ
ကားမောင်းတဲ့ သူတွေမှာ နေထိတဲ့ မျက်နှာဘက်အခြမ်းက အရေပြားကင်ဆာ ဖြစ်နှုန်း မြင့်မားကြပါတယ်။ ကားပြတင်းပေါက်မှန်တွေက ခရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်တဲ့အတွက် ကားမောင်းတဲ့သူတွေကလည်း နေကာခရင်မ်ကို လိမ်းဖို့ လိုအပ်ပါတယ်။


(၆) ခရမ်းချဉ်သီးဟင်း စားပါ
ခရမ်းချဉ်သီးဟင်းအနှစ်ကို တစ်ပတ် ၁၀ ဇွန်းနဲ့အထက်စားတာကြောင့် ကင်ဆာတချို့ ဖြစ်နှုန်းလျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်မှာ အင်တီအောက်ဆီးဒင့်အစွမ်းရှိပါတယ်။ ခရမ်းချဉ်သီးချက်လိုက်တဲ့အခါ လိုင်ကိုပင်းဓာတ် ပိုအထွက် များလာပါတော့တယ်။ ခရမ်းချဉ်သီးဟင်းကို ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေနဲ့ တွဲစားတဲ့အတွက် ကင်ဆာကို ပိုမိုကာကွယ်နိုင်စွမ်း ရှိသွားပါတယ်။


(၇) ဗီတာမင်ဒီ အားဖြည့်ပါ
ဗီတာမင်ဒီက ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဗီတာမင်ဒီက နေရောင်ခြည်မှ အဓိကရရှိတဲ့အတွက် နံနက်ခင်း နေခြည်နုနုခံယူပါ။ အိမ်ထဲမှာနေရင် အသက် ၆၀အောက် အရွယ်တွေက ဗီတာမင်ဒီ တစ်နေ့ ၈၀ဝ အိုင်ယူ၊ အသက် ၆၀ အ ထက်အရွယ်တွေက တစ်နေ့ ၁၀ဝ၀ အိုင်ယူ မှီဝဲပေးသင့်ပါတယ်။

(၈) အသည်းကို ကာကွယ်ပါ
အသည်းဟာ အဓိက အဆိပ်အတောက် စွန့်ထုတ်တဲ့ အင်္ဂါဖြစ်တဲ့အတွက် အကောင်းဆုံး အခြေအနေမှာ ထိန်းထားသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပင်လယ်ရေညှိနဲ့ အစိမ်းရင့်ရောင်အရွက်တွေက အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အဆိပ်အတောက်ပြေစေတဲ့ အင်ဇိုင်းတွေကို အားဖြည့်ပေးတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အဆုတ် ကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

 

 

Most Popular

Healthy Life Ad
To Top