Healthy Life Ad
Life Style

ကမ္ဘာ့ကျော်ကြားသည့် ကင်ဆာအထူးကု ဆရာဝန်တို့ပြောကြားသည့် ကင်ဆာရှောင်လွှဲနိုင်မည့် နည်းလမ်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာတစ်ဝန်းမှ ကင်ဆာကျွမ်းကျင်သူတွေက ကင်ဆာကာကွယ်နိုင်ဖို့ ရိုးစင်းတဲ့ နည်းလမ်းတွေကို လိုက်နာ သင့်ကြောင်း ပြောကြားထားပါတယ်။

ကယ်လီဖိုးနီးယား ကင်ဆာစင်တာမှ ကျန်းမာရေး ဒါရိုက်တာ ဟိုမေရွန်းဆာနာတီ၏ အကြံပြုချက်

– သကြားနဲ့ အဆင်သင့်အစာ အလွန်အမင်း မစားသင့် . . .
“သကြားအလွန်အမင်းစားတာနဲ့ အဆင်သင့်အစာကို အလွန်အမင်းစားတာကြောင့် အသည်းမှာ အဆီစုပုံစေနိုင်ပြီး အသည်းထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အသည်းကင်ဆာဖြစ်နှုန်းကို မြင့်တက်စေ နိုင်ပါတယ်။ အယ်လ်ကိုဟောကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါက အသည်းကင်ဆာဖြစ်စေနိုင်တဲ့အချက်လို့ ခန့်မှန်းထားကြပါတယ်”

အမေရိကန်ကင်ဆာစင်တာမှ သုတေသန တွဲဖက်ဒါရိုက်တာ အေမီလိ၏ အကြံပြုချက်

– စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ . . .
“ကိုယ်ခံအားစနစ်က အကောင်းဆုံးအခြေအနေမှာ ရှိနေမှ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်မှာပါ။ စိတ်တည်ငြိမ်အေးချမ်းတဲ့ ဘဝနေထိုင်မှုပုံစံရှိတာက ကိုယ်ခံအားစနစ်ကို ပိုသန်မာအားကောင်းစေပါတယ်။ စိတ်ဖိစီးမှုနည်းပြီး တည်ငြိမ်အေးချမ်းတဲ့ ဘဝရှိရင် ကိုယ်ခံအားစနစ်ဟာ အနာကျက်နိုင်စွမ်း ကောင်းမွန်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်တွင်းစနစ်တွေ ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ် လျော့ကျကာ ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်စွမ်း နည်းသွားတတ်ပါတယ်”

အော်စတင်ကင်ဆာစင်တာမှ ဓာတ်ရောင်ခြည် အထူးကုဆရာဝန်ကြီး မက်သရူး၏ အကြံပြုချက်

– မြေထဲပင်လယ်ဒေသအစာ စားပါ . . .
“သံလွင်ဆီပါဝင်တဲ့ မြေထဲပင်လယ်ဒေသအစာ စားတာကြောင့် ကင်ဆာကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ နနွင်းနဲ့ ကြက်သွန်ဖြူတို့ပါဝင်တဲ့ အပင်ထွက် အစာတွေကို များများစားပြီး သကြားဖြူ၊ တိရစ္ဆာန်ထွက် ပြည့်ဝဆီ၊ အဆိပ်သင့်ဓာတုပစ္စည်းတွေနဲ့ ပိုးသတ်ဆေးဖျန်းထားတဲ့ အစာတွေကို တတ်နိုင်သမျှရှောင်ပါ”

အရေပြားကင်ဆာအထူးကုဆရာဝန် ဂျက်စတင်၏ အကြံပြုချက်

– ပုံမှန် စစ်ဆေးမှု ခံယူပါ . . .
“ကင်ဆာအများစုကို စောစောတွေ့ရှိတဲ့အခါ ပျောက်ကင်းအောင် ကုသနိုင်သလို ပိုကောင်းမွန်တဲ့ အောင်မြင်မှုရလဒ်ကို ရရှိစေပါတယ်။ ဒါ့အပြင် အိမ်မှာ မိမိဘာသာ ပုံမှန်စစ်ဆေးမှုတွေ လုပ်ပေးပါ။ အိမ်မှာ ကိုယ့်ခန္ဓာကိုယ်ကို စစ်ဆေးရင်း မသင်္ကာဖွယ်ရာတွေ့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူပါ”

တက်ဆက်ကင်ဆာစင်တာမှ ပါမောက္ခအဲရစ်၏ အကြံပြုချက်

– ကာကွယ်ဆေး ထိုးပါ . . .
“တချို့ဗိုင်းရပ်စ်ပိုးတွေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ လူအများစုက သတိမမူမိခဲ့ကြပါဘူး။ လိင်အင်္ဂါကြွက်နို့ပိုး (သားအိမ်ခေါင်းကင်ဆာ ၇၀ ရာခိုင်နှုန်းဖြစ်စေနိုင်) ကာကွယ်ဆေး (HPV Vaccine) ထိုးထားသင့်ပါတယ်။ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်”

အိုဟိုင်းအိုးပြည်နယ်ကင်ဆာစင်တာမှ ကင်ဆာကာကွယ်ရေးသုတေသီ ပီတာ၏ အကြံပြုချက်

– ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းပါ . . .
“အဝလွန်တာနဲ့ ကိုယ်အလေးချိန်များတာက ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်အလေးချိန်ကို ကောင်းကောင်းထိန်းနိုင်အောင် လေ့ကျင့်ခန်းလုပ်ပါ၊ အိပ်ရေးဝ၀ အိပ်ပါ၊ ကင်ဆာ ဖြစ်နိုင်ခြေနည်းတဲ့ အစာတွေကိုရွေးချယ်စားပါ၊ မိသားစုနဲ့အလုပ်ကို ဟန်ချက်ညီမျှအောင် အလုပ်လုပ်ပါ”

အမေရိကန်ကင်ဆာစင်တာမှ သုတေသန တွဲဖက်ဒါရိုက်တာ အေမီလိ၏ အကြံပြုချက်

– သစ်ပင်စိုက်ပျိုးပါ . . .
“သဘာဝနဲ့ ဆက်သွယ်တာက တည်ငြိမ်အေးချမ်းတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို တည်ဆောက်နိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကာ ကင်ဆာဆဲလ်တွေကို ကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။ ဥယျာဉ်စိုက်ပျိုးတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့အပြင် ဥယျာဉ်ကနေ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စားရတဲ့အတွက် အင်တီအောက်ဆီးဒင့် ရရှိစေပါတယ်”

ဝှိုက်ပလိန်းဆေးရုံ ကင်ဆာစင်တာမှ ဓာတ်ရောင်ခြည်အထူးကု ဂျက်ဖရီ၏ အကြံပြုချက်

– ဆေးလိပ်ကို လူမှုရေးအရတောင် မသောက်ပါနဲ့ . . .
“ဆေးရွက်ကြီးထုတ်ကုန်တွေက အဆုတ်၊ ဦးခေါင်း၊ လည်ပင်း၊ အစာရေမျိုပြွန်၊ ပန်ကရိယ၊ ကျောက်ကပ်၊ ဆီးအိတ်၊ အူမကြီးနဲ့ အစာဟောင်း အိမ်ကင်ဆာတွေအပါအဝင် ကင်ဆာအမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။ ဆေးရွက်ကြီးထုတ်ကုန်တွေဟာ ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိပါတယ်။ ဒီအထဲမှာ ဆေးရွက်ကြီးနဲ့ အဓိက ဆက်စပ်နေတဲ့ ကင်ဆာက အဆုတ်ကင်ဆာပါ။ ဒါကြောင့် ဆေးရွက်ကြီးနဲ့ ဆေးလိပ်ကို ရှောင်သင့်ပါတယ်”

ဦးနှောက်ကင်ဆာစင်တာမှ ဒေးဗစ်၏ အကြံပြုချက်

– ဦးနှောက်ကို တက်ကြွစေပါတယ် . . .
“ဦးနှောက်ကို အမြဲအသုံးချတာက ဘယ်အသက်အရွယ်မဆို လန်းဆန်းတက်ကြွနေစေပါတယ်။ သွားတိုက်တာကို မသန်တဲ့လက်နဲ့ တိုက်တာမျိုး၊ မသန်တဲ့လက်နဲ့ စာရေးတာမျိုးစတဲ့ သေးငယ်တဲ့လုပ် ဆောင်မှုတွေက ဦးနှောက်ထဲက နျူရွန်တွေကြား ဆက်သွယ်မှုအဆင့်ကို တိုးမြင့်စေပါတယ်။ နေ့စဉ် လေ့လာမှုအသစ်တွေ ရှာမှီးတာကြောင့် ဦးနှောက် ကျန်းမာစေပါတယ်။

ဆန်ဒေးဂိုးပြည်နယ်မှ အရေပြားကင်ဆာ အထူးကု ဟူးဘာ့တ်၏ အကြံပြုချက်

– နေကာခရင်မ်လိမ်းပါ . . .
“နေကာခရင်မ်က အရေပြားကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် မကျရောက်အောင် ပထမဆုံး ကာကွယ်ပေးတဲ့ အရာပါ။ အပြင်ထွက်တိုင်း နေကာခရင်မ်လိမ်းပါ၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တပ်ပါ၊ အပူဆုံးအချိန်တွေမှာ အပြင်မထွက်ပါနဲ့”

ကယ်လီဖိုးနီယားကင်ဆာလေ့လာမှုဓာတ်ခွဲခန်းမှ အရေပြားအထူးကု ဒယ်လ်ဖီဂျေ၏ အကြံပြုချက်

– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ . . .
“ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သူတွေက အသက်ရှည်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ စိတ်ကျရောဂါနဲ့ ကင်ဆာရောဂါတချို့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အဝလွန်တာနဲ့ အထိုင်များတဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံရှိတာကြောင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာအပါအဝင် ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိပါတယ်”

ဦးနှောက်ကင်ဆာစင်တာမှ ဒေးဗစ်၏ အကြံပြုချက်

– ပျော်ရွှင်တဲ့အရာကို လုပ်ပါ . . .
“ဘဝမှာ ကျန်းမာဖို့အပြင် ပျော်ရွှင်မှုရဲ့ အရေးပါပုံကိုလည်း ထည့်တွက်သင့်ပါတယ်။ ပျော်ရွှင်မှုရှိသူတွေက ကင်ဆာဖြစ်နှုန်း လျော့ကျတဲ့အပြင် ဘဝမှာ ကျေနပ်နေတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျပြီး ပျော်ရွှင်စေတဲ့ အရာတွေလုပ်တာက ကောင်းကောင်းစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေလိုပဲ အရေးပါပါတယ်”

Most Popular

Healthy Life Ad
To Top